လက်ပံတန်းမြို့နယ်တွင် သူငယ်တန်းကျောင်းသူလေးတစ်ဦး ချောင်းအတွင်းရေချိုးဆင်းရာမှ အဓမ္မပြုကျင့်ခံရ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မြို့မရပ်ကွက်အတွင်းရှိ ကျွန်းကလေးချောင်း(အရပ်အခေါ်) တွင် ရေချိုးဆင်းရာမှ အဓမ္မပြုကျင့်ခံရကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ (၂၉/၁/၂၀၁၆) ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်တွင် ၎င်းတို့နေထိုင်ရာအိမ်အနောက်ဘက်ရှိ ကျွန်းကလေးချောင်းတွင် ညီအမနှစ်ဦး ရေချိုးသွားရာမှ အမဖြစ်သူမှာ အိမ်သို့ပြန်သွားခဲ့ကြောင်း ညီမဖြစ်သူရေချိုးပြန်ရောက်လာစဉ် ညီမဖြစ်သူ၏ အင်္ဂါစပ်တွင် သွေးများထွက်နေသည်ကို တွေ့ရှိပြီး အိမ်နီးနားချင်းများအား အကူအညီတောင်းရာမှ အိမ်နီးနားချင်းများဖြစ်သော ဒေါ်စုမာနှင့် မစန္ဒာဝင်းတို့ရောက်ရှိလာပြီး မေးမြန်းရာမှ တစ်ရပ်ကွက်တည်းနေသူ အသက်(၁၄) နှစ်အရွယ် ယောက်ျားလေးတစ်ဦးမှ ချောင်းရေစပ်တွင် အဓမ္မပြုကျင့်ခဲ့ကြောင်း အသက် (၆) နှစ်ရှိသူ သူငယ်တန်းကျောင်းသူလေးမှ ပြန်ပြောပြသဖြင့် ၎င်း၏မိခင်ဖြစ်သူအားခေါ်ယူပေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအား တိုင်ကြားခဲ့ကြောင်း မိခင်ဖြစ်သူထံမှ သိရှိရသည်။
"သမီးဖြစ်တာကို ဖုန်းဆက်လှမ်းပြောမှ ကျွန်မသိရတာ။ ကျွန်မက ကျွန်မ အမ နေမကောင်းလို့ သူ့အိမ်မှာသွားပြီးကူလုပ်ပေးနေရတာပါ။ သူ့အဖေကလည်း ဆိုက်ကားထွက်နေတော့ အိမ်မှာ ကလေးတွေပဲ ကျန်ခဲ့တာ။ ကျွန်မဘာပြောရမှန်းကို မသိတော့ပါဘူး။" ဟုကလေး၏မိခင်ဖြစ်သူမှပြောသည်။
ဖြစ်စဉ်အား လက်ပံတန်းမြို့နယ် မြို့မရဲစခန်းမှ (ပ) ၃၀/၂၀၁၆ ဖြင့် အမှုဖွင့်ပြီး ဒုရဲမှုစန်းမြင့်(မြို့မရဲစခန်းမှု)မှ အမှုစစ်အဖြစ်ဆောင်ရွက်ကာ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုအား ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိပြီး အဓမ္မပြုကျင့်ခံရသူ ကလေးငယ်မှ လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသခံယူလျက်ရှိကြောင်း လက်ပံတန်းမြို့နယ် မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

posted from Bloggeroid
No comments:
Post a Comment