Monday, February 15, 2016

အမျိုးသားကန်တော်ကြီးပြင်ဦးလွင်

အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)BUFFER zoneရေဝေရေလဲဧရိယာ
စက်မှုမြေငှားဂရန်သစ်ချ ပေးခြင်းကို စိမ်းလန်းပြင်ဦးလွင်နှင့်
အရပ်ဘက်လူမူအဖွဲ့ အစည်းပေါင်းစုံအရေးပေါ်စည်းဝေးဆုံဖြတ်
ချက်ဖြင့်ကန့် ကွက်သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အနာဂတ် မဲ့လေဘိ၊
ပဲ့ကြွေမည့် ရည်ရွယ်ရာ၊
နဲ့လေသည့် ချည်တွယ်ရာ၊
ဘယ်အခါ တော်တန်အား။
မလျော်ကန် ပျော်စံပါလို့၊
ပေါ်ပြန်လာ အနိဌာရုံများ။
အကြောင်းကံ ကောင်းပြန်သမျှ၊
အဟောင်းစံကြ အသစ်ဘယ်နား။
အပြစ်ငယ် သူတစ်ထူးကို၊
မစစ်ဖူး စစ်ဖူး စစ်သော်။
ဆန္ဒဂတိ ကြံဆလေတော့၊
ဟန်ကျသည့် အတွေးဥာဏ်ပေါ်။
အရေးတော်ဖန်တော့ အကြံငယ်သာ၊
အဆံဘယ်ရှာ အခွံငယ်ကျွတ်ပေမို့၊
အပြန်နယ်တကာ အစွံရွယ်ထုတ်မယ်လို့၊
အမြန်လုပ်ကြရှာ။
နှံတုပ်ရှာတဲ့ အုပ်စိုးသူတွေရယ်၊
အရိုးမူ ချန်ခဲ့အုံးကွဲ့လေး။ ။
မတွေးတော ဈေးပေါလေကျယ်၊
ချေးတောဝယ် နေသင့်လှလေး။
ပေါင်းလန်လို့ အားမရလေလျှင်၊
သွားကြပေ အ၀ီစိကွဲ့လေး။ ။
--------------------------------
(သူ့ဆန်စား၍ သူထားရာစံ အမှားကြံဝံ့ မကြံဝံ့ ဥာဏ်နှင့်ချင့်စေသောဝ်)...

အမျိုးသားကန်တော်ကြီးဥယျာဉ်ပတ်ဝန်းကျင်မှာရှိတဲ့ ကော်ဖီခြံများကိုစက်မှုလက်မှုဂရန်
ပေးမည့်ကိစ္စနှင့်ပတ်သက်၍ ပြောဆိုဝေဖန်သံများ ပွက်လောရိုက်နေသော်ငြားလည်း
ရွှေဘတို့ကမူ မသိသလိုသိသလိုနှင့် ကုလားအုပ်လမ်းစဉ်လိုက်ပြီး ဆက်မိုက်ဦးမည့်
သဘောမျိုးရှိနေပေသည်။
ပြင်ဦးလွင်ခရိုင်အုပ်ချုပ်ရေးမှူးကို ပြင်ဦးလွင်စိမ်းလန်းအဖွဲ့က သွားရောက်တွေ့စဉ်မှာ သူပြောသည့်စကားတစ်ချို့ကို
စိန်းလန်းပြင်ဦးလွင် Group တွင်ဖော်ပြထားရာ ဖတ်ရှုပြီးရုပ်လုံးဖော်ကြည့်ရသလောက်ဆိုပါလျှင်-
(၁) ၄င်းအနေနဲ့ မြို့မြေဧရိယာမှာပါတဲ့အတွက် ချထားပေးပိုင်ခွင့်ရှိကြောင်း၊
(၂) ပတ်ဝန်းကျင်ကိုထိခိုက်မှာမဟုတ်ကြောင်း၊
(၃) စည်းကမ်းသတ်မှတ်ချက်များ ရေးဆွဲပြီးဂရန်ချထားပေးမှာဖြစ်ကြောင်း၊
(၄) စိမ်းလန်းအနေနဲ့ အကြံပေးတင်ပြနိုင်ကြောင်း၊
(၅) ၄င်းကိစ္စကိုဆိုင်းငံ့ထားဖို့ မဖြစ်နိုင်ကြောင်း၊
စသည့်အချက်များပါဝင်လေသည်။
သို့ဖြစ်ရာ စကားဆိုလျှင် စကားထဲမှ ဇာတိကိုမြင်ရစမြဲဖြစ်သောကြောင့် သူ၏
စကားလုံးများကိုပင် အဓိပ္ပါယ်ကောက်ကြည့်ရန်လိုအပ်လာပြီဖြစ်ပေသည်။
(၁) မြို့မြေဧရိယာထဲမှာပါတိုင်း ဂရန်ချထားပေးပိုင်ခွင့်ရှိသလား။
မြို့မြေဧရိယာအတွင်းမှာကျရောက်ပြီးအစိုးရမှစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေဖြစ်လျှင်
ကော်လိတ္တော်အရာရှိမှ လိုင်စင်/ဂရန်စသည်တို့ချထားနိုင်သည်ဟု ဆိုနိုင်သော်လည်း တရားသေ လှေနံဓားထစ် စွဲယူလို့မရနိုင်ပါ။
အစိုးရကချထားနိုင်တဲ့မြေဟုတ်/မဟုတ် တိကျစွာပြောနိုင်သော အခြေအနေသည် ကာယကံရှင်မှမြေပုံ၊ မြေရာဇ၀င်နှင့်အတူ သက်ဆိုင်ရာ ထွေ/အုပ်ဌာနသို့လျှောက်ထား
လာသဖြင့် အဆိုပါဌာနမှ မြေငှားဂရန်အမှုတွဲဖွင့်လှစ်ပြီး လျှောက်ထားမြေနှင့်စပ်ဆိုင်
သည့် အစိုးရမှချထားပိုင်ခွင့်ရှိသောမြေ (Land at the disposal of government)
ဟုတ်/မဟုတ်၊ အခြားစိစစ်မေးမြန်းချက်များနှင့်၊ အခွန်တော်တွက်ချက်ခြင်းကိစ္စရပ်များ
ကိုဆောင်ရွက်ရန်မြို့နယ်မြေစာရင်း(ယခု မြို့နယ် လယ်/စီ/အင်း )ဌာနသို့အမှုတွဲပေးပို့
ကာမေးမြန်းပြီးနောက် မြို့နယ်မြေစာရင်းဦးစီးဌာနမှ ပြန်လည်ဖြေကြားချက်ရရှိမှသာ တရားဝင်ထုတ်ဖော်ပြောဆိုနိုင်သည့်အချက်အလက်ဖြစ်ပါသည်။
အစိုးရမှစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေဆိုရာတွင် အောက်မြန်မာပြည်မြို့နှင့်ကျေးရွာ
မြေများအက်ဥပဒေပုဒ်မ(၂)၊ ပုဒ်မ(၃)၊ ပုဒ်မ(၄)တို့အရ
-မြို့/ရွာမြေအဖြစ်သတ်မှတ်ထားသည့်ဧရိယာအတွင်းကျရောက်၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အစိုးရအနေဖြင့် အပိုင်ဖြစ်စေ၊ အငှားဖြစ်စေ ပေးအပ်ချထားခြင်းမရှိသောမြေများ၊
- မြေပိုင်ဆိုင်ခွင့်(သို့)မြေရှင်ဆိုင်ရာ
ဆိုင်ခွင့်အတွက် မည်သူ့ကိုမျှပေးအပ်ထားခြင်းမရှိသည့်မြေများ၊
-လက်ရှိဦးပိုင်ပေါက်ပိုင်ဆိုင်ထားခြင်းမရှိသည့်မြေများ၊ -လက်ဝယ်ထားပိုင်ခွင့်မရရှိသေးသည့်မြေများဖြစ်သည်။
မြို့မြေအတွင်းဖြစ်သော်လည်း လူနေထိုင်ရန်၊ စိုက်ပျိုးရန်အသုံးပြုခွင့်ရရှိထားသောမြေများ
မပါဝင်ချေ။
ထို့အတူ စက်ရုံအလုပ်ရုံ၊ တပ်မတော်၊ မီးရထား၊ သစ်တော၊ ဆည်မြောင်း၊ လမ်းတံတားစသော အစိုးရဌာနများမှ အသုံးပြုရန်သတ်မှတ်ထားပြီးသောမြေများလည်း
မပါဝင်။
သာသနာ၊ သုဿန်၊ အင်းအိုင်စသည့်မြေများလည်း မပါဝင်။
မြေငှားဂရန်ထုတ်ပေးထားသည့်မြေသည် နိုင်ငံတော်ပိုင်မြေပင်ဖြစ်သော်လည်းအဆိုပါထုတ်ပေးထားသည့်မြေငှားဂရန်သက်တမ်းကုန်ဆုံးခြင်းမရှိသေးသမျှ အစိုးရမှချထား
ပိုင်ခွင့်ရှိသောမြေမဟုတ်ချေ။ သို့ဖြစ်ရာ မြေစာရင်းဌာနမှ စာရင်းနှင့်မြေပုံများတွင်
အစိုးရမြေလပ်/မြို့မြေလပ်ဟု မှတ်တမ်းရှိသည်ဆိုရုံမျှဖြင့် ဂရန်ချထားပေးနိုင်သည်ဟု မဆိုနိုင်။ နောက်ခံအကြောင်းအရာအချို့ကို ကျွန်ုပ်တို့ လေ့လာကြည့်ကြဦးစို့။
ကော်ဖီခြံများအဖြစ် စိုက်ပျိုးခွင့်ပေးထားသောကန်တော်ကြီးရေဝေရေလဲဒေသဧရိယာများသည်
မြန်မာနိုင်ငံ၏တစ်ခုတည်းသော ကမ္ဘာကျော် ရုက္ခဗေဒဥယျာဉ်ဖြစ်ကြောင်း အများသိရှိကြပြီးဖြစ်ပါသည်။ အင်္ဂလိပ်အစိုးရအုပ်ချုပ်သည့်ကိုလိုနီခေတ်အတွင်း
၁၉၂၄ ခုနှစ်တွင် သစ်တောဌာနမှ အမိန့်ထုတ်ပြန်ကြေငြာပြီးတည်ထောင်ခဲ့စဉ်က အဆိုပါဥယျာဉ်သည် ဧရိယာဧက (၄၀၀)ကျော်ရှိခဲ့သည်ဟု မှတ်သားဖူးပါသည်။ ပထမကမ္ဘာစစ်အပြီး တူရကီစစ်သုံ့ပန်းများ၏ လုပ်အားဖြင့်ဆောင်ရွက်ခဲ့သော
ကန်တော်ကြီးနှင့်အတူပနံရလှသည့် သဘာဝသစ်မျိုးစုံပြသထားသည့် အမျိုးသားသဘာဝကန်တော်ကြီုးဥယျာဉ်သည် နိုင်ငံတကာမှကမ္ဘာလှည့်ခရီးသည်များ
အထူးစိတ်ဝင်စားသည့် ဥယျာဉ်တစ်ခုဖြစ်ပါသည်။အဆိုပါဥယျာဉ်တည်ထောင်ခဲ့သည့်
ရည်ရွယ်ချက်သည်သာမန်သဘာဝဥယျာဉ်တစ်ခုအဖြစ်ထက် များစွာပိုမိုသာလွန်သည့် ရည်ရွယ်ချက်များရှိခဲ့ပြီး ဒေသခံသစ်မျိုးရင်းများကို ထိန်းသိမ်းပြသထားခြင်းအပြင်
ကန်တော်ကြီးရေအရင်းအမြစ်ကိုထိန်းသိမ်းပြီး ရေဝေရေလဲဒေသများကိုတည်တံ့စေ
လျက် ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဂေဟစနစ်များမပျက်စီးစေရန်၊ပြည်သူလူထု
အား သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာများကိုပါပေးစွမ်းနိုင်ရန် ရည်ရွယ်တည်ထောင်ခဲ့သည်ဟု ဆိုနိုင်လေသည်။
ယခုအခါ အမျိုးသားကန်တော်ကြီးဥယျာဉ်အနီးတွင် အမျိုးသားအထိမ်းအမှတ်
ဥယျာဉ်ကိုပါ တည်ဆောက်ပြသထားသဖြင့် အဆိုပါရေဝေရေလဲဒေသ၏ရေရှည်
တည်တံ့ခိုင်မာမှုသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏အမျိုးသားပြယုဂ်
သင်္ကေတတစ်ခုအဖြစ်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။
၁၉၉၃ ခုနှစ်ခန့်က အမျိုးသားကန်တော်ကြီးဥယျာဉ်အနီးတွင် မြို့ကွက်သစ်တည်ရန်
ဒေသအာဏာပိုင်ဖြစ်သည့် ခ.၀.တ ဥက္ကဌ မှ အကောင်အထည်ဖော်ခဲ့သေးသည်။
မြေကွက်များကြိုတင်ချထားပြီး မြေကွက်ဘိုးပေးသွင်းငွေများဖြင့် လမ်းများဖောက်ခြင်း၊ အကွက်တွဲများဖော်ထုတ်ခြင်းတို့ကိုဆောင်ရွက်ပြီးမှ ကန်တော်ကြီးဒေသအနီးတွင်လူနေ
ရပ်ကွက်များတည်ထောင်ခြင်းသည်သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုဖြစ်စေကြောင်း ပညာရှင်တစ်ဦးမှတိုင်းမှူးထံတင်ပြခဲ့ရာထိုစဉ်က မန္တလေးတိုင်း တ.၀.တ ဥက္ကဌ ဗိုလ်ချုပ်ကျော်သန်းမှ ခွင့်မပြုသဖြင့် ပြန်လည်းဖျက်သိမ်းခဲ့ရသည်ဟု ကြားသိရဖူးသည်။
နောက်ပိုင်းတွင် အဆိုပါရေဝေရေလဲဒေသတည်တံ့မှုအတွက် အထောက်အပံ့
ဖြစ်စိမ့်သောအချက်ကို အကြောင်းပြု၍ ၁၉၉၄-၉၅ ခုနှစ်ခန့်မှစပြီး ကော်ဖီစီမံကိန်း
ဆောင်ရွက်မှုများသည် ၄င်းရေဝေရေလဲဒေသအတွင်းသို့ချဉ်းနင်းဝင်ရောက်လာခဲ့လေ
သည်။ ထိုစဉ်က နိုင်ငံတော်အကြီးအကဲဖြစ်သည့်ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ ပြင်ဦးလွင်မြို့
တွင် ကော်ဖီကိုတွင်ကျယ်စွာစိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်လမ်းညွှန်တိုက်တွန်းခဲ့သဖြင့်
ပြင်ဦးလွင်မြို့ကို ကော်ဖီမြို့တော်ဖြစ်စေရမည်ဟု မြို့အနှံ့ဆိုင်းဘုတ်ထောင်ကာ စီမံကိန်းအတွက်စည်းရုံးဆောင်ရွက်နေသည့်ကာလဖြစ်သည်။ စီမံကိန်းအတွက် မြေလွတ်မြေရိုင်း၊ တောရိုင်းမြေနှင့်သစ်တောမြေပါမကျန်စီမံချက်ချကာရှာဖွေနေသည့်ကာလတွင် ပြင်ဦးလွင် ကော်ဖီဌာနဒေသတာဝန်ခံမှ ကန်တော်ကြီးဒေသ
မြို့ပတ်လမ်းဘေးဝဲယာရှိ တောများကို မျက်စိကျကာ မြေနေရာရှာဖွေရေးအဖွဲ့နှင့်
ဒေသအာဏာပိုင်များကို အသိပေးရယူပြီးပုဂ္ဂလိကလုပ်ငန်းရှင်များကို နေရာချထားခဲ့လေ
သည်။ ထိုကဲ့သို့သမိုင်းဝင်နေရာတစ်ခုကို ကော်ဖီခြံ များအဖြစ်သို့ပြောင်းလဲရန်မှာ ထိုခေတ်ထိုအခါက နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရဆောင်ရွက်ခြင်းဟူသည့် အကြောင်းပြချက်တစ်ခုနှင့်ပင်လုံလောက်ခဲ့သည်။ ကော်ဖီမတိုင်မီကကနဦးကြွေးကြော်
ခဲ့ဖူးသည့်`` ပြင်ဦးလွင်မြို့ကို ပိုးစာမြို့တော်ဖြစ်စေရမည်´´ဟူသော ကြွေးကြော်သံသည် `` ပြင်ဦးလွင်မြို့ကို ကော်ဖီမြို့တော်ဖြစ်စေရမည်´´ဟူသည့် ပိုမိုကျယ်လောင်လာသော
ဒုတိယကြွေးကြော်သံအောက်တွင် တိုးတိမ်ကွယ်ပျောက်ခဲ့ရခြင်းနှင့်အတူ မေမြို့ ပိုးစာ
စိုက်ခင်းဟောင်းသည်လည်း ကော်ဖီခြံလုပ်ငန်းရှင်အမည်ခံ သူကောင်းမျိုးနွယ်နှင့်
ဘူဇွာများလက်သို့ သက်ဆင်းရရှာလေသည်။
အဆိုပါ ကော်ဖီခြံများကိုတည်ထောင်ရာတွင် မြန်မာ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်း တည်းဟူသော နိုင်ငံပိုင်လုပ်ငန်းဌာနတစ်ခုက အကြီးအကဲများ၏ မျက်နှာသာ
ပေးမှုအောက်တွင်ဦးဆောင်ခွင့်ရခဲ့ပြီး မြန်မာနိုင်ငံသမိုင်းတစ်လျှောက်လုံးတည်ဆဲ
ဥပဒေများတွင် တစ်ခါမျှ မတွေ့ရှိရဖူးသည့်နည်းလမ်းသစ်ဖြင့်လုပ်ငန်းရှင်များကို
မြေနေရာချထားသည့် အမိန့်စာများကို စိတ်ကြိုက်စည်းကမ်းချက်များပြဌာန်းလျှက် ထုတ်ပြန်ဆင့်ဆိုခဲ့လေသည်။ (ကော်ဖီစီမံကိန်းသမိုင်းတွင်
ပထမဆုံး ဥပဒေဖောက်ဖျက်ခြင်း)။
ထိုစဉ်က သက်ဆိုင်ရာစီမံခန့်ခွဲခွင့်ရှိသည့် ဌာနများသည် နိုင်ငံတော်အကြီးအကဲ၏
လမ်းညွှန်ချက်ဟူသည့် စကားရပ်အောက်တွင် နှာစေးခဲ့ကြသည်။ နောက်ထပ် အကြောင်းပြချက်တစ်ရပ်မှာ ကော်ဖီစိုက်ပျိုးရာတွင် အရိပ်ပင်များကို ဦးစွာစိုက်ပျိုးရသဖြင့် အဆိုပါအရိပ်ပင်များသည် တောအုပ်သဖွယ် ရေဝေရေလဲဒေသကိုသဘာဝအတိုင်းအကျိုးပြုလိမ့်မည် ဟူ၏။ ထိုအကြောင်းပြချက်သည်သစ်တောကြိုးဝိုင်းမြေများကို ကော်ဖီခြံ
လုပ်ငန်းရှင်များအားခွဲဝေချထားရာတွင် များစွာတွင်ကျယ်ခဲ့လေသည်။ သစ်တောဌာန၏မူအတိုင်း တစ်ဧကလျှင် အရိပ်ပင် (၂၇၀)မျှစိုက်ပျိုးပြီး မြေငှားခ
ပေးသွင်းလျှင် ထိုမြေကို လုပ်ငန်းရှင်ကစိတ်ကြိုက်လုပ်ခွင့်ရလေသည်။ ရှိပြီးသော
သဘာဝသစ်ပင်များကို မြေထိုးစက်ဖြင့်ထိုးပြီးလျှင် ခါတော်မှီ၊ ကသစ် စသည့်
အရိပ်ပင်များကိုစိုက်ပျိုးကြရာ ဖြစ်ထွန်းအောင်မြင်သည့်ခြံများတွင် တောအုပ်သဖွယ်
ဖြစ်လာသော်လည်း မြေရလျှင်ပြီးရောသဘောဖြင့်တာဝန်ကျေရုံမျှစိုက်သည့်စိုက်ခင်း
များတွင် အရိပ်ပင်များက တောဖြစ်မလာသည့်အပြင်မူလသဘာဝတောပါကွယ်ပျောက်၍
ယောင်မထုံးနိုင်သည့် တောင်ကတုံးများဖြစ်ရလေတော့သည်။
ကန်တော်ကြီးရေဝေရေလဲဒေသတွင်ထိုကဲ့သို့ မြေထိုးစက်ဖြင့်သဘာဝတောကိုရှင်းပစ်
ပြီးလျှင် အချိန်မှီတောပြန်လည်မဖြစ်ထွန်းသဖြင့် ၁၉၉၆ ခုနှစ်က ရေခမ်းခြောက်ခြင်း
အန္တရာယ်ကို ကြုံရဖူး၏။ မြေချထားစဉ်ကစည်းကမ်းချက်များပါသော်လည်း မြေချထားခံရ
သူများမှာ အကောင်ကြီး၍ အမြီးရှည်သော စေတလုံးပိုင်ရှင်များဖြစ်လေရကား
စည်းကမ်းချက်ပါအတိုင်းမဆောင်ရွက်လျှင်လည်း အရေးယူခြင်းမပြုနိုင်ရုံမျှမက သတ်မှတ်ချက်အတိုင်းစိုက်ပျိုးပြီးကြောင်းလည်း လိမ်လည်တင်ပြပေးကြရပြန်သေးသည်။
ထိုခေတ်တစ်လျှောက်လုံး တစ်ထောင့်တစ်ညကော်ဖီစီမံကိန်းပုံပြင်သည်လည်း လိပ်နှင့်နင်လားငါလားအပြေးပြိုင်လာပြီး လုပ်ငန်းရှင်များသည် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု
စီးပွားရေးဈေးကွက်တွင် များစွာအရှုံးပေါ်ခဲ့ကြကာ၂၀၁၀ခုနှစ်နောက်ပိုင်း မြေအရောင်း
အ၀ယ်ဈေးကွက်သို့ အားကျမခံဝင်ရောက်လာခဲ့သည်။ မြေတန်ဘိုးရှိလာသဖြင့်
မိမိတို့ဘက်က ရေဝေရေလဲဒေသကို တောအုပ်ဖြစ်စေပြီးအတုံ့အလှည့်အနေဖြင့်
မြေကိုအသုံးချပြီးကော်ဖီစိုက်ပျိုးထုတ်လုပ်ရောင်းချခွင့်ရယူသည့်အနေအထားမှ
မြေအပိုင်ရယူလိုသည့် မတော်လောဘများဝင်ရောက်လာခြင်းသည်အမျိုးသား
ကန်တော်ကြီးဥယျာဉ်ကိုယခုကဲ့သို့ဘေးဆိုးကပ်ဆိုးဆိုက်ရောက်စေသည့်
အဓိကအကြောင်းအချက်တစ်ရပ်ဖြစ်လာသည်။
ထိုသို့သမိုင်းကြောင်းအနည်းငယ်မျှကို ပြန်ပြောင်းကြည့်ရုံမျှဖြင့်
(က) အမျိုးသားကန်တော်ကြီးဥယျာဉ်(၀ါ)ရုက္ခဗေဒဥယျာဉ်တည်ရှိရာ ရေဝေရေလဲဒေသ
တစ်ခုလုံးသည်၁၉၂၄ ခုနှစ်ကသစ်တောဌာနမှအမိန့်ပြန်တမ်းထုတ်ပြန်၍သဘာဝ
ဥယျာဉ်အဖြစ် စတင်တည်ထောင်ခဲ့ခြင်းကြောင့်လည်းကောင်း၊
(ခ) အများပြည်သူဆိုင်ရာ သဘာဝရေစီးရေလာအရင်းအမြစ်များရှိရာဒေသဖြစ်သဖြင့်လည်းကောင်း၊
(ဂ) ကော်ဖီစီမံကိန်းကို ကန်တော်ကြီးဒေသတွင် ဆောင်ရွက်ရန် ရည်ရွယ်ခဲ့ကြစဉ်က အဆိုပါအများပြည်သူဆိုင်ရာ ရေဝေရေလဲဒေသကြီးနှင့်သဘာဝပတ်ဝန်းကျင်ဂေဟစနစ်
တို့ကိုပိုမိုတိုးတက်ကောင်းမွန်စေမည့်သဘာဝတောအုပ်ကြီးအဖြစ် ကော်ဖီစီမံကိန်း
မှဖော်ဆောင်ပေးပြီး အတုံ့အလှည့်အနေဖြင့် အဆိုပါ သဘာဝတောအုပ်ကြီးကို
အမှီပြုလျှက် ကော်ဖီစိုက်ပျိုးသူများမှ ကော်ဖီစိုက်ပျိုးထုတ်လုပ်ခွင့်ကို အပြန်အလှန်
ရယူသော စနစ်ဖြင့်သာ ဆောင်ရွက်ရန်ဖြစ်ခြင်းကြောင့်လည်းကောင်း၊
(ဃ) ကော်ဖီစီမံကိန်းဆောင်ရွက်စဉ်ကလည်းတည်ဆဲဥပဒေများနှင့်အညီ မြေနေရာ
သတ်မှတ်ချထားပိုင်ခွင့်ရှိသော ဌာန/အဖွဲ့အစည်းများမှ စနစ်တကျချထားခဲ့ခြင်း
မဟုတ်မူပဲ နိုင်ငံတော်၏စီးပွားရေးဦးတည်ချက်မူဝါဒဆိုင်ရာယေဘူယျလမ်းညွှန်ချက်
တစ်ရပ်ကိုအကိုးအကားပြု၍ မြေယာချထားပိုင်ခွင့်မရှိသည့် နိုင်ငံပိုင်လုပ်ငန်းဌာနတစ်ခုမှ
အခြားမည်သည့် တည်ဆဲအက်ဥပဒေတစ်ရပ်ကိုမျှ အခြေပြုခြင်းမရှိပဲ စိတ်ကြိုက်
စည်းကမ်းချက်များသတ်မှတ်ပြီးလျှင် ကော်ဖီစိုက်ပျိုးမည့်လုပ်ငန်းရှင်များအားချထားခဲ့ခြင်း
ဖြစ်၍ ဥပဒေနှင့်ညီညွတ်သော ဆောင်ရွက်ချက်ဟု မဆိုနိုင်သဖြင့်လည်းကောင်း၊
(င) ထိုဥပဒေနှင့်အညီမဟုတ်သည့် မြေနေရာချထားချက်ကိုပင်လျှင် နှစ်ပေါင်း
(၂၀)ကျော်ကြာမြင့်သည့်ယခုကာလတိုင်အောင် ပြန်လည်ကုစားခြင်းမရှိ၊တရားဝင်
အခွင့်ရသည့်ပမာလုပ်ကိုင်ပြောဆိုသုံးနှုန်းရေးသားနေကြသည့်အပြင် စည်းကမ်း
ချက်အတိုင်းလည်း အပြည့်အ၀ဆောင်ရွက်မှုမရှိကြသေးသဖြင့် မူလရည်မှန်းချက်နှင့်
သွေဖည်နေခြင်းကြောင့်လည်းကောင်း၊
အမျိုးသားကန်တော်ကြီးဥယျာဉ်(၀ါ)ရုက္ခဗေဒဥယျာဉ်တည်ရှိရာ ရေဝေရေလဲ
ဒေသတစ်ခုလုံးသည် အများပြည်သူဆိုင်ရာ နိုင်ငံတော်နှင့်ပြင်ဦးလွင်မြို့၏အမှတ်
အသား၊သင်္ကေတ ပြယုဂ်တစ်ခုအဖြစ်မှမည်သည့်အကြောင်းနှင့်မျှ လျော့ပါးဆုံးရှုံး
စေခြင်းမရှိသင့်သည်ကို ထင်ရှားစွာမြင်သိသုံးသပ်နိုင်ကြမည်ဖြစ်ပါသည်။
ထိုသို့ ထင်ရှားစွာဆင်ခြင်သုံးသပ်နိုင်လောက်သည့်အကြောင်းရင်းများ
ရှိသော်လည်း`` မြို့မြေဧရိယာမှာပါတဲ့အတွက် ချထားပိုင်ခွင့်ရှိကြောင်း ´´ ခရိုင်အုပ်ချုပ်
ရေးမှူးမှ ဆိုခဲ့သည်ဖြစ်လျှင် ××××××××××××× ဆင်ခြင်တွေးတောသုံးသပ်ကြပါကုန်။

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
၂။ ပတ်ဝန်းကျင်ထိခိုက်နစ်နာမှုမရှိဟု မည်သည့်အချက်များကိုအခြေပြုယုံကြည်ကြမည်နည်း။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ရေဝေရေလဲရပ်ဝန်းဒေသတစ်ခုအဖြစ် အစဉ်တစိုက်ထိန်းသိမ်းလာသောနေရာကို လူနေထိုင်ရန်(သို့မဟုတ်)စက်မှုလက်မှုလုပ်ငန်းအသုံးပြုရန် မြေငှားဂရန်များချထားပေး
မည်ဆိုပါက သဘာဝပတ်ဝန်းကျင်ထိခိုက်နစ်နာမှုရှိ/မရှိဆိုသည့်အချက်မှာကျွန်ုပ်တို့၏
အရာမဟုတ်ချေ။ သက်ဆိုင်ရာနယ်ပယ်တွင်ကျွမ်းကျင်မှုရှိသည့် ပညာရှင်များ၏အရာ
သာဖြစ်သည်။ အခွင့်အာဏာကိုအခြေပြု ဆုံးဖြတ်ရစကောင်းသောအရာလည်းမဟုတ်။
ဆင်ခြင်တုံတရားကိုသာအခြေပြုရန်ဖြစ်သည်။ သက်ဆိုင်ရာ နယ်ပယ်တွင်ကျွမ်းကျင်မှုရှိ
သည့်ပညာရှင်များ၏ သုံးသပ်အကြံပြုချက်အပေါ်တွင် ဝေဖန်ပိုင်းခြားရန်ဖြစ်သည်။ သို့တိုင်အောင် အမျိုးသားကန်တော်ကြီးရေဝေရေလဲဒေသတွင် ကော်ဖီခြံများကို စက်မှု
လက်မှုဂရန်ထုတ်ပေးမည့်အစီအစဉ်သည် မည်သည့်သီးခြားလွတ်လပ်သော ပညာရှင်
တစ်ဦးတစ်ယောက်ကိုမျှအကြံပြုချက်ရယူခြင်းမရှိခဲ့ပေ။ ထို့နည်းတူ အများပြည်သူဆိုင်ရာ
ရေအရင်းအမြစ်များတည်ရှိရာနယ်မြေကို ပုဂ္ဂလိကသို့ မြေငှားဂရန်များချထားပေးမည့်
အစီအစဉ်ကို မြို့သူမြို့သားများအား တစ်နည်းနည်းဖြင့် အသိပေးခြင်း (သို့)သိရှိစေခြင်း၊ သဘောထားကို စနည်းနာခြင်းများကို မပြုခဲ့ချေ။ အာဏာရှင်စနစ်တို့၏ မူဝါဒနှင့်လုပ်ငန်း
အစီအစဉ်များသည်လျှို့ဝှက်ကိစ္စများဖြစ်သော်လည်း ပြည်သူရွေးကောက်တင်မြှောက်
သည့် ဒီမိုကရေစီလမ်းစဉ်တွင် မူဝါဒနှင့်လုပ်ငန်းအစီအစဉ်များသည် အများပြည်သူ
လူထု၏ အကျိုးစီးပွားကိုသာဦးတည်သဖြင့် ပြည်သူ့ဆန္ဒကို အနီးစပ်ဆုံးထင်ဟပ်စေ
သည့်ဝေဖန်ဆန်းစစ်ချက်များကိုရယူကြရစမြဲဖြစ်သည်။ ယခုကဲ့သို့ ဒီမိုကရေစီလမ်းစဉ်
ကျင့်သုံးနေပြီဖြစ်သည့်အခါကာလတွင် အဆိုပါ ပြည်သူ့သဘောထားရယူရမည့်
ကိစ္စမျိုးသည်ဒေသအာဏာပိုင်များအတွက် ခက်ခဲသောလုပ်ငန်းစဉ်များမဟုတ်ပေ။ မြို့မိမြို့ဖ၊ အထောက်အကူပြုကော်မတီစသည့် ဒေသခံပြည်သူနှင့်ကြားခံဆောင်
ရွက်ပေးနိုင်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ရှိပြီးဖြစ်သည်။ ယခုကိစ္စရပ်တွင် ပြည်သူ
ရွေးကောက်တင်မြှောက်ခံမဟုတ်သည့် ၀န်ထမ်းတစ်ပိုင်း၊ ဒေသအာဏာပိုင်ဖြစ်သော ခရိုင်အုပ်ချုပ်ရေးမှူး သည် ပြည်သူ့ဆန္ဒကို စနည်းနာစေခြင်းမရှိခဲ့။ ၄င်းအနေဖြင့် တတ်စွမ်းနိုင်သည့် လူထုသဘောထားကိုပင် သိရှိရန်အားထုတ်ခဲ့ခြင်းမရှိသည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုရှိ / မရှိဆိုသည့် ပညာရှင်တို့၏အရာကို ထည့်သွင်းစဉ်းစားနိုင်ခြင်းမရှိခဲ့သည်မှာ ယုံမှားဖွယ်မရှိပေ။
ကျွနုပ်တို့အနေဖြင့် ပညာရှင်များ၏ အခန်းကဏ္ဍကို ပါဝင်ဝေဖန်ရန် မသင့်ပေ။ သက်ဆိုင်သူတို့၏ ပြုမူဆောင်ရွက်ချက်အပေါ်မူတည်၍ ဝေဖန်ထောက်ပြရန်သာရှိသည်။
ကန်တော်ကြီးပတ်ဝန်းကျင်ဒေသကို စိမ်းလန်းစိုပြေစေရန်နှင့်သဘာဝဂေဟစနစ်များ
မပျက်စီးစေရန်မှာ သဘာဝအတိုင်းရှိသော သစ်တောသစ်ပင်များကို ပျက်စီးလျော့ပါးခြင်း
မရှိစေရန် ပထမဦးစားပေးဆောင်ရွက်သင့်သည်ဆိုလျှင် အငြင်းပွားဖွယ်ရှိမည်မထင်ပါ။ ၁၉၉၆ ခုနှစ်ပတ်ဝန်းကျင်ကစတင်ခဲ့သောကော်ဖီစီမံကိန်းသည် ကန်တော်ကြီးရေဝေ
ရေလဲဒေသကို တောအုပ်များဖြစ်စေပြီးသဘာဝဂေဟစနစ်ကိုများစွာအထောက်
အကူဖြစ်စေမည်ဟု ကြွေးကြော်ခဲ့သော်ငြားလည်း ရှိပြီးဖြစ်သည့်သဘာဝတောများ
ကိုမြေထိုးစက်များဖြင့်ဖယ်ရှားပစ်ခဲ့သဖြင့် ပြန်လည်စိုက်ပျိုးသောအရိပ်ပင်များ၏ ဖြစ်ထွန်းမှုအခြေအနေမှာ မူလသဘာဝတောကိုပင် မမှီခဲ့ချေ။ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးသဖြင့်
ကန်တော်ကြီးတွင် ရေခမ်းခြောက်ခဲ့ပြီး ညောင်နီရေထွက်မှ ရေသွယ်မြောင်း တူးဖော်ခဲ့ရ
သည်အထိ အခြေအနေဆိုးရွားခဲ့သည်ကို မေမြို့ မြို့ခံများမှတ်မိကြဦးမည်ထင်ပါသည်။ ကန်တော်ကြီး ကန်ဘောင်နှင့်ပေ(၇၀၀)ခန့်အထိနီးကပ်စွာ နယ်နမိတ်ရယူ အကွက်ရိုက်ကာ ဆောင်ရွက်ခဲ့သည့် ကော်ဖီခြံများသည် ယနေ့အထိ နှစ်ပေါင်း(၂၀)
နီးပါးကြာမြင့်သည်အထိ တောအုပ်မဖြစ်ခဲ့သေးချေ။ နန်းမြင့်မျှော်စင်၏ အနောက်ဘက်
ယွန်းယွန်းတွင်ရှိသော ပြင်ဦးလွင်ဂေါက်ကွင်းနှင့် နယ်နမိတ်ထိစပ်လျှက်ရှိသည့်ခြံများ
သည် ကော်ဖီခြံနှင့်မတူပဲ ဇိမ်ခံအပမ်းဖြေရန်ဆောက်လုပ်ထားသည့် လူနေခြံမြေများ
အသွင်ဆောင်လျှက်ရှိသည်။
သဘာဝဂေဟစနစ်မပျက်စီးစေရန် ပတ်ဝန်းကျင်ရှိ သစ်တောများမပျက်စီးစေပဲ
ထိန်းသိမ်းကာကွယ်ရန်လိုအပ်ကြောင်းအများသိရှိပြီးဖြစ်သည်။ မည်သို့ကာကွယ်မည်
နည်း။
ပြန်တမ်းဖြင့်ကာကွယ်ထားသည့်ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောများကိုပင် ကော်ဖီစိုက်ခင်းများထူထောင်စေသည့်အခါ တောအုပ်များမဖြစ်လာရုံမျှမကရှိပြီးသစ်တောများပင်
ပြုန်းတီးပြီးတောင်ကတုံးဖြစ်သွားစေခဲ့လေသည်။အမျိုးသားကန်တော်ကြီးဥယျာဉ်ကဲ့သို့
မြန်မာနိုင်ငံတွင်တစ်ခုတည်းသောသဘာဝဥယျာဉ်တောကို ကော်ဖီစိုက်ခင်းထူထောင်
စေလိုက်သည့်အခါ သဘာဝတောများပျက်စီးသည့်အပြင် မြို့မြေနယ်နမိတ်အတွင်း
ဖြစ်သဖြင့် မတော်လောဘများ တက်လာပြီးလျှင် ပုဂ္ဂလိကပိုင်အဖြစ် စိတ်ကူးပေါ်ပေါက်
လျှက် အပမ်းဖြေအိမ်ယာများကို သူ့ထက်ငါဆောက်လုပ်ခြင်း၊ စည်းကမ်းချက်များကို
ဖောက်ဖျက်ပြီး လက်လွှဲရောင်းချခြင်း များ ပေါ်ပေါက်လာခဲ့သည်။ အဆိုပါ ဥပဒေနှင့်
မညီညွတ်သည့်လုပ်ဆောင်ချက်များကို ပြုလုပ်ခြင်း၊ စီမံကိန်းပါစည်းကမ်းချက်များ
အတိုင်း အကောင်အထည်ဖော်ရန်ပျက်ကွက်ခြင်းများကို အရေးယူခြင်း၊ ကုစားခြင်းများ လုပ်ဆောင်ရမည့်အစား မြို့မြေဖြစ်သောကြောင့်ဂရန်ပေးခွင့်ရှိသည်ဟုဥာဏ်ပညာမဲ့
စွာပြောဆိုလျှက် နည်းပေးလမ်းပြုခြင်းသည် ပြည်သူလူထုနှင့်နိုင်ငံကိုသစ္စာမဲ့ရာ
ကျသည်ဟုနားမလည်လေသလောမသိနိုင်ချေ။ ထိုသို့ဂရန်ပေးခြင်းဖြင့် မူလက
ကတိက၀တ်ပြုထားသော ရေဝေရေလဲဒေသကို သဘာဝတောအုပ်အဖြစ်ပေါ်ပေါက်
ဖြစ်ထွန်းစေခြင်းနှင့်ကော်ဖီစိုက်ပျိုးခွင့်ရခြင်းတည်းဟူသောအပြန်အလှန်သဘော
တရားသည် ကုန်ဆုံးလျှက် ပုဂ္ဂလိကပိုင်ဆိုင်မှုအဖြစ်သို့ရောက်ရှိပေလိမ့်မည်။ ထိုအခါ ပိုင်ဆိုင်သူတို့သည် ၄င်းတို့စိတ်ကြိုက် ရောင်းချ၊ ပေါင်နှံ၊အခြားနည်းသုံးစွဲခွင့်များကို
အလိုလိုရရှိပြီးဖြစ်သဖြင့် ယခင်က စည်းကမ်းပျက်ရုံသာရှိသော်လည်း ယခုသော် လိုင်စင်ရသူမိုက်ကဲ့သို့ရှိမည်မှာမလွဲပေ။ မူဝါဒပိုင်းအရ မည်သို့ကာကွယ်သည်ဖြစ်စေ တည်ဆဲဥပဒေအရ နိုင်ငံသားတစ်ဦးရရှိထားသည့် အခွင့်အရေး (တစ်နည်းဆိုရလျှင်)ရရှိပြီးဖြစ်သည့် ဂရန်စာချုပ်ပါ စည်းကမ်းချက်များကို တားဆီးရန် လက်တွေ့အားဖြင့် ဖြစ်နိုင်ချေနည်းပါးလေသည်။ သို့ဖြစ်၍ခရိုင်အုပ်ချုပ်ရေးမှူး
ပြောဆိုခဲ့သည့်အတိုင်းအမျိုးသားကန်တော်ကြီးဥယျာဉ်၏ ရေဝေရေလဲဒေသများကို စက်မှုလက်မှုဂရန်များထုတ်ပေးခြင်းသည် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဆိုခြင်းကို ကျွန်ုပ်တို့မြို့သူမြို့သားများမှ မည်သို့ပုံ၍ ယုံရမည်နည်းဟုသာ မေးသင့်လှပေသည်။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
(သူ့ဆန်စား၍ သူထားရာစံ အမှားကြံဝံ့ မကြံဝံ့ ဥာဏ်နှင့်ချင့်စေသောဝ်)
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ခရိုင်အုပ်ချုပ်ရေးမှူးက ဆိုခဲ့သည်မှာ မြို့မြေဧရိယာတွင်ပါဝင်သဖြင့် ၄င်းအနေ
ဖြင့်ဂရန်ပေး
ခွင့်ရှိကြောင်း-
-------------------------------------------------------

The Lower Burma Town and Village Lands Act တွင်ပါဝင်သည့်ပြဌာန်းချက်အချို့ကိုကြည့်ပါ
section(3) (1) Nothing in Chapter II shall apply to the following lands,namely:-
(a) the soil of any river,canal,tank,drain,embankment,public road or natural water-course:
The Lower Burma Town and Village Lands Act တွင် ပြဌာန်းထားသည့် ဖော်ပြချက်များအရ၄င်းဥပဒေ အခန်း(၂)တွင် မြို့နှင့်ကျေးရွာအားလုံးရှိ မြေနှင့်သက်ဆိုင်သော အခွင့်အရေးများကိုဖော်ပြထားပြီး အထက်ဖော်ပြပါပုဒ်မ(၃)
တွင်ဖော်ပြထားသည့် မြေအမျိုးအစားများမှာ အဆိုပါအခွင့်အရေးများနှင့်မသက်ဆိုင်ပါ။
ကန်တော်ကြီးရေဝေရေလဲဧရိယာနှင့်ပတ်သက်၍ လက်ရှိအစိုးရမှ စက်မှုလက်မှုဂရန်ထုတ်ပေးရန်ကြိုးစားနေကြသည့် မြေနေရာများသည် natural water-course ဟူသည့်စကားရပ်တွင် အကျုံးဝင်ခြင်းရှိ/မရှိ သဘာပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ၏ အကြံပြု သက်သေခံချက်များက အခရာ ဖြစ်လာမည်ဟု ယူဆရပါသည်။
natural water-course ဟူသည့် သဘာဝရေစီးရေလာအရင်းအမြစ်များတည်ရှိသည့်မြေများသည်အစိုးရမှချထားပေးနိုင်သည့်မြေ ( Land at the disposal of government) မဟုတ်သဖြင့် ခရိုင်ဝန်က ဂရန်ထုတ်ပေးနိုင်သည့်မြေ
မဟုတ်ပေ။ ခရိုင်အုပ်ချုပ်ရေးမှူးပြောသည့်အတိုင်း မြို့မြေဧရိယာတွင်ပါဝင်
သဖြင့် ၄င်းအနေဖြင့်ဂရန်ပေးခွင့်ရှိကြောင်းပြောကြားချက်သည် ယေဘူယျဆန်လွန်းသည့်အတွက် ကျွန်ုပ်တို့အနေဖြင့် အောက်ပါအချက်များကို လေ့လာစိစစ်ရန် လိုအပ်ပေလိမ့်မည်။
(၁) လျှောက်ထားသူများက စက်မှုမြေငှားဂရန်ထုတ်ပေးရန်တင်ပြခဲ့သည့်အခြေ
အနေ၊
(၂) အဆိုပါလျှောက်လွှာနှင့်အတူ လိုအပ်သော ၁၀၅/၁၀၆ များ တပါတည်းပူး
တွဲတင်ပြခဲ့ခြင်းရှိ/မရှိ၊
(၃) ခရိုင် ထွေ/အုပ်မှ မြေငှားဂရန်အမှုတွဲစတင်ဖွင့်လှစ်ခဲ့သည့်အချိန်ကာလ၊
မြို့နယ်ထွေ/အုပ်သို့ အမှုတွဲလိုအပ်ချက်များဆောင်ရွက်ရန်ပေးပို့ခဲ့သည့်
အချိန်ကာလနှင့် မြို့နယ်ထွေ/အုပ်မှ မြေရာဇ၀င်ဖြေကြားချက်များသိရှိနိုင်
ရန် မြေစာရင်း(ယခု လယ်စီ/အင်း ဌာန)သို့ အမှုတွဲပေးပို့မေးမြန်းခဲ့သည့်
အချိန်ကာလတို့၏ ဆက်နွယ်မှုအခြေအနေနှင့် အစီအစဉ်ကျန မှန်ကန်မှုရှိ/
မရှိ၊
(၄) မြေစာရင်းဌာနမှ ၄င်းမြေဧရိယာများကို အစိုးရမှချထားပေးနိုင်သည့်မြေ
ဟုတ်/မဟုတ်ဆိုသည့်အချက်ကို မည်သို့ဖြေကြားခဲ့သည်ဆိုသည့်အချက်၊
(၅) မြေစာရင်းဌာနမှ မြေရာဇ၀င်ပြန်ကြားလာသည့်အခါ အစိုးရမှ ချထားပေး
နိုင်သောမြေဖြစ်သည်ဟု ဖြေကြားထားပါက ကန့်ကွက်လွှာဆက်လက်
ခေါ်ယူရသည်ဖြစ်ရာ ထိုသို့ကန့်ကွက်လွှာခေါ်ယူထားသည့်ကာလသည်
အစီအစဉ်အတိုင်း နည်းလမ်းတကျဆောင်ရွက်ခဲ့ခြင်း ဟုတ်/မဟုတ်၊
စသည်တို့ကိုလေ့လာကြည့်လျှင်အဆိုပါ စက်မှုမြေငှားဂရန်ချထားပေးမည့်လုပ်ငန်းကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ပုံမှန်လုပ်ဆောင်ခြင်းဟုတ်/မဟုတ်၊ အလျင်စလို တက်သုတ်ရိုက်ဆောင်ရွက်နေခြင်း ဟုတ်/မဟုတ် စသည့်အခြေအနေမှန်ကို အနီးစပ်ဆုံး သုံးသပ်နိုင်မည်ဖြစ်ပါသည်။
အစိုးရမှ ချထားပိုင်ခွင့်ရှိသောမြေမဟုတ်ပါပဲ ချထားပိုင်ခွင့်ရှိသည်ဟု မြေစာရင်းဌာန၏မြေရာဇ၀င်ဖြေကြားချက်တွင် ပါရှိခဲ့ပါလျှင် အမျိုးသားကန်တော်ကြီး
ဥယျာဉ်၏ ရေဝေရေလဲဒေသအတွင်းစက်မှုဂရန်များပေးရန် လုပ်ဆောင်နေမှု
နှင့်ပတ်သက်၍ မှန်ကန်မှုအပေါ်မူတည်ပြီးသက်ဆိုင်သူအသီးသီးတွင် တာဝန်ရှိလာမည်ဟုယူဆရပေသည်။ ကျွနုပ်တို့ မျက်ခြေမပြတ်လေ့လာစောင့်ကြည့်
နေကြရမည့် ကိစ္စရပ်လည်းဖြစ်ပါသည်။
အများပြည်သူဆိုင်ရာ သဘာဝရေစီးရေလာအရင်းအမြစ်များတည်ရှိရာမြေ ဟုအတည်ပြုနိုင်ရန် ဆိုင်ရာကဏ္ဍအလိုက်ကျွမ်းကျင်သူပညာရှင်များ၏ အကြံပြု
စောင့်ရှောက်မှုများရရှိရန် စိမ်းလန်းပြင်ဦးလွင်မှစွမ်းဆောင်သွားနိုင်လိမ့်မည်ဟု
ယုံကြည်ပါသည်။

posted from Bloggeroid

No comments:

Post a Comment