Friday, February 19, 2016

အန်နီညိုနဲ့ လက်ရှိအင်းလေးကန်


လက်ရှိအချိန်တွင် အင်းလေးကန် ရေခန်းခြောက်မှုကြောင့် ကန်အတွင်းရှိ လမ်းကြားများ၌ သွားလာမရတော့ဘဲ မတ်လတွင် ပိုမိုဆိုးရွားနိုင်ကြောင်း ဒေသခံများ ပြောကြား

===================
===================

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်၌ ဖေဖော်ဝါရီလလယ်တွင် ဆိုးရွားစွာ ရေခန်းခြောက်မှုကြောင့် အင်းလေးကန်အတွင်းရှိ ဟဲယာရွာမနှင့် ပေပင်ကုန်းစသော ရွာများ၏ လမ်းကြားများတွင် သွားလာမရတော့ကြောင်း အင်းလေးဒေသခံများက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားသည်။

အင်းလေးကန်တွင်းရှိ အလယ်ဘိုတဲတွင် သုံးပေသာသာ ကျန်ရှိတော့ကြောင်း၊ ဟဲယာရွာမနှင့် အင်းလေးဖောင်တော်ဦး ပတ်လည်တွင် ရွာလမ်းကြားများအတွင်း သွားလာ၍ ခက်ခဲလာကြောင်း ဒေသခံများထံမှ သိရသည်။

“ဖောင်တော်ဦး ပတ်ဝန်းကျင် ခန်းလာပြီ။ အင်းကမ်းစပ်နဲ့ ပေပင်အင်း တော်တော်ခန်းတယ်။ အင်းလယ် ဗိုလ်တဲဆိုရင် သုံးပေသာသာပဲ ကျန်တယ်။ ရွာထဲမှာဆိုရင်တော့ ခန်းနေပြီ။ လူများများဆိုရင်တော့ သွားလို့ မရတော့ဘူး။ တစ်ယောက်၊ နှစ်ယောက်ပဲ ဆိုရင်တော့ ရတယ်။ တချို့နေရာဆို စက်လှေတင်နေတော့ သွားလို့မရတော့ဘူး ။ နောက်လဆို ပိုပြီးတော့ ခန်းမယ်။ ဘာလို့ဆို အင်းလေးထဲကိုဝင်တဲ့ ရေအ၀င်က မရှိတော့ဘူး။ ရေအ၀င်က နည်းသွားပြီ”ဟု မိုင်းသောက် ပထမစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးဝိဿဒဥာဏက မိန့်ကြားသည်။

ထို့ပြင် ဟဲယာရွာမနှင့် နန်းပန်ကုန်းတို့တွင် ဆည်များဖြင့် ရေများတားထားရပြီး တစ်ပိုင်တစ်နိုင် ရေထိန်းစနစ်ဖြင့် ပြုပြင်နေခြင်းကြောင့်သာ ယခုကဲ့သို့ ရေရှိရခြင်းဖြစ်ကြောင်း သိရသည်။ ဟဲယာရွာမတွင် ရေထိန်းဆည်နှစ်ခုကို ၀ါးလုံးများဖြင့် တန်းထားပြီး လှေတစ်စင်းစာ လမ်းပေါက်ဖွင့်ထားကာ အ၀င်အထွက် နှစ်နေရာလုံးကို ရေထိန်း ထားခြင်းဖြစ်ကြောင်း မြင်တွေ့ခဲ့ရသည်။

“ရေခန်းတော့ အသွားအလာ ခက်ခဲတာပေါ့။ ရေခြံလုပ်မယ် ဆိုလည်း လုပ်မရ။ ရေရှိမှ လုပ်လို့ရတယ်။ ဟိုဘက်ဒီဘက်လည်း သွားလာမရဘူးလေ။ မနှစ်က ရေခန်းတော့ သိန်းဆယ်နဲ့ချီ ရှုံးတယ်။ နှစ်ရင်းလုပ်တာ နှစ်ရင်းစလုံး ရှုံးတယ်။ ဒီနှစ်လည်း ခန်းတယ်။ ရေတိမ်တိမ်လေး ဖြစ်သွားပြီ မရှိတော့ဘူး”ဟု ပေပင်ကုန်းမှ ဒေါ်ငွေရီက ဆိုသည်။

“အင်းလေးက ရေနည်းသွားပြီ။ မိုးလည်း နည်းတယ်လေ။ တာဝန်ရှိသူတွေ လှိုင်လှိုင်ပိုင်ပိုင်ရအောင် ဘယ်လိုလုပ်ပေးမလဲဆိုတာ သိချင်တယ်ပေါ့။ ဒီဘက်ကမ်းစပ်မှာဆို နောက်လလောက်မှာ တော်တော်လေးကို ခန်းတယ်။ကျိန်းသေပေါက်ပဲ။ ညောင်ရွှေကမ်းစပ် တစ်လျှောက်လုံးပဲ။ စက်လှေနဲ့ ပြန်သယ်မယ်ဆိုလည်း အိမ်နဲ့ စက်လှေဆိပ်ဆိုရင် တော်တော်လေးကို ဒုက္ခရောက်တယ် သယ်ရတာ။ အရင်က တစ်ယောက်ဆိုရင် ခုဆိုရင် သုံး၊လေး ယောက်လောက် သယ်ရတယ်။ ကမ်းစပ်က ရွာတွေဆို ရေခြံပဲ အဓိက လုပ်စားတာဆိုတော့ ရေခြံသုံး ပစ္စည်းတွေကို လှေဆိပ်ကို ရောက်ဖို့ ဆိုရင် အတော်ခက်ခက်ခဲခဲ သယ်ယူရတာ။ ခုရာသီ မစသေးတာတောင် သယ်လို့မရတော့ဘူးဆိုတော့ အဆင်မပြေတော့ဘူးလေ။ ချောင်းလေးတွေ အကုန်ခန်းသွားပြီ။ အရင်ကဆို စိုက်ပျိုးဖို့ လယ်ထဲ ရေထည့်ရတယ်။ အခုကတော့ ရေကို မမြင်ရတော့ဘူး”ဟု မိုင်းသောက်မှ ဦးဝင်းနိုင်က ပြောကြားသည်။

အင်းလေးကန် အနောက်ဘက်တွင် သန်းတောင်နှင့် အင်းတိမ်၊ အရှေ့ဘက်တွင် နန်းလီချောင်း တစ်ချောင်းသာ ကျန်တော့ကြောင်း သိရသည်။ အင်းလေးကန်တွင်း စီးဝင်သော ချောင်းကြီး ခြောက်ချောင်းနှင့် ချောင်းငယ်ပေါင်း ၂၉ ချောင်းရှိရာ မိုးရာသီမှ လွဲ၍ ကျန်အချိန်များတွင် ရေမရှိတော့ကြောင်း သိရသည်။

အင်းလေးကန်တွင်းသို့ စီးဝင်သော သန်းတောင်ချောင်း၊ ရေပယ်ချောင်း၊ အင်းတိန်ချောင်း (ဘီလူးချောင်း) နှင့် နန့်လပ်ချောင်းဟူ၍ အဓိက ချောင်းကြီးလေးချောင်း စီးဝင်လျက်ရှိရာ နန့်လတ်ချောင်းသည် အရှေ့ဘက်သို့ စီးဆင်းကာ ကျန်ချောင်းကြီး သုံးချောင်းသည် အင်းလေးကန် အနောက်ဘက်ခြမ်းတွင် စီးဆင်းလျက်ရှိကြောင်း သိရသည်။ ချောင်းလက်တက်ပေါင်း ၂၉ ချောင်း ရှိသော်လည်း မိုးရွာချိန်သာ စီးဝင်ပြီး ကျန်အချိန်များတွင် ရေမရှိတော့ကြောင်း သိရသည်။

ယခင်နှစ်က စံချိန်တင် ရေခန်းခြောက် ခဲ့မှုကြောင့် အင်းလေးကန်တွင်းရှိ အဓိက ကျွန်းမျောစိုက်ခင်းများ အင်းလေး တစ်အင်းလုံးတွင် ရာခိုင်နှုန်း ၈၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ ရေခန်းခြောက်မှုကြောင့် ကျွန်းမျောစိုက်ခင်းများ ပျက်စီးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ငါးဖိန်းနှင့် ငါးမျိုးစိတ်များ ရှားပါးလာခြင်း၊ ကျေးရွာများအတွင်း သောက်သုံးရေ ရှားပါးလာခြင်း၊ ခရီးသွားလုပ်ငန်းကို အမှီပြုလုပ်ကိုင်နေရသော လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာခြင်းနှင့် ဆောင်းခိုငှက်နှင့် သဘာဝမျိုးစိတ်များ ခိုအောင်းရန် နေရာမရှိတော့ခြင်း စသောပြဿနာရပ်များ ကြုံတွေ့နေရကြောင်း သိရသည်။

“ရေခန်းတော့ လုပ်ရကိုင်ရ သွားရလာရ ခက်ခဲတယ်။ ပေပင်ကုန်းမှာ ကြံနဲ့ အင်းခြံ (ရေခြံ) စိုက်ပျိုးရေးပဲ။ ဒီအချိန် မစိုက်ရသေးဘူး။ စဖို့ ကြည့်နေတယ်လေ။ မနှစ်တုန်းက ရေကျန်သေးတယ်လေ။ ဒီနှစ်တော့ မကျန်တော့ဘူး။ ရေခန်းနေပြီ။ ဒီ လေး၊ ငါးရက်အတွင်းကို သိသိသာသာ ခန်းခြောက်လာတာ။ ပူတယ်လေ။ မိုးကလည်း မရွာဘူး”ဟု ဦးထွန်းအောင်က ပြောကြားသည်။

အင်းလေးကန် ကမ်းစပ်တစ်လျှောက်တွင် ရေများခန်းခြောက်လာပြီဖြစ်ပြီး နောက်လတွင် ယခုထက် ပိုမို ခန်းခြောက်နိုင်သောကြောင့် အင်းလေးကမ်းစပ်မှ ကုန်းမြေများပေါ်တွင် လမ်းလျှောက်ရတော့မည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အင်းလေးကန်၏ မူလရေပြင် နယ်နိမိတ်မှာ ၁၀၄ စတုရန်းမိုင် (၆၆၉၆၇) ဧက ရှိခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်တွင် ၆၃ စတုရန်းမိုင် (၄၀၁၃၀) ဧကအထိ လျော့နည်း ကျဆင်းခဲ့သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ သိရသည်။

အင်းလေးကန် တည်ရှိရာ ညောင်ရွှေမြို့နယ်သည် ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၄၃ စု၊ ကျေးရွာပေါင်း ၄၄၅ ရွာ၊ လူဦးရေပေါင်း တစ်သိန်းကိုးသောင်းနီးပါး မှီတင်းနေထိုင်ကြောင်း သိရသည်။

Writer:
စည်သာ (တောင်ကြီး)

============

Eleven Media Group

posted from Bloggeroid

No comments:

Post a Comment