မန္တလေးမြို့တွင်းရှိ ဈေးများအား မီးဘေးကာကွယ်ရေး စတင် စစ်ဆေး
နွေရာသီ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ပြင်ဆင်နေ
ယခုအခါ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဈေးအချို့ မကြာခဏ မီးလောင်မှုများဖြစ်ပေါ်နေသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဈေးများအား မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။
'' တိုင်းဒေသကြီး နဲ့ ပြည်နယ် အချို့မှာ ဈေးမီးလောင်မှုတွေ မကြာခဏ ဖြစ်နေတယ်၊ဒါကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာလည်း အဲဒီလို မဖြစ်အောင် ဇန်န၀ါရီဒုတိယအပတ်က စပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်၊ မတော်တဆ တစ်ခုခုဖြစ်ခဲ့ရင်လည်း အမြန်ဆုံး ငြိမ်းသတ်နိုင်ဖို့ အခန်းအကျယ်အတိုင်း မီးသတ်ဆေးဗူးတွေ ပြင်ဆင်ထားဖို့ မှာထားပါတယ် '' ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်တလော ဈေးအချို့ မီးလောင်မှုများ ရှိနေအား ၀ါယောရှော ဟု သတင်းထုတ်ပြန်ခြင်းများအပေါ် ပြည်သူများ၏ ဝေဖန်ပြောဆိုမှုများ ရှိနေသည့်အပေါ် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ယခုလို ပြောပြသည်။
'' ၀ါယာရှော့ကြောင့် မီးလောင်မှု များခဲ့တော့ ဒီနှစ် စစ်ဆေးမှုတွေမှာ ၀ါယာကြိုးတွေ ဆွေးမြေ့ပေါက်ပြဲတာတွေကို သေချာစစ်ဆေးဖို့ အသိပေး လုပ်ဆောင်နေပါတယ်၊ ဈေးတွေ အဆောက်အအုံတွေမှာ တစ်ခုခုဖြစ်ရင် ရေရရှိရေး၊ မီးသတ်ဆေးဗူး လုံလောက်စွာ ထားရှိရေး၊ အဆောက်အအုံတွေမှာ မီးဘေး လုံခြုံရေးထားဖို့ ညွန့်ကြားဆောင်ရွက်နေပါတယ် '' ဟု ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၅ခုနှစ်တွင် မီးလောင်မှု ၂၂၁ ကြိမ်ဖြစ်ခဲ့ပြီး မီးဖိုမီး ၄၅ကြိမ်၊ ပေါ့ဆမီး ၈၈ကြိမ်၊ အလိုအလျှောက်မီး ၄ကြိမ်၊ လျှပ်စစ်မီး ၅၅ကြိမ်၊ မသမာသူရှို့မီး ၂၆ကြိမ်၊ တောမီး ၃ကြိမ် ဖြစ်ခဲ့ရာ ၀ါယာရှော့ကြောင့် လောင်ကျွမ်းမှု အများဆုံးဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ပေါင်း၂၀၆၉သိန်းကျော်(၂၀၆၉၀၀၁၀၀)အထိ ရှိခဲ့ကာ ၂၀၁၄ခုနှစ်က မီးလောင်ဆုံးရှုံးမှုတန်ဖိုးထက် ကျပ်သိန်းပေါင်း ၁၄၀ ကျော် ပို၍များပြားခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ မီးလောင်မှုမှတ်တမ်းများအရ သိရသည်။
၂၀၁၅ခုနှစ်အတွင်း မီးလောင်မှုကြောင့် အိမ်ခြေ ၃၄၀လုံး၊ စက်ရုံ/အလုပ်ရုံ ၁ခု ၊ ဂိုဒေါင် ၄လုံး ဆုံးရှုံးခဲ့ပြီး သေဆုံးသူ (၇)ဦး၊ ဒဏ်ရာရရှိသူ ၂၀ဦး နှင့် ဒုက္ခသည် ၁၃၅၆ ဦးရှိခဲ့ကြောင်း| မန္တလေးခရိုင်အတွင်း မီးလောင်မှုအကြိမ်ရေ ၈၄ကြိမ်ဖြစ်ပွားခဲ့ ပြီး အများဆုံးဖြစ်ပွားသည့် ခရိုင်ဖြစ်ကြောင်း၊ ထို့အပြင် ပြင်ဦးလွင်ခရိုင်တွင် ၂၇ကြိမ်၊ ကျောက်ဆည်ခရိုင်တွင် ၂၄ကြိမ်၊မြင်း ခြံခရိုင်တွင် ၃၁ကြိမ်၊ မိတ္ထိလာခရိုင်တွင် ၂၈ကြိမ်၊ ညောင်ဦးခရိုင်တွင် ၈ ကြိမ်၊ ရမည်းသင်းခရိုင်တွင် ၁၉ကြိမ် ဖြစ်ပွားခဲ့သည် ဟု သိရသည်။
၂၀၁၅ခုနှစ်အတွင်း မီးလောင်ဆုံးရှုံးမှုတန်ဖိုးသည် ပေါင်း၂၀၆၉သိန်းကျော်ရှိပြီး ဇန်န၀ါရီလတွင် ကျပ် ၄၈၁၆၀၀၀ သိန်း၊ ဖေ ဖော်ဝါရီလတွင် ကျပ် ၃၃၃၆၈၀၀ သိန်း၊ မတ်လတွင် ကျပ် ၄၆၄၄၂၇၀၀သိန်း၊ ဧပြီလတွင် ကျပ် ၁၄၇၂၅၅၀၀ သိန်း၊ မေလ တွင် ကျပ် ၈၇၈၅၄၀၀ သိန်း၊ ဇွန်လတွင် ကျပ် ၅၆၄၄၄၅၀၀ သိန်း၊ ဇူလိုင်လတွင် ကျပ် ၁၂၇၂၅၅၀၀ သိန်း၊ သြဂုတ်လတွင် ကျပ် ၁၀၇၀၅၀၀ သိန်း၊ စက်တင်ဘာလတွင် ကျပ် ၅၈၄၀၀၀၀ သိန်း၊ အောက်တိုဘာလတွင် ကျပ် ၄၀၂၈၂၀၀ သိန်း၊ နိုဝင်ဘာလတွင် ကျပ် ၄၅၅၃၅၀၀၀ သိန်း၊ ဒီဇင်ဘာလတွင် ကျပ် ၃၁၅၀၀၀၀ သိန်းရှိခဲ့ပြီး ဇွန်လအတွင်းမီးလောင်ကျွမ်းမှုမှ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၅၆၀ကျော်ရှိခဲ့သဖြင့် တစ်နှစ်အတွင်း ဆုံးရှုံးမှုတန်ဖိုးအများဆုံးဟု သိရသည်။
ယခုအခါ မန္တလေးတိုင်းဒေသကြီးအတွင်း နွေရာသီ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး နှင့် လေ့ကျင့်ပြင်ဆင်နေမှုများကို မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့တွင် နေ့စဉ် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၆ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ တိုင်းဒေသကြီးအတွင်းရှိ ၂၈မြို့နယ်ရှိ ဈေးများအား မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ
ကြောင်း သိရသည်။

posted from Bloggeroid
No comments:
Post a Comment