မြန်မာနိုင်ငံပြည်ပပို့ကုန်များအနက် ငါးရှဥ့်တင်ပို့ရောင်းချခြင်းကို တရုတ်နိုင်ငံ၏ ၀ယ်လိုအားကို အခြေပြု၍ အများဆုံးတင်ပို့ ရောင်းချခဲ့ရာမှ ယခုအခါ ထိုင်းနိုင်ငံသို့လည်း တင်ပို့ရောင်းချမှုများပြုလုပ်လာသည်ဟု မန္တလေးတိုင်းဒေသကြီး ငါးရှဥ့်လုပ် ငန်းရှင်များအသင်းမှ သိရသည်။
“ငါးရှဥ့်ဈေးကွက်က ပြည်တွင်းဈေးကွက်ထက် ပြည်ပဈေးကွက်ကို ပိုအားထားနေရပါတယ်၊ အရင်က တရုတ်ဈေးကွက်ကို ပဲ အဓိကထား ရောင်းချခဲ့တယ်၊ အခုဆိုရင် အရွယ်အစားငယ်တဲ့ ငါးရှဥ့်တွေကို ဈေးနှုန်းပိုပေးတဲ့ ထိုင်းနိုင်ငံဈေးကွက်ကို ပို မို တင်ပို့ ပေးနေရပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ငါးရှဥ့်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ငါးရှဥ့်များကို ပြည်ပသို့တင်ပို့ရာတွင် အရှင်သာ တင်ပို့ရပြီး တရုတ်နိုင်ငံမှ ငါးရှဥ့်ကုန်သည်အများစုသည် အရွယ်အစား ကြီး သော ငါးရှဥ့်များကိုသာ ဈေးနှုန်းပိုပေးကာ ၀ယ်ယူလေ့ရှိပြီး ၃ စင်တီမီတာအောက် သေးငယ်သည့် အရွယ်များကို ၀ယ်ယူ မှုမရှိခြင်းကြောင့် တရုတ်နိုင်ငံသို့ မတင်ပို့မီ သတ်မှတ်စံချိန်မမီသည့် ငါးရှဥ့်များကို မန္တလေးတိုင်းဒေသကြီး နတ်ရေကန်ငါး လုပ်ငန်းစခန်း၌ စွန့်ပစ်ရလေ့ရှိကြောင်း၊ ယခုအခါ ထိုင်းနိုင်ငံသို့ ငါးရှဥ့်တင်ပို့သူများက အရွယ်အစားသေးငယ်သော ငါးရှဥ့်များကိုပါ ဈေးနှုန်းပိုပေး၍ ၀ယ်ယူနေခြင်းကြောင့် တရုတ်ဈေးကွက်ထက် ထိုင်းဈေးကွက် ပို၍ ကောင်းမွန်နေသည်ဟု သိရသည်။
‘‘ပြီးခဲ့တဲ့ငါးရှဥ့်ရာသီအချိန်အထိ မူဆယ် ၁၀၅ မိုင်ကို တိုက်ရိုက်ပို့တော့ အသေးထက် အကြီးကို ဈေးပိုပေးပြီး ၀ယ်ယူပါ တယ်၊ ငါးလုပ်ငန်းကလည်း အကောင်သေးတာဆို ပို့လို့မရတဲ့အတွက် သတ်မှတ်အရွယ်အစားမမီရင် တစ်ခါတည်း ပယ်ပစ် တယ်၊ အခုဆိုရင် ၀ယ်သူကြိုက်ရင် အရွယ်အစားမရွေး ပို့လို့ရတယ်လို့ ငါးလုပ်ငန်းကနေ ဖြေလျှော့ ခွင့်ပြုပေးလိုက်တော့ တရုတ်ကလည်း ငါးရှဥ့်ဆို အကုန်ဝယ်နေတယ်ဆိုပေမယ့် ထိုင်း၊ဘန်ကောက်ဈေးကွက်က တရုတ်ဈေးကွက်ထက် အသေး ကို ဈေးပိုပေးပြီး ၀ယ်ယူနေတဲ့အတွက် ငါးရှဥ့်ဒိုင်တွေ၊ ငါးရှဥ့်ဖမ်းသူတွေပါ အဆင်ပြေနေကြပါတယ်”ဟု အမရပူရမြို့နယ် ငါးရှဥ့်ဒိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုအခါ လုံးပတ် ၃ စင်တီမီတာအထက် အရွယ်ကြီးသော ငါးရှဥ့်များကို တစ်ပိဿာလျှင် ကျပ်တစ်သောင်းနှစ်ထောင်ခန့် ဖြင့် ၀ယ်ယူနေကြောင်း၊ လုံးပတ် ၃စင်တီမီတာအောက်သေးငယ်ပါက ၉၅၀၀ ကျပ်မှ ကျပ်တစ်သောင်း ဈေးနှုန်းဖြင့် ၀ယ်ယူ ၍ အဆိုပါငါးရှဥ့်များကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း၊ ယခင်က လုံးပတ် ၃ စင်တီမီတာအောက် သေးငယ်သော ငါးရှဥ့်များကို ဆန်ခါချ၍ လွှင့်ပစ်ရသော်လည်း ယခုအခါ ငါးရှဥ့်အသားတိုးမွေးမြူသူများမှလည်း ၀ယ်ယူနေပြီး ထိုင်းနိုင်ငံ ဈေးကွက်နှင့် တရုတ်နိုင်ငံဈေးကွက်များသို့ ပြန်လည်တင်ပို့ပေးနေရသည်ဟု သိရသည်။
၂၀၁၅ခုနှစ်အတွင်းက ငါးရှဥ့်များကို ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံ ဈေးကွက်များသို့ တင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော်ရရှိခဲ့ပြီး ငါးရှဥ့်ဖမ်းဆီးသူများ၏ ရောင်းချပေးခြင်းကြောင့် ငါးရှဥ့်ဒိုင်တစ်ခုတွင် နေ့စဉ် ပိဿာ ၅၀၀ ကျော်မှ ၁၀၀၀ခန့် အထိ ရရှိနေသည်ဟု ငါးရှဥ့်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

posted from Bloggeroid
No comments:
Post a Comment