ဗိုလ်စိန်မှန်ကွင်းတွင် ပြုလုပ်မည့် ပုဒ်မ ၅၉ (စ) ထောက်ခံပွဲ၌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်ဝိုင်းကြည် ဟောပြောမည်.....
===========================================
ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉(စ)နှင့် ၅၉ (ခ) ထောက်ခံပွဲကို မြန်မာအမျိုးသားရေးကွန်ရက်မှ ဦးဆောင်ကာ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်း၅၉(စ)နှင့် ၅၉(ခ)ထောက်ခံပွဲတွင် မြန်မာ အမျိုးသားရေးကွန်ရက်မှ ဦးဝင်းကိုကိုလတ်၊ အမျိုး သားလွှတ်တော်ကိုယ်စား လှယ်ဟောင်း ဒေါ်ခင်ဝိုင်းကြည်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေ၊ မဘသမှ ဦးအေးပိုင်တို့က ဟောပြော သွား မည်ဖြစ်ကြောင်း ဦးဝင်းကိုကိုလတ်က ပြော သည်။
ထောက်ခံပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ဦးဝင်းကိုကိုလတ်က ” ကျွန်တော်တို့ ၅၉(စ)ကို ထောက်ခံပွဲလုပ်တာ ဟာ ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတမဖြစ်စေချင်လို့ မဟုတ်ပါဘူး။ နိုင်ငံခေါင်းဆောင် အကြီးအကဲတစ်ယောက်ရဲ့ သားသမီးခင်ပွန်း စတဲ့ဆွေမျိုးတွေဟာ နိုင်ငံခြားသားတွေ ဖြစ်နေရင် ဒီနိုင်ငံဟာလည်း နိုင်ငံခြားသြဇာခံ ဖြစ်သွားပါလိမ့် မယ်။ အဲဒီလို ဖြစ်သွားရင် နိုင်ငံအတွက် ပုံရိပ်မကောင်းပါဘူး။ ပြီးတော့ နိုင်ငံခြားက မြန်မာနိုင်ငံရဲ့ ကိစ္စရပ်တွေအပေါ် ဝင်စွက်ဖက်တာတွေ ရှိလာနိုင်ပါတယ်”ဟုပြောသည်။
လက်ရှိတွင် ပြောဆိုနေကြသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းနှင့် သားသမီးများသည် မြန်မာနိုင်ငံသားအဖြစ် ခံယူ လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလျှင် မိမိ တို့အနေဖြင့် လက်ခံကြောင်း ဦးဝင်းကိုကိုလတ်က ပြောသည်။
နိုင်ငံတော်သမ္မတ၏ ဇနီး (သို့မဟုတ်) ခင်ပွန်း၊ သားသမီးများသည် အခြားနိုင်ငံသားများ မဖြစ်စေ ရဟုပါရှိသော ပုဒ်မ၅၉(စ)နှင့် နိုင်ငံတော် သမ္မတနှင့် ၄င်း၏မိဘနှစ်ပါးစလုံး မြန်မာနိုင်ငံသား ဖြစ်ရမည်ဟု ပါ ရှိသောပုဒ်မ ၅၉(ခ) နှစ်ခုလုံးအား ထောက်ခံ ကြောင်း၊ ယင်းပုဒ်မ နှစ်ခုအား လုံးဝ ပြင်ဆင်ခြင်း မပြုသင့်ကြောင်း ၄င်းကပြောသည်။
ဦးဝင်းကိုကိုလတ်က ”ကျွန်တော်တို့အနေနဲ့ ပုဒ်မ ၅၉ တစ်ခုလုံးကို ထောက်ခံပါတယ်။ အဓိက ကတော့ ‘ခ’ နဲ့ ‘စ’ကိုပါ။ ဒီ’ခ’ နဲ့ ‘စ’ကို လုံးဝမပြင်ဆင်သင့်ပါဘူး။ ကျန်တဲ့ ၅၉ ရဲ့ ပုဒ်မခွဲတွေဖြစ်တဲ့ သမ္မတအသက် ဘယ်လောက် ရှိရမယ်တို့၊ စစ်ရေး၊ နိုင်ငံရေး အမြင်ရှိရမယ် တို့ ဒါတွေကတော့ ခြွင်းချက် အနေနဲ့ ပြင်လို့ရပါတယ်”ဟု ၄င်းက ပြောသည်။
မဘသမှဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဆရာတော်တစ်ပါးဖြစ်သည့် ဦးပါမောက္ခကမူ ပုဒ်မ ၅၉ (စ)ကိုလက်မခံသဖြင့် အဆို ပါ၅၉ (စ) ထောက်ခံ ပွဲအား တက်ရောက်မည်မဟုတ်ကြောင်း မိန့်ကြား သည်။
”ဦးဇင်းက ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ကို အကြွင်းမဲ့ ယုံကြည်သူတစ်ဦးဖြစ်တယ်။ အဲဒါ ကြောင့် ၅၉(စ)ကို လက်မခံပါဘူး။ အဲဒီထောက်ခံ ပွဲကိုလည်း တက်ရောက်မှာ မဟုတ်ပါဘူး။ ဒါဟာ ဦးဇင်းရဲ့ Personal သဘောထားပါ။ မဘသနဲ့ မဆိုင်ပါဘူး”ဟု ဦးပါမောက္ခက မိန့်ကြားသည်။
မြန်မာအမျိုးသားရေး ကွန်ရက်သည် ၂ဝ၁၄ ခုနှစ်ကလည်း ပုဒ်မ ၅၉(စ) ထောက်ခံပွဲကို ဗိုလ်စိန် မှန်ကွင်း၌ပြုလုပ်ခဲ့ပြီး အခြားဒေသများတွင်လည်း ပုဒ်မ ၅၉ နှင့် ပတ်သက်သော ဟောပြောပွဲများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
#PopularNews

posted from Bloggeroid
No comments:
Post a Comment