
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံထားရသော ဦးခွန်ဂျာလီအား ထောင်ဒဏ် ၆ လ ချမှတ်
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် စွဲချက်တင်ခံထားရသော ကချင်အမျိုးသား ဦးခွန်ဂျာလီအား ဇန်န၀ါရီ ၂၂ ရက်တွင် လှိုင်မြို့နယ်တရားရုံးမှ ၁၅ ကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားကြောင်း၊ လှိုင်မြို့နယ် တရားသူကြီးမှ ဆုံးဖြတ်၍ ထောင်ဒဏ် ၆ လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံကိုခြေဖြင့်နင်းထားသည့်ဓာတ်ပုံအား လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြသည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီးမင်းထွဋ်က တရားလိုပြုလုပ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် တရားစွဲဖမ်းဆီးခံခဲ့ရပြီး ထိုဥပဒေပုဒ်မဖြင့် ဒီဇင်ဘာ ၂၈ ရက်တွင် လှိုင်မြို့နယ် တရားရုံးမှ စွဲချက်တင်ခဲ့ကြောင်း သိရသည်။
`ဘာနဲ့အလားသဏ္ဍာန်တူလဲဆိုတော့ ဗိန္ဒောဆရာကို ECG စက် ဖတ်ခိုင်းသလို ဘယ်ကနေ ဘာဖတ်ရမှန်းမသိဘဲနဲ့ ကျွန်တော် ထောင်ကျရတာပါ။ ဒီလို အခြေအနေမျိုးကို နောက်လည်း မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။ အားလုံးပဲ လွတ်ငြိမ်းချမ်းသာကြပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်`ဟု ဦးခွန်ဂျာလီက ပြောကြားခဲ့သည်။
မကြာသေးမီ ၂၀၁၅ ခုနှစ်အတွင်း ချောစန္ဒီထွန်း (ခ) ချစ်သမီးကို မအူပင်မြို့နယ်တရားရုံးမှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ထောင်ဒဏ် (၆)လ ချမှတ်ခဲ့ဖူးသည်။
အောင်သူ
posted from Bloggeroid
No comments:
Post a Comment