စိတ်ထဲရှိတာပြောပါမည်
ပညာရေးဟာ ပြန်မရနိုင်တဲ့ ရင်းနှီးမြှပ်နှံမှုလို့ သမ္မတကြီးက ပြောခဲ့တာ မနှစ်ကကျောက်ဆည်ဘက်မှာ လုပ်တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအခမ်းအနားမှာပါ။
သူက သမချေးငွေနဲ့ နှိုင်းယှဉ်ပြောသွားတာဖြစ်ပါတယ်။သမချေးငွေက တောင်သူတွေကိုချေးတယ်။ပြီးရင် ပြန်ဆပ်ရတာဖြစ်တဲ့အတွက် အရင်းပြန်ရတယ်။ပညာရေးကတော့ ဘက်ဂျက်သုံးပြီးရင် ငွေကြေးအလိုအရ ပြန်မရပါဘူး။သမ္မတကြီးက နိုင်ငံတကာကနေ ရလာတဲ့ ငွေတွေကို အမျိုးအစားနှစ်မျိုးခွဲပါတယ်။ပြန်ဆပ်ရမယ့်ငွေတွေကို သမချေးငွေ၊မြစိမ်းရောင်ချေးငွေစတဲ့ အရင်းမပျောက်တဲ့ စီမံကိန်းတွေမှာ သုံးပြီး ထောက်ပံ့ကြေးရတဲ့ငွေတွေ(ပြန်ဆပ်စရာမလိုတဲ့ငွေတွေ)ကိုတော့ နိုင်ငံတော်က အရှုံးခံပြီးလုပ်ပေးရတာဖြစ်တဲ့ကျန်းမာရေးကဏ္ဍ၊ပညာရေးကဏ္ဍတွေမှာ ပြန်သုံးရတယ်ဆိုတာကို ဥပမာပေးပြီးပြောသွားတဲ့ လေးဆယ့်ရှစ်မိနစ်စာ မိန့်ခွန်းထဲကနေ တချို့တဝက်ကိုပဲ ကောက်နှုတ်ပြီး မီဒီယာကနေ ပါးပါးလေးပုတ်သွားတာဖြစ်ပြီး အွန်လိုင်ဲးမှာ ဆဲသံဆူသံတွေနဲ့ လူပြောစရာဖြစ်သွားတာပါပဲ။
ကျနော်တို့ကလည်း ပညာပြတာ၊သက်သက် အပုတ်ချတာရယ်တော့ မဟုတ်ပါဘူး(ပါတော့ ပါတာပေါ့ ) ဥပမာအားဖြင့် နိုင်ငံပိုင်သတင်းစာတွေရေးသလို သမ္မတကြီးကျေးလက်ဒေသလူမှုဘဝမြှင့်တင်ရေးအခမ်းအနားသို့တက်ရောက်ဆိုရင် ဘယ်သူမှ စိတ်ဝင်စားမှာမဟုတ်ပါဘူး။ လူစိတ်ဝင်စားမယ့်ခေါင်းစဉ်ပြောင်းရေးရတာပါပဲ။ပြောချင်တာက အဲဒါမျိုးရေးတာကိုက မီဒီယာရဲ့အလုပ်ပါ။နောင်လာမယ့်အစိုးရသစ်လက်ထပ်မှာလည်း ကျွန်တော်တို့တတွေဟာ ဒီလိုပုံစံမျိုး ကြုံလာခဲ့ရင် ဒါမျိုးတွေပဲ ဆက်လက်ရေးသားနေဦးမှာပဲဖြစ်ပါတယ်။
ဘာကွာခြားလာမလဲဆိုတော့ ကျနော်တို့တွေကို ပုဂ္ဂိုလ်ရေးထိုးနှက်မှုတွေ၊တံဆိပ်ကပ်မှုတွေ အွန်လိုင်းပေါ်မှာ ပိုကြုံတွေ့ရမယ်ထင်ပါတယ်။ခံနိုင်ရည်ရှိဖို့အတွက် ကြိုပြင်ဆင်ထားပါတယ် (Blockခလုပ်လည်း ရှာထားပါတယ် )
သမ္မတကြီးတက်တဲ့ အခမ်းအနားတွေ ငါးခါလောက်ပဲ တက်ပြီးသတင်းယူဖူးတာပါ။သမ္မတကြီးနားမှာ အနီးကပ်ဓာတ်ပုံရိုက်ရတဲ့အခါ နိုင်ငံခေါင်းဆောင်ကြီးတယောက်ဆိုတာထက် အမျိုးထဲက ဘကြီးတယောက်နဲ့ တွေ့ရသလို နွေးထွေးမှုကို ခံစားရပါတယ်။လုံခြုံရေးစည်းကိုကျော်ပြီး ဓာတ်ပုံရိုက်တဲ့အခါလည်း သူ့သက်တော်စောင့်တွေက တားပေမယ့် သူက လက်ကာပြပြီးခွင့်ပြုပေးတာလည်း ကြုံဖူးပါတယ်။
သူ့မှာမကောင်းတာတွေ အများကြီးရှိသလို ကောင်းတာတွေလည်း အများကြီးရှိတဲ့အတွက်(ရွေးကောက်ပွဲလွန်ကာလကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနိုင်တော့မယ်လို့လည်း ယုံကြည်တဲ့အတွက်) ကျနော့် တစ်ဦးချင်းအမြင်ကတော့ သမ္မတကြီးကို တကယ်လေးစားပါတယ်။ကျနော်တို့မျှော်လင့်သလောက် ပြည်သူတွေရဲ့ဆန္ဒကို မဖြည့်ဆည်းနိုင်ခဲ့ပေမယ့် အရင်အစိုးရလူကြီးတွေနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ တကယ်တော်တဲ့ခေါင်းဆောင်တယောက်လို့ပဲ မြင်လို့ပါ။ကျန်တာကတော့ ဘာမှပြောစရာမရှိပါ။
လွပ်လပ်စွာ ပဲသဘောထားကွဲလွဲနိုင်၊အန်ဖရန့်လုပ်နိုင်ကြပါတယ်။အွန်လိုင်းမှာ ဒါမျိုးရေးတာ တချိန်မှာ စခရင်ရှော့နဲ့ ပြန်ဖွခံရမယ်ဆိုတာကောင်းကောင်းသိပါတယ်။ဒါပေမယ့် ကိုယ့်ရပ်တည်ချက်ကို လိပ်ပြာသန့်လို့ အခုလို ရေးပါတယ်။အပြင်မှာကျ အဘ အဘ နဲ့ အသကုန်ဖား အွန်လိုင်းပေါ်ကျ ရဲရဲတောက်လုပ်ပြတဲ့ သတင်းထောက်တွေထဲမှာ အရင်ကလည်း မပါခဲ့သလို နောင်လည်း ပါမှာမဟုတ်ပါဘူး
ဟုတ်ကဲ့..သမ္မတကြီးဆီက ဖုန်းကဒ်လေးတကဒ်တောင် အလကားမရဖူးတဲ့ မန်းလေးက သတင်းထောက် မောင်မင်းစိုးပါ။ သဘောရှိ ကရောဟိနိုင်ကြပါပြီ

posted from Bloggeroid
No comments:
Post a Comment