
ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၂၊ အမှတ် - ၆၇၊ ဆောင်းပါး။
လူ့ဘ၀ သက်တမ်းတိုမှာ အထက်ပန်းညိုရွာရဲ့ စိတ်မျိုးနဲ့
(ယခင် အပတ်မှ အဆက်)
တရုတ်ပြည်မှာ ဖရဲသီးသွားရောင်းတာ အရင်းပြုတ်ပြီးတဲ့ နောက်တစ်နှစ် ခရမ်းချဉ်သီးတွေ အကြွေးဝယ်စိုက်ကြပါတယ်။ “အခြေအနေ ဘယ်လိုရှိလဲဗျ”လို့ ကျွန်တော် မေးတဲ့အခါ ရွာသားတစ်ယောက်က ဖြေပါတယ်။ “ခရမ်းချဉ်ပေါ်တဲ့ အချိန် အခင်းတွေမှာ ရေးထားကြတယ်၊ မည်သူမဆို ခရမ်းချဉ်ခင်းကို အလကား မကြည့်ရ၊ မျက်စောင်းထိုး မကြည့်ရ”တဲ့။ “သြော်...ခရမ်းချဉ်ဈေးကောင်းလို့ မာန်တက် သွားကြပြီပေါ့ ဟုတ်လား”
“မဟုတ်ပါဘူးဗျာ...၊ အကြွေးယူစိုက်တာ ခရမ်းချဉ် ဈေးက မြေကြီးထိ ထိုးဆင်းသွားလို့ စိတ်တိုတိုနဲ့ ရေးတာပါ၊ ခရမ်းချဉ်သီးကို မြင်ရင် တွေ့ရင် ခူးသွားကြ၊ မခူးတဲ့သူ လိုက်ရိုက်မယ်ဆိုပြီး ရေးထားကြတာ၊ လူတွေပေးလည်း မစားနိုင်၊ နွားကျွေးတော့လည်း သွားကျိန်းကုန်ပြီ”
အဲသလို အမောတွေ ကြားရပေမယ့် ဒီနှစ် စပါးဈေး ကတော့ သူတို့အတွက် အားတက်စရာကောင်းပါတယ်။ ယခင် နှစ်စဉ် သုံးသိန်းဝန်းကျင်ကနေ ဒီနှစ်တော့ ခြောက်သိန်းဝန်းကျင်ရလို့ ပျော်နေကြပါသတဲ့။ “ဘာကြောင့် ဈေး ဒီလောက် ကွာသွားရသလဲ” မေးတဲ့အခါ “အရင်ကတော့ ကုန်သည်ပွဲစားကြီးတွေက ညှိပြီး ဈေးကို နှိမ်ထားလို့”တဲ့။ “အခုနှစ်တော့ အပြောင်းအလဲနှစ်ဆိုတော့ အရင်လို ညှိပြီး နှိမ်တာ မခံရတော့ဘူး၊ ဥရောပသမဂ္ဂကလည်း မြန်မာ့ ဆန်ကို ပြန်ဝယ်တယ်ဆိုပဲ”
ရွာသားတွေဟာ သူတို့ရွာ လယ်ကွက်လောက်သာ ကြည့်တာမြင်တာ မဟုတ်၊ ကမ္ဘာ့ ကုန်စည်ဈေးကွက်နဲ့ ဂရပ်ဖစ်ဇယား အတက်အကျများပါ ကြည့်မြင်သလို ကျယ်ကျယ်ပြန့်ပြန့်ကြီး ဆက်ရှင်းပြကြပါသေးတယ်။
စပါးဈေး ကောင်း မကောင်း ဘယ်လို တိုင်းတာသလဲဆိုတဲ့ ကျွန်တော့်အမေးကို ဖြေပုံကြည့်ပါ။
“ယေဘုယျတော့ဗျာ... စပါးတင်း တစ်ရာဟာ ရွှေတစ်ကျပ်သားဈေးနဲ့ ညီရင် အဲဒါ ဈေးကောင်းတဲ့ နှစ်ပဲ”
ကျွန်တော်တို့ စကားဝိုင်းကို ဦးဆောင် နေသူဟာ လယ်သမားဆိုပေမယ့် ကျောင်းဆရာလည်း ဖြစ်ပါတယ်။ ဒေသတွင်း ကိစ္စသာမက နိုင်ငံတကာထိပါ မြင်သိနေရခြင်း အကြောင်းရင်းကတော့ သူတို့ စာဖတ်ကြလို့ပါတဲ့။
“ကျွန်တော်တို့ ဂျာနယ်တွေ တစ်ယောက်နဲ့တစ်ယောက် လဲပြီး ဖတ်ကြတယ်၊ တစ်နေရာမှာ စုပြီး ဖတ်ကြတယ်၊ အဲဒီကနေ စာကြည့်တိုက်ဆောက် ဒီကနေ့ ဖွင့်ပွဲ ဖြစ်လာတာပါပဲ”
ဒီပွဲကို တာဝန်ခံ ကြိုးပမ်းသူတွေကတော့ ၁၀ တန်း အောင်ပြီး တက္ကသိုလ် ဆက်မတက်နိုင် နိုင်ငံခြားမှာ ၀င်ငွေရှာခဲ့ရတဲ့ လူငယ်တစ်စုပါ။ သူတို့ ဘာကြောင့် စာပေ ဟောပြောပွဲကို တန်ဖိုးထားပြီး မဖြစ်မနေ လုပ်ကြသလဲ။ သူတို့ဒေသမှာ တစ်ခါမှ စာပေဟောပြောပွဲ မလုပ်ဖူးပါ။ ပထမဆုံး အတွေ့အကြုံမို့ ဆန္ဒပြင်းပြသော်လည်း လက်တွေ့ ခက်ခဲကြပါတယ်။ ဒီနေရာမှာ အညတရ စွမ်းဆောင်ခဲ့တဲ့ သူတစ်ဦးအကြောင်း မိတ်ဆက်ပေးပါရစေ။ သူဟာ စာတတ် ပေတတ် မဟုတ်ရှာတဲ့ သာမန် တောသူတစ်ယောက်ပါ။ ဇာတိရွာကို စွန့်ပြီး ၀င်ငွေအတွက် နယ်စပ်မှာ တစ်ဖက် နိုင်ငံမှာ အလုပ်သွားလုပ်ကြရတဲ့ ဒီရွာရဲ့ မျိုးဆက်သစ်တွေ အတွက် သူဟာ လေးနက်ခဲ့ပါတယ်။
သူတို့ ဘာကြောင့် ပညာဆုံးအောင် မသင်နိုင်ကြသလဲ။ မိသားစုနဲ့ ဝေးရာ အန္တရာယ်တောထဲ ဘာကြောင့် သွားနေကြရသလဲ။ အောက်ကျနောက်ကျနိုင်လှတဲ့ ဘ၀တွေရဲ့ ဇာစ်မြစ်ဟာ ဘာလဲ။ ဒီမေးခွန်းတွေကို ဘယ်သူ ဖြေနိုင်မလဲ။ နောက်ဆုံးတော့ သူ စိတ်ကျေနပ်လောက်တဲ့ အဖြေကို ရခဲ့ပါတယ်။ ဒါပေမဲ့ သူ ပြန်မပြောတတ်သေးဘူး။ ဒီမေးခွန်းတွေ မေးချင်နေတဲ့ ဒီရွာသားလူငယ်တွေရှိရာ တစ်ဖက်နိုင်ငံကို အဖြေတွေ သယ်ယူသွားပါတော့တယ်။ အဲဒါကတော့ တစ်ဖက်နိုင်ငံ မဲဆောက်မြို့မှတစ်ဆင့် ဒေသ အသီးသီးမှာ ရှိတဲ့ မြန်မာလူငယ်များထံ စာပေဟောပြောပွဲ အခွေများ ယူသွားပြီး နားထောင်စေခြင်းပါပဲ။ အဲဒီ အချိန်တွေတုန်းက အဲဒီ တောသူကြီး ထိုင်းနိုင်ငံထဲ အ၀င်အထွက်လုပ်တိုင်း အဲဒီက ရဲတွေ၊ လ၀ကတွေရဲ့ အစစ်အကြောထူမူတွေကို သူ နားလည်တဲ့နည်းနဲ့ ဖြေရှင်းခဲ့ရတာလည်း အကြိမ်ကြိမ်ပါ။ ခြိမ်းခြောက်မှုတွေနဲ့ လည်း ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ ကလေးတွေဟာ သူတို့ရဲ့ အနာဂတ်ဆိုတာ ယုံကြည်ပြီးဖြစ်တဲ့အတွက် ထိုတာဝန်ကို မပျက်မကွက် အကြိမ်ကြိမ် ထမ်းဆောင်ပါတယ်။ စာပေ ဟောပြောပွဲ အခွေတွေ နားရည်ဝလာကြတဲ့ လူငယ်တွေဟာ ဇာတိရွာနှင့်တကွ အမိနိုင်ငံအတွက် သူတို့ စွမ်းသမျှ ကျေးဇူးဆပ်ကြဖို့ သန်္နိဋ္ဌာန်ချကြပါသတဲ့။
ဟောပြောပွဲ တာဝန်ခံ လူငယ်ရဲ့ လိုတိုရှင်း အမှာ စကားကို အကျဉ်းချုပ် ပြန်တင်ပြပါ့မယ်။ “ဒါပထမဆုံး ကြိုးစားရတဲ့ စာပေဟောပြောပွဲပါ၊ ကျေးရွာက လူကြီးတွေ အမြော်အမြင်ရှိရှိနဲ့ ခွင့်ပြုခဲ့ပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ခွင့်ပြုစာ တောင်းခံတဲ့အခါ ခွင့်ပြုစာအစား ဆန့်ကျင်ဘက် ရလဒ်အဖြစ် ရလိုက်တာ ကတော့ “တားမြစ်စာ”ပါ။ အတွေ့အကြုံမရှိတဲ့ လူငယ်တွေအတွက်တော့ ကြီးစွာသော ခြိမ်းခြောက်မှုပါပဲ။ အဲဒီဒေသမှာ ကျေးရွာတွေဟာ ရပ်ရွာ အစွဲတွေနဲ့ သီးခြား ဖြစ်နေကြတာ ဘ၀င်မကျပါဘူး။ ပြည်ပမှာ အလုပ်လုပ်ကြတုန်းက အားလုံးဟာ မြန်မာဆိုတဲ့ စိတ်နဲ့ ရပ်ရွာအစွဲမရှိ သွေးစည်းခဲ့ကြသလို အခုလည်း ရွာနီးချုပ်စပ်အားလုံးကို တူညီသော အကျိုးရစေလိုလို့ တလေးတစား လိုက်ဖိတ် ဆော်သြပြီးသားပါ။ တားမြစ်စာ ရောက်လာတယ်ဆိုတော့ အခြားရွာတွေက မလာဝံ့ကြ တော့ဘူး။ တာဝန်ခံ စီစဉ်သူတွေကတော့ ဒါကောင်းတာ လုပ်တာပဲ။ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုပြီး ဖြစ်အောင် လုပ်ကြပါတော့တယ်။
သူတို့ထက်ငယ်တဲ့ နောက်မျိုးဆက်ကလေးတွေ သူတို့ထက်ပို၍ အသိဥာဏ်ပညာရကြရင် ကောင်းရာမွန်ရာကို သူတို့ထက် ပိုလုပ်နိုင်ပါစေလို့ ရည်ရွယ်ပါတယ်တဲ့။ မြို့နယ် အုပ်ချုပ်ရေးမှူးထံက တားမြစ်စာ လက်ဝယ်ရထားသူ ဟောပြောပွဲ တာဝန်ခံ လူငယ်ရဲ့ စကားတစ်ခွန်းကတော့ အထက်ပန်းညိုရွာရဲ့ အမှတ်တရပါပဲ။
“ကျွန်တော် နိုင်ငံခြားမှာ ကျွန်ခံပြီးရလာတဲ့ ချွေးနှဲစာနဲ့ လူတွေကို နား၊ မျက်စိပွင့်စေချင်တယ်၊ ကောင်းတာ လုပ်တာဖြစ်တဲ့အတွက် ဘာမဆို ရင်ဆိုင်ပါ့မယ်”တဲ့။
လူ့ဘ၀သက်တမ်းတိုမှာ အထက်ပန်းညိုရွာက စိတ်ဓာတ်မျိုးကို ဦးညွတ်လိုက်ပါတယ်။
#မင်းကိုနိုင်

posted from Bloggeroid
No comments:
Post a Comment