ရေခဲတောင်များပြိုကျမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်
=======================
=======================
မလိခမြစ်ဖျားရှိ ရေခဲတောင်များပြိုကျမှုနှင့် မိုးများရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် ဖေဖော်ဝါရီလ ၂၂ ရက် မွန်းလွဲပိုင်းအချိန်မှစတင်၍ မြင့်တက်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်လိုက်သည်။
ဖေဖော်ဝါရီလ ၂၂ ရက် မွန်းလွဲ ၃နာရီ မိနစ် ၃ဝအချိန် တိုင်းထွာချက်များအရ မြစ်ကြီးနားမြို့တွင် မူလရေမှတ် ၁၄၂ စင်တီမီတာမှ ၃၄၆ စင်တီမီတာအထိ ရောက်ရှိနေပြီး ၁ဝ နာရီအတွင်း ၇ ပေ(၂ဝဝ စင်တီမီတာကျော်) မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
“ ရေခဲတောင်တွေ ပြိုကျလို့ မြစ်ရေမြင့်တက်တာပါ။ မိုးလည်း ရွာတယ်” ဟု မြစ်ကြီးနားမြို့ရှိ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယင်းကြောင့် လာမည့် နှစ်ရက်မှ ၁၂ ရက်အတွင်း ဗန်းမော်၊ ကသာ၊ မန္တလေး၊ စစ်ကိုင်း၊မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် လေးပေမှ ငါးပေအထိ မြစ်ရေမြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ခန့်မှန်းပါရှိသည်။
“ အခုထိတော့ ကသာမှာ ဘာမှ မထူးခြားသေးပါဘူး။ နောက်ထပ် နှစ်ရက်လောက်ကြာဦးမှာပါ။ သတိပေးမှုတွေတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ် ” ဟု ကသာမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ မြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကြောင်းအတွင်း သွားလာနေသည့်ရေယာဉ်၊ လှေ၊ သင်္ဘောများ ဂရုပြုကြရန်နှင့် မြစ်သောင်ခုံများတွင် စိုက်ပျိုးနေထိုင်သူများအတွက် မြစ်ရေရုတ်တရက် တိုးလာနိုင်မှုကို ဂရုပြုသင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက အကြံပြုထားသည်။
===============
The Voice Weekly

posted from Bloggeroid
No comments:
Post a Comment