လမ်းတံတား အဆောက်အဦးများ အရည်အသွေးပြည့်မီမှုမရှိသည့်အပေါ်စစ်ဆေးပေးရန်တောင်းဆို
၂၁ဖေဖော်ဝါရီလ၂၀၁၆၊ကျောက်ဖြူ
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကျောက်မြောင်းကျေးရွာအုပ်စုတွင် ပြီးခဲ့သည့်နှစ်က တည်ဆောက်ခဲ့သော လမ်းတံတား အဆောက်အဦးအရည်အသွေးပြည့်မီမှုမရှိသည့်အပေါ် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးပေးရန် ဒေသခံတွေက ဖေဖော်ဝါရီလ(၁၉)ရက်နေ့ အလုပ်ရုံဆွေးနွေးပွဲမှ တောင်းဆိုလိုက်ကြောင်းသိရသည်။
ကျောက်မြောင်းကျေးရွာအုပ်စု ကျောက်မြောင်းကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် ဖေဖော်ဝါရီလ(၁၉)ရက်နေ့က ကျောက်မြောင်းကျေးရွာအုပ်စုတွင် တည်ဆောက်ခဲ့သော လမ်း၊တံတား၊ ဆေးရုံ၊ စာသင်ကျောင်းတို့နှင့်ပတ်သက်ပြီး အုပ်စုဒေသတွင်း တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီမှုအခြေအနေအပေါ်ဒေသခံများ၏အလုပ်ရုံဆွေးနွေးပွဲ မှတောင်းဆိုလိုက်ခြင်းဖြစ်သည်။
ကျောက်မြောင်းကျေးရွာအုပ်စုအတွင် ၂၀၁၅ခုနှစ်က တည်ဆောက်ခဲ့သော ကျောက်ချောလမ်း၊ စာသင်ကျောင်း၊ ကွန်ကရစ်တံတား၊ ၁၆ကုတင်ဆန့် တိုက်နယ်ဆေးရုံ စသည့်အဆောက်အဦးများသည် တစ်နှစ်ကျော်ကြာသောအခါမှာ အရည်အသွေးမပြည့်မီဘဲ ပျက်စီးနေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးဖြစ်သူ ကိုမျိုးလွင် ကပြောသည်။
”လုပ်ထားတာတစ်နှစ်ကျော်ပဲရှိသေးတယ် ပျက်စီးနေပါပြီ။ ကုမ္ပဏီတွေက လုပ်ချင်သလိုလုပ်သွားတယ်။ တစ်ချို့နေရာတွေမှာ လုံးဝတောင်မလုပ်ခဲ့ဘူး“ဟု ကိုမျိုးလွင် ကပြောသည်။
အဆောက်အဦးများ အရည်အသွေးပြည့်မီမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးပေးရန် အလုပ်ရုံဆွေးနွေးပွဲမှ သဘောထားကြေငြာချက်ထုတ်ပြန်လိုက်ပြီး သက်ဆိုင်ရာ ပြည်နယ်၊ ၀န်ကြီးဌာနကိုလည်း စတင်ပြီးတောင်းဆိုသွားမည်ဟုဆိုသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများမှပုဂ္ဂိုလ်များနှင့် ကျေးပေါင်း(၅၀)မှ ဒေသခံလူပေါင်း (၁၈၀)ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

posted from Bloggeroid
No comments:
Post a Comment