Friday, January 22, 2016

News Watch သတင်းဂျာနယ်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဓမ္မကထိက အတုအယောင်များ အရှုပ်တော်ပုံ
---- ------ ------ ----
မနေ့ညက စာမဖတ်ဖြစ်ခဲ့တာ အတော်ကြာပြီဖြစ်လို့ စာကြွေးတွေကို အတိုးချပြီးဆပ်ဖို့အတွက် ၁၁ နာရီခွဲအထိ စာဖတ်ဖြစ်ခဲ့ပါတယ်။ စာဖတ်ပြီး မအိပ်ချင်သေးတာနဲ့ ဖုန်းဖွင့်ကာ ဖေ့စ်ဘုတ်ပေါ်က သတင်းအချို့ကို လှန်လှော ကြည့်နေတုန်း အီးမေးလ်တစောင်ရောက်လာခဲ့ပါတယ်။စစ်ကြည့်လိုက်တော့ အမေရိကားမှာနေထိုင်တဲ့ မြန်မာ ပြည်ဖွား မိမိနှင့်အတန်အသင့်ရင်းနှီးတဲ့ မိတ်ဆွေဒကာတယောက်ဆီက ဖြစ်နေပါတယ်။ ဘာရေးထားသလဲဆို တော့ အရှင်ဘုရား တပည့်တော်ပို့လိုက်တဲ့ ၀က်ဘ်ဆိုက်လင့်ခ်ကိုဖွင့်ပြီး အဲဒီမှာရှိတဲ့ ဗီဒီယိုကို ကြည့်ဖြစ်အောင် ကြည့်ပေးပါဘုရား။ ပြီးရင် ကျမ်းဂန်နှင့်အညီ ဖြစ်သင့်၊ မဖြစ်သင့် ဝေဖန်ဆုံးဖြတ်ပေးပါလို့ ပြောထားပါတယ်။ ဒါနဲ့ မိမိလည်း မဆိုင်းမတွဘဲ ဒကာပြောတဲ့ ၀က်ဘ်ဆိုက်ကိုဖွင့်ကာ ဗီဒီယိုကိုလိုင်းမကောင်းတဲ့ ကြားကနေ ကြည့် ဖြစ်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ ဘာပါသလဲဆိုတော့ နာမည်ကြီးတရား ဟောဓမ္မကထိကတပါးရဲ့ တရားပွဲမှာ နာမည် ကြီးအဆိုတော် မာတုဂါမတယောက်က သီချင်းဆိုရင်းဖျော်ဖြေနေတဲ့ ရုပ်သံတွေ မှတ်တမ်းတွေပဲ ဖြစ်ပါတယ်။

ထိုဓမ္မကထိကကြီးကား တရားဟော ပလ္လင်ပေါ် မိန့်မိန့်ကြီးထိုင်လျက် အဆိုတော်မာတုဂါမလေးကို ဘုန်းကြီးပါ အားပေးမယ် ကိုယ့်ဘာသာဆိုစရာရှိတာကို ရဲရဲဝံ့ဝံ့ဆိုဟု ပြောကြားနေတာကိုလည်း ကြည့်ရှုနားထောင်ခဲ့ရပါ တယ်။ ဗီဒီယို၏အောက်ခြေနား မှတ်ချက်ပေးတဲ့နေရာမှာကား ပြစ်တင်ဝေဖန်ရှုတ်ချသည့် ကွန်မန့်(သို့မဟုတ်) မှတ်ချက်စကားများ ပလူပျံအောင် တွေ့မြင်ခဲ့ရပါတယ်။ မိမိကတော့ ဘာမှ မှတ်ချက်မပေးဖြစ်ခဲ့ပါဘူး။ သို့သော် ထိုဗီဒီယိုကိုပဲတညလုံး မျက်လုံးထဲမြင်ယောင်ရင်း တခြားသော ဓမ္မကထိကတွေကိုယ်စား ရှက်ရွံ့အားငယ်မိခဲ့ ပါတယ်။ အဆိုပါပုံရိပ်တွေဟာ မြတ်စွာဘုရားရှင်ရဲ့သာသနာတော်မြတ်ကြီး တဖြည်းဖြည်းဆုတ်ယုတ်လာဖို့ လမ်းကြောင်းဖြစ်တဲ့ အပြုအမူအနေအထိုင်တွေကို နေ့စဉ်နှင့်အမျှ မိမိတို့သာသနာအတွင်းက အချို့အချို့သော ပုဂ္ဂိုလ်တွေက သတိလက်လွတ်ကျင့်သုံးနေထိုင် ပြုမူနေကြတယ်ဆိုတာကို မီးမောင်းထိုးပြနေတဲ့ ငြင်းလို့မရတဲ့ သက်သေ၊ သာဓကများပဲ ဖြစ်ပါတယ်။ 

အချို့သော ဓမ္မကထိကများနှင့်ပတ်သက်လို့ အရှုပ်တော်ပုံများကို လွန်ခဲ့သော ငါးနှစ်ခန့်ကတည်းက မိမိ၏ လူရင်းဒကာကြီးတယောက် ပြောပြလို့သိခဲ့ဖူးပါတယ်။ ထိုဒကာကြီးကား အသံချဲ့စက်၊ စတူဒီယိုပိုင်ရှင်ဖြစ်လို့ သူ့ထံကိုအချို့သော ဓမ္မကထိကပေါက်စတွေရဲ့ လူယုံတွေ၊ နောက်လိုက်ဒကာတွေ အရောက်အပေါက်အတော် များပါတယ်။ ဒကာကြီးရဲ့ပြောပြချက်အရဆိုရင် အချို့ဓမ္မကထိကတွေက နာမည်ကြီးချင်လို့ တရားပွဲ မတည် အလှူငွေကို သူတို့ကိုယ်ပိုင်ငွေထဲက စိုက်ထုတ်ပြီး တခြားအလှူရှင်တွေကပဲ လှူဒါန်းသယောင်ယောင် အတု အယောင်ပြုလုပ်ကာတရားလာနာသူ ဒကာ၊ ဒကာမအပေါင်းကို လှည့်စားတဲ့သူ၊ တရားပွဲဖြစ်မြောက်ရေးစီစဉ် ပေးတဲ့ ပွဲစားဒကာတွေနဲ့ပူးပေါင်းပြီး နယ်လှည့်ဓမ္မကထိကအမည်နာမကိုခံယူထားတဲ့သူ အဲဒီလိုတွေထိရှိသည် ဟု သိခဲ့ရပါတယ်။ တရားပွဲတပွဲပြီးလို့ အကျန်ဘယ်၍ ဘယ်လောက်ဆိုပြီး စီစဉ်ပေးတဲ့ ပွဲစားဒကာတွေကိုခွဲပေး ချိန်မှာ အဝေမတည့်လို့ ပြဿနာတက်ကာ အရှက်ကွဲကုန်တဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။ 

ဒါ့အပြင် အဲဒီလိုလုပ်ကြံကာ ဟောကြားထားတဲ့ တရားပွဲတွေကို ဗီဒီယိုရိုက်ပြီး အခွေထုတ်ကာ နိဗ္ဗာန်ရောက် ကြောင်း တရားကောင်းဆိုပြီး ခေါင်းစဉ်တပ်မျက်နှာဖုံးကာဗာလေး လှလှပပစီစဉ်ပြီးတရားပွဲမှာ ထိုအခွေတွေ ကို ရောင်းစားကြပါသေးတယ်။ အချို့ပိုက်ဆံချမ်းသာတဲ့ ဓမ္မကထိကတွေကတော့ နာမည်ကြီးရင် ပြီးရောဆိုပြီး သူတို့ပြောချင်ရာပြော၊ ဟောချင်ရာဟောထားတဲ့အခွေတွေကို အခမဲ့ပေးဝေပြီး တရားနာပရိသတ်ကိုဆွဲဆောင် ကြပါတယ်။ ယနေ့ခေတ်လို စကားပြောမှ တရားဟောတယ်ထင်မှတ်နေတဲ့ ခေတ်ကြီးမှာ ဒီလိုမျိုးနည်းလမ်းတွေ နဲ့ ဒကာ၊ ဒကာမတွေကို လှည့်စားဖို့ဆိုတာ အင်မတန်မှလွယ်ကူပါတယ်။ ဒီအထာကိုသိနေတဲ့ လူတချို့က ဘုန်းကြီးဝတ်၊ ပြီးရင် ဓမ္မကထိကသင်တန်းဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ သင်တန်းတွေကို ပိုက်ဆံပေးပြီး တလ နီးပါးလောက် တက်ရောက်ကြပါတယ်။ သင်တန်းလည်းဆင်းရော နယ်လှည့်ဓမ္မကထိကဆိုပြီး တရားမဖက် စကားသက်သက်နဲ့သာ လုပ်စားနေကြတာတွေလည်း မနည်းပါဘူး။

ဒီလိုပြဿနာတွေဖြစ်မှာစိုးလို့ မိမိတို့၏ ပါချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသက အောက်ပါအတိုင်း မိန့်ကြားခဲ့တာကို မှတ်မိနေပါသေးတယ်။ တရားပွဲတွေမှာ အလှူခံဖလားတွေချထားတယ်။ တရားလာနာတဲ့ လူ တယောက်ဟာ ဒါကိုမြင်ပြီး သူမလှူနိုင်တဲ့အခါ စိတ်ထဲစနိုးစနောင့်ဖြစ်သွားတယ်ဆိုရင် ဒါဟာ မကောင်းတော့ ဘူး။ ပိုက်ဆံပေးပြီးမှ တရားနာရတယ်ဆိုရင် ဘုန်းကြီးတို့က တရားကို ရောင်းစားနေသလိုဖြစ်နေမယ်။ ရောင်း စားရအောင်ကလည်း ကိုယ့်တရားမဟုတ်ဘူး၊ ဘုရားရှင်ရဲ့တရားတော်တွေ။ တချို့နေရာတွေဆိုရင် လမ်းပိတ် ပြီးတော့တောင် အလှူခံတာတွေ့ရတယ်။ သဒ္ဓါရှိတဲ့သူက လာလှူတာမျိုးမဟုတ်ဘဲ ကြိုနေစောင့်နေပြီး ပြောဆို အလှူခံနေရင် ဒါတောင်းတာနဲ့အတူတူပဲ။ ဒါကိုလက်ခံရင် ဘုန်းကြီးတို့ သူတောင်းစားဖြစ်သွားမယ်။ 
ဒါကြောင့် ဘုန်းကြီးတို့တရားပွဲတွေမှာ စာအုပ်တို့၊ အခွေတို့ အရောင်းမခံဘူး။ ဘုန်းကြီးက ရောင်းတယ်၊ ရောင်းခိုင်းတယ်ထင်မှာ သိပ်စိုးရိမ်တယ်။ တရားကို ဟောကြားတဲ့နေရာမှာလည်း ဘုန်းကြီးတို့က ဘုရားရှင်ရဲ့ ညွှန်ကြားချက်အတိုင်း (လာဘ်လာဘ မျှော်ကိုးတာမျိုးမဟုတ်ဘဲ) ၁။ ဒေသနာ အစဉ်အတိုင်းဟောတယ်၊ ၂။ အကြောင်းပြချက်ခိုင်လုံတဲ့ တရားပဲဟောတယ်၊ ၃။ တရားနာသူတွေအပေါ်မေတ္တာနဲ့ဟောတယ် ၄။ မသိသေး ကြတာကို သိကြပါစေဆိုတဲ့ စေတနာနဲ့ဟောတယ်၊ ၅။ ကိုယ့်ဂုဏ်ကိုမြှောက်ပြီး သူများကိုနှိမ်တဲ့ တရားမျိုး မဟောဘူးလို့ မိန့်ကြားခဲ့ဖူးပါတယ်။

ဒီလို သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့်ပြီးပြည့်စုံတဲ့ ဆရာတော်ဘုရားကြီးများဟာ တရားဟောခြင်းနဲ့ ပတ်သက်ရင် အသေးစိတ်ကအစ အထူးဂရုစိုက်သလောက် မိမိနာမည်ကြီးဖို့၊ လာဘ်လာဘများတိုးပွားဖို့သာ ရည်ရွယ်ပြီး တရားဟောစားနေကြတဲ့ အချို့သော ဓမ္မကထိကတွေကတော့ မျက်ကန်းတစ္ဆေမကြောက်သလိုမျိုး ပြုမူနေကြတာကို ထင်ထင်ရှားရှားမြင်တွေ့နိုင်ပါတယ်။ အဲဒီလိုပြုမူနေတဲ့ ဓမ္မကထိကတွေရဲ့ သူတို့သဏ္ဌာန်မှာ ဓမ္မကထိကလို့ ခေါ်ဆိုထိုက်တဲ့ အင်္ဂါရပ်တွေနဲ့ပြည့်စုံခြင်း မရှိကြပါဘူး။ ဒီလိုကိစ္စတွေဟာလည်း အခုမှပေါ်ပေါက် လာတာ မဟုတ်ပါဘူး။ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါကလည်း အလားတူပုံစံတွေ ရှိခဲ့ဖူးပါ တယ်။
တခါတုန်းက မြတ်စွာဘုရားရှင် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူစဉ် ကာဠုဒါယီအမည်ရှိတဲ့ ရဟန်းတပါးရှိခဲ့ဖူးပါတယ်။ သာဝတ္ထိမြို့ကနေ တရားလာနာကြတဲ့ လူတွေကအရှင်သာရိပုတရာနဲ့ အရှင် မောဂ္ဂလာန်တို့ ဟောကြားတဲ့တရားတွေကို နာကြားကြပြီး မထေရ်မြတ်ကြီးနှစ်ပါးကို ချီးမွမ်းစကားတွေ ပြောဆို လေ့ရှိပါတယ်။ ဒါကို လာဠုဒါယီရဟန်းက မကျေမနပ်ဖြစ်နေပါတယ်။ တနေ့မှာတော့ တရားလာကြတဲ့ လူတွေ ကို လာဠုဒါယီရဟန်းက ဒီမထေရ်ကြီးနှစ်ပါးက တရားဟောကြားတဲ့နေရာမှာ ဘာတွေများတော်နေလို့လဲ ဒီလူ တွေဟာ သူ့ရဲ့တရားကိုနာယူပြီးကြရင်လည်း အဲဒီလိုချီးမွမ်းစကားပြောကြမှာပါလို့ ရွှီးပြီး ကြွားဝါစွာ ပြောကြားပါ တယ်။ ဒါနဲ့လူတွေက အဟုတ်မှတ်ပြီး သူ့ကို တရားဟောဖို့လျှောက်ထားတဲ့အခါ လာဠုဒါယီရဟန်းဟာ တရား ပလ္လင်ပေါ်ကိုတက်ပြီး ဓမ္မကထိကပုံစံဖမ်းကာ အတော်ကြာကြာထိုင်နေပါတယ်။ 

ဒါပေမဲ့ ဘာမှမဟော၊ မပြောတတ်တဲ့အတွက် တခြားတပါးကို အလှည့်ပေးပြီး ဟောခိုင်းလိုက်ပါ။ နောက်တကြိမ် မှ သူဟောမယ်ဆိုပြီး ပလ္လင်ပေါ်ကနေ ပြန်ဆင်းသွားပါတယ်။ အဲဒီလို နေ့စဉ်ရက်ဆက်သုံးကြိမ်သုံးခါအထိ ပြု လုပ်တဲ့အခါ တရားနာပရိသတ်တွေက သည်းမခံနိုင်တော့ပါဘူး။ ဒါနဲ့အရှင်ဘုရားဟာ မိုက်မဲတဲ့ရဟန်းပဲ တပည့် တော်တို့က အဂ္ဂသာဝကကြီးနှစ်ပါးဖြစ်တဲ့ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်တို့ကို ချီးမွမ်းစကားပြောတုန်း က မောက်မောက်မာမာနဲ့ အရှင်ဘုရားလည်း ဒီလိုမျိုးဟောကြားနိုင်တယ်ဆိုပြီး ကြွားခဲ့တယ်မဟုတ်ပါလား၊ အခု ကျတော့ ဘာတခွန်းမှ မပြောနိုင်ဘဲ တပည့်တော်တို့ကို ဒုက္ခပေးရမလားဆိုပြီး အော်ဟစ်၊ ကြိမ်းမောင်းပြောဆို ကြကာ အနောက်ကနေ ပြေးလိုက်လာကြလို့ လာဠုဒါယီရဟန်းလည်း ကြောက်ပြီး ခြေဦးတည့်ရာ ထွက်ပြေး ရင်း အိမ်သာတွင်းထဲပြုတ်ကျပြီး သူ့တကိုယ်လုံး မစင်တွေနဲ့ ပေကျံသွားပါတော့တယ်။ 

ယနေ့ခေတ်မှာ အချို့သော ဓမ္မကထိကတွေဟာ ဒီဝတ္ထုထဲက လာဠုဒါယီရဟန်းလိုပဲ သူတို့ကိုယ်တိုင် မြတ်စွာ ဘုရားရှင် ဟောကြားခဲ့တဲ့ တရားဓမ္မတွေကို တတ်မြောက်ကျွမ်းကျင်ခြင်းမရှိပါဘဲ၊ နာမည်ကြီးလို လာဘ်လာဘ ရလိုဇောနဲ့ စာတတ်ပေတတ် ဓမ္မကထိကဆရာတော်ကြီးတွေရဲ့ မကောင်းကြောင်းပြောပြီးစကားကို တရားလုပ် ပြီး ဟောကြားနေတဲ့ဓမ္မကထိကအတုအယောင်တွေမြောက်မြားစွာရှိပါတယ်။ ဒီလို ပုဂ္ဂိုလ်တွေဟာ တရားပလ္လင် ပေါ်ရောက်ပြီဆိုတာနဲ့ သင့်၊ မသင့် မဝေဖန်မပိုင်းခြားတော့ဘဲ ဘုရားရှင်မဟောကြားခဲ့တာကို ဟောကြား သယောင်ယောင်၊ ဟောကြားခဲ့တာကိုမဟောကြားထားသယောင်ယောင် ပြောဆိုလေ့ရှိပါတယ်။ ဒီထက် ပိုဆိုးသည်ကား အင်မတန်မြင့်မြတ်တဲ့ တရားပလ္လင်ပေါ်မှာ အခြောက်သံလိုလိုဘာလိုလိုနဲ့ သီချင်းလေးတွေ ဆိုလိုက်၊ ရယ်စရာ၊ မောစရာ ဟာသလေးတွေပြောလိုက်ပြုလုပ်ပြီး သူတို့ကို လှူဖို့တန်းဖို့ချည်းပဲ ဇွတ်အတင်း အဓမ္မပြောဆိုကာ အလှူခံစားနေတဲ့ ဓမ္မကထိကတွေရှိနေတာပဲ ဖြစ်ပါတယ်။ 
ဒီလို ဓမ္မကထိကအမည်ခံတွေနဲ့ပတ်သက်ပြီး မြတ်စွာဘုရားရှင်က နိဒါန ၀ဂ္ဂသံယုဂ်ပါဠိတော်၊ သဠာယတန ၀ဂ္ဂသံယုဂ်ပါဠိတော်၊ ခန္ဓက ၀ဂ္ဂသံယုဂ်ပါဠိတော်တို့မှာ အောက်ပါအတိုင်း ဟောကြားထားပါတယ်။ ''ရဟန်းတို့ မွေးဖွားခြင်း၊ အိုခြင်း၊ သေခြင်းကို ငြီးငွေ့ရန်၊ အိုခြင်းသေခြင်းမှကင်းကွာချုပ်ငြိမ်းစေရန် တရားဟောကြားသူကို ဓမ္မကထိကဟုဆိုခြင်းငှာထိုက်၏။ ရဟန်းတို့ ရုပ်ဝေဒနာစသည်တို့ကို ငြီးငွေ့ခြင်း၊ စွဲမက်မှုကင်းခြင်း၊ ချုပ်ငြိမ်းစေ ခြင်းငှာ တရားစကားဟောကြားလျှင် ဓမ္မကထိကမည်၏။ ရဟန်းတို့၊ မျက်စိ၊ နား၊ နှာ စသည်တို့၌ ငြီးငွေ့ခြင်း၊ တပ်မက်မှုကင်းခြင်း၊ ချုပ်ငြိမ်းခြင်းငှာ တရားစကားဟောကြားလျှင် ဓမ္မကထိက ဖြစ်ပေ၏''လို့ ဟောကြားထားပါ တယ်။ 

အဓိပ္ပာယ်ကတော့ ခန္ဓာငါးပါးကိုချုပ်ငြိမ်းစေပြီးမဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက်ပြုစေနိုင်တဲ့ တရားစကားဟောကြား ပြသသူကိုသာ ဓမ္မကထိကဖြစ်တယ်လို့ဆိုလိုပါတယ်။အဋ္ဌာကထာမှာတော့ ''တရားစကား ဟောကြားသည်ဖြစ် စေ၊ မဟောကြားသည်ဖြစ်စေ အဘိဓမ္မာတတ်မြောက်လျှင် ဓမ္မကထိကဖြစ်၏''လို့ ဖွင့်ဆိုထားပါတယ်။
ဘုရားရှင်ကိုယ်တော်တိုင်လည်း တရားဟောကြားရင် သတ္တ၀ါတွေရဲ့သန္တာန်မှာဖြစ်ပေါ်နေတဲ့ လောဘ၊ ဒေါသ၊ မောဟအစရှိတဲ့ တရားဆိုးတွေကို နည်းသထက်နည်းပါးသွားအောင်၊ အမြစ်ပြတ်ချုပ်ငြိမ်းသွားအောင်ရည်ရွယ် ပြီး အဓိကထားဟောကြားတော်မူခဲ့ပါတယ်။ လောဘ၊ ဒေါသ၊ မောဟအစရှိတဲ့ တရားဆိုးတွေ ချုပ်ငြိမ်းဖို့တွက် အထောက်အကူမဖြစ်တဲ့ အခြားသောဘယ်တရားကိုမှ ဟောကြားတော်မမူခဲ့ပါဘူး။ ဘုရားအစရှိတဲ့ အရိယာ သူတော်စင်များဟာတရားဟောကြားနေရင်း ဘယ်သောအခါမှ တပါးသူကို လှောင်ပြောင်ခြင်း၊ ရယ်မောခြင်း၊ သီချင်းဆိုခြင်း၊ ငေါက်ငမ်းခြင်း ပြုလုပ်လေ့မရှိပါဘူး။ ဒီအချက်တွေကို ယနေ့ခေတ် ဓမ္မကထိကများ မှတ်သား လိုက်နာအတုယူသင့်ပါတယ်။ တရားနာမည့် ဒကာ၊ ဒကာမများကလည်း သီချင်းလေးဆိုပြမှ ရယ်စရာ၊ မော စရာလေးပြောပြမှ တရားဟောကောင်းတယ်ဆိုပြီး မှားယွင်းစွာ ထင်မှတ်နေမှုများကို ပြန်လည်ပြုပြင်ဖို့ လိုအပ် နေပါပြီ။ တရားပွဲတပွဲပြီးလို့မှ မိမိတို့အတွက် တရားဓမ္မများနဲ့ပတ်သက်ပြီး ဘာမှမကျန်ဘူးဆိုရင် အဲဒီလို တရား ပွဲမျိုးကို နောက်ထပ်သွားရောက် မနာကြားသင့်တော့ပါဘူး။ 

အချုပ်အားဖြင့် စာပေကျမ်းဂန်များမှလာရှိတဲ့ ဓမ္မကထိကများ တရားဟောကြားတဲ့အခါမှာ လိုက်နာရ ကျင့်သုံး ရမယ့် အခြေခံကျင့်ဝတ်တွေကို ခြုံငုံသုံးသပ်ပြရမယ်ဆိုရင် ၁။ ပေးကမ်းစွန့်ကြဲခြင်းနဲ့စပ်သော တရား၊ ၂။ ကိုယ် ကျင့်သီလကောင်းမွန်ရေးနဲ့စပ်သောတရား၊ ၃။ နတ်ရွာသုဂတိသို့ရောက်ကြောင်းတရား၊ ၄။ ကာမဂုဏ်တို့၏ အပြစ်ကိုပြသောတရား ၅။ ကာမဂုဏ်တို့၏ယုတ်ညံ့ပုံကိုပြသောတရား၊ ၆။ ကာမဂုဏ်တို့၏ ညစ်နွမ်းပုံကိုပြသော တရား၊ ၇။ ထိုကာမဂုဏ်တို့၏ထွက်မြောက်ခြင်း၌ အကျိုးအာနိသင်ရှိပုံကို ပြသောတရားဆိုတဲ့အနုပုဗ္ဗိကထာ- အစဉ်အတိုင်း ဟောအပ်သောတရား(၇)ပါးကို ဟောကြားပြသသော ဓမ္မကထိကသည်သာလျှင် မြတ်ဗုဒ္ဓ၏အလို တော်ကျ ဓမ္မကထိက စင်စစ်ဖြစ်ပါတယ်။ သို့တည်းမဟုတ် ဒီခုနစ်ပါးမှတခြားဖြစ်သော အကြောင်းအရာများကို ဟောကြားမည်ဆိုပါက လူ့အကြိုက်လိုက်သော ဓမ္မကထိကများသာဖြစ်ပြီး မြတ်ဗုဒ္ဓ၏လမ်းစဉ်နဲ့ ဖြောင့်ဖြောင့် ကြီးဆန့်ကျင်နေကာ သူတော်ကောင်းပုဂ္ဂိုလ်တို့ ကဲ့ရဲ့ခြင်းကိုခံရပါလိမ့်မယ်။ ဘုရားသားတော်များဖြစ်ကြသော ဓမ္မကထိကရဟန်းတော်များအနေနဲ့ မြတ်ဗုဒ္ဓ၏လမ်းစဉ်သာကိုလိုက်ကာ ဟောကြားပြသသင့်သည်ဟု စေတနာ ကောင်းဖြင့် တိုက်တွန်းအပ်ပါတယ်။ အတုအယောင်နယ်လှည့်ဓမ္မကထိက အမည်ခံပုဂ္ဂိုလ်များ အမြန်ဆုံး ပပျောက်ပါစေသတည်း။ 

ဓမ္မသုတေသီ(မန္တလေး)


posted from Bloggeroid

No comments:

Post a Comment