မန်းအခြေစိုက် ကာတွန်းဆရာများ၏ လက်ရာများဖြင့် HIV/AIDS အသိပညာပေးလုပ်မည်
မန္တလေးမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကာတွန်းဆရာများ၏ ကာတွန်းပုံလက်ရာများဖြင့် HIV/AIDS အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ခုခံကျ / ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့ က သိရသည် ။
ယင်းကာတွန်းဆရာများ၏ HIV/AIDS ပညာပေး ကာတွန်းပုံများကို ပြပွဲပြုလုပ်ခြင်း များဖြင့် လူထုသိရှိစေရန် အသိပေးသွားမည်ဖြစ်သည် ။
``ကျွန်တော်ကာတွန်းဆရာတွေနဲ့ တွေ့ဆုံပြီး အကူအညီ တောင်းခဲ့တယ် ။ ကျွန်တော်တို့ ဉာဏ်ပူဇော်ခလည်း မပေးနိုင်ဘူးဆိုတော့ ကာတွန်းဆရာတွေက လိုလိုလားလား ကူညီကြပါတယ် ။ ကာတွန်းဆရာ စုစုပေါင်း ၂၅ ယောက် လောက်က ဆွဲပေးမယ်ဆိုတော့ တစ်ယောက်ကို ကာတွန်း ၅ ပုံရရင် ကာတွန်းပုံ ၁၀၀ လောက်ဆိုတော့ ပြပွဲတွေလုပ် နိုင်တဲ့အနေအထားပေါ့ ။ ပြပွဲကတော့ ဆွဲပြီးတဲ့အချိန် အကြမ်းမျဉ်းတော့ ဖေဖော်ဝါရီလထဲမှာ သတ်မှတ်ထားတယ် ။´´ ဟု ခုခံကျ / ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့ မှ တိုင်းဆရာဝန် ဒေါက်တာသန်းဝင်း က ပြောသည်။
ထို့အပြင် ယင်းကာတွန်းပုံများဖြင့် မန္တလေးမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျောင်းများတွင် တစ်ကျောင်းလျှင် တစ်ပတ်နှုန်းဖြင့် ပြသသွားမည်ဖြစ်ပြီး HIV/AIDS နှင့် ပတ်သတ်သည့် အသိပညာပေး ဟောပြောမှုများလည်း အလျှင်းသင့်သလို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာ သန်းဝင်း က ဆက်လက်ပြောကြားသည် ။
``ဒီလိုကာတွန်းတွေနဲ့ အသိပညာပေးလုပ်တာ ကောင်းတဲ့ လုပ်ဆောင်မှုပါ ။ ကျွန်တော်တို့ကလည်း စေတနာနဲ့ ကူညီဆွဲပေးမှာဖြစ်တယ် ။ ကျွန်တော်က အခြားမူးယစ် ဆေးဝါးနဲ့ ပတ်သတ်တဲ့ အသိပညာပေးကာတွန်းတွေလည်း ဆွဲဖူးပါတယ် ။´´ ဟု မန္တလေးမြို့မှကာတွန်းဆရာတွတ်တွတ် က ပြောသည် ။
ယင်းကာတွန်းဆရာများ၏ ကာတွန်းပုံများအား စာအုပ်ထုတ်ဝေရန်အတွက်လည်း ဆောင်ရွက်ထားပြီး အခမဲ့ ဖြန့်ဝေနိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်သည် ။ ထို့အပြင် မန္တလေးမြို့ရှိ ဘုရားပွဲများတွင်လည်း ပြခန်းများ ဖွင့်၍ HIV/AIDS အသိပညာပေးခြင်းများ လုပ်ဆောင်သွားမည်ဖြစ်သည် ။

posted from Bloggeroid
No comments:
Post a Comment