Saturday, February 20, 2016

ပြည်တွင်းစစ်ကြောင့် ခရီးသည်တင်ကားနဲကုန်တင်ကာထိခိုက်


သောင်းကျန်းသူများပစ်ခတ်သော လက်နက်ကြီးကျည်များ ခရီးသည်တင်ကား ၂စီး နှင့်ကုန်တင်ကား ၁ စီးကိုထိမှန်၊ ၃ ဦးဒဏ်ရာ ရ

================================
ကမ္ဘောဇတိုင်းသတင်းဂျာနယ်မှ
~~~~~~~~~~~~~~~~

လားရှိုး၊ ဖေဖော်ဝါရီ ၂၀ ။နေ့ သစ်မောင်။

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်၊ ည ၁၀း၃၀ အချိန်ခန့် တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး-သိန်းနီ အဝေးပြေးကားလမ်း၊ မိုင်တိုင်အမှတ် (၁၈၄-၆) နှင့် (၁၈၅-၀) ကြား၊ ၁၂ မိုင်ကုန်းဆင်းတွင် သောင်းကျန်းသူများက လမ်း၏ ယာဘက်တောင်ကြောပေါ်မှပစ်ခတ်သည်ဟုယူဆရသော လက်နက်ကြီးကျဉ် (၂)လုံး ကတ္တရာလမ်းနှင့် မြေသားလမ်းအစပ်တွင် ကျရောက်ပေါက်ကွဲခဲ့ရာ ခရီးသည်တင်မှန်လုံယာဉ် (၂)စီးနှင့်ကုန်တင်ယာဉ် (၁)စီး တို့ ကို မိုင်းစများထိမှန်ခဲ့သဖြင့် ကားများပျက်စီးကာ ခရီးသည် (၃)ဦးဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူး ရုံးမှ တာဝန်ကျရဲအရာရှိတစ်ဦးကဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့အတည်ပြုပြောသည်။

"အဲဒီနေ့ အဲဒီအချိန်မှာ စစ်ယာဉ်တန်းက လားရှိုးဘက်ကနေ မူဆယ်ဘက်ကို မောင်းလာတာပါ။ ထိခိုက်ပျက်စီးသွား တဲ့ ကား (၃)စီးက မူဆယ်ဘက်ကနေ လားရှိုးဘက်ကို မောင်းလာတာပါ။ မိုင်တိုင် ၁၈၄-၆ နဲ့  ၁၈၅-၀ ကြားမှာ စစ် ယာဉ်တန်းနဲ့ တွေ့ လို့  ဒီကားတွေက လမ်းဘေးချ၊ရပ်ပြီးရှောင်ပေးခဲ့ပါတယ်။ စစ်ယာဉ်တန်းဖြတ်သွားပြီး ၂-မိနစ်ခန့်  အကြာမှာ လက်နက်ကြီးကျည် (၂)ကြိမ်ကျရောက်ပြီး အရပ်သားကားတွေကိုထိခိုက်ပြီးတော့ လူတွေဒဏ်ရာရရှိခဲ့
တာ ဖြစ်ပါတယ် "ဟု ၄င်းက ပြောပြသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ယာဉ်မောင်း ဦးဝင်းအောင်ဌေး မောင်းနှင်သော 6C/1281 အားသစ်မှန်လုံအမြန်ယာဉ်၏ ရှေ့ မှန်ကြေမွပြီး ယာဉ်ဘေးနံရံကို မိုင်းစထိမှန်ခဲ့ကြောင်း၊ ယာဉ်မောင်း ဦးမင်းအောင် မောင်းနှင်သော ၆ခ/၄၃၀၀ ရွှေပြည့်စုံ မှန်လုံအမြန်ယာဉ်၏ ရှေ့ မှန်ကွဲခဲ့ပြီး ဘီးပေါက်ခဲ့ကြောင်း၊ ယာဉ်မောင်း ဦးဝင်းမြင့်သူ မောင်းနှင်သော 7H/9494 (၁၂)ဘီးကုန်တင်ယာဉ်၏ ရှေ့ မှန်ကွဲကာ လေအိုးနှင့် တာယာ (၃)လုံး ပွင့်သွားခဲ့ကြောင်း ၄င်းက ဖြည့်စွက်ရှင်းပြသည်။

ယင်းဖြစ်ရပ်ကြောင့် ရွှေပြည့်စုံမှန်လုံအမြန်ယာဉ်မောင်း ဦးမင်းအောင် (၃၃)နှစ်၊ ပြင်ဦးလွှင်မြို့ နေသူတွင် လည်ပင်း ယာဘက် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၄င်း၏ယာဉ်ပေါ်လိုက်ပါလာသော ခရီးသည်တစ်ဦးဖြစ်သူ ကျော်လှ (၃၁) နှစ်၊ မိုးမိတ်မြို့ နယ်နေသူတွင် အောက်မေးစေ့ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ကြောင်း၊ အားသစ်ခရီးသည်တင် မှန်လုံယာဉ်နောက်လိုက်ဖြစ်သူ ညီညီနိုင် (၁၉) နှစ်၊ ညောင်ရွှေမြို့ နေသူတွင် ယာမျက်စိအောက် နှာတံအနီး မိုင်းစထိမှန်ဒဏ်ရာ (၁)ချက် ရရှိခဲ့ကြောင်းနှင့် ၄င်းတို့ ကို လားရှိုးပြည်သူ့ ဆေးရုံကြီး၊ ခွဲစိတ်ဆောင်တွင် စောင့်ရှောက်ကုသပေးလျက်ရှိကြောင်း လည်းအဆိုပါတာဝန်ကျရဲအရာရှိကပြောသည်။

=============

နေ့သစ်မောင်

PHOTO BY - Kanbawza Tai News

posted from Bloggeroid

No comments:

Post a Comment