Wednesday, February 17, 2016

အဲ ဘာလုပ်မယ်လဲ

ဆိုင်းမလား၊ ပြင်မလား၊ သိမ်းမလား
====================

စစ်ဖွတ်ဘက်ရော ဒီမိုဘက်ရော လေနဲ့ ဝမ်းမကွဲဘူးဗျ။
လက်ရှိလွှတ်တော်ထဲမှာ ဒီချုပ်က ၅၉(စ)ကို ပြင်ဆင်မလား? ဆိုင်းငံ့မလား သူတို့ နားလည်အောင် မကြိုးစားဘူး လေဖမ်း ဝရမ်းချီလျှောက်ပြောနေကြတယ်။

ဥပဒေကြမ်းကော်မတီဥက္ကဌကိုယ်တိုင် ပြောတယ်။ ဆိုင်းငံ့ဖို့ လုပ်နေတယ်တဲ့။ ဘာတဲ့! ဆိုင်းငံ့ဖို့ပါ။ ပြင်ဆင်ဖို့ မဟုတ်ဘူး။

၂၀၁၄ တုံးက ... ကြံ့ဖွတ်လွှတ်တော်မှာ ပြင်ဆင်ဖို့ ကြိုးစားတယ်။ ကာချုပ်ကြိုးကိုင် တမတ်သားက ကန့်ကွက်တယ်။ မအောင်မြင်ဘူး။ ဘာကြောင့်လဲ။ ပုဒ်မ ၄၃၆ (က) ကြောင့်။ ( ပုဒ်မ ၄၃၆က ထိန်းချုပ်ထားတာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရမယ်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမယ်။ ) ။

ပြင်ဆင်တာနဲ့ ဆိုင်းငံ့တာ ဘာကွာလဲ။

ပြင်ဆင်ရင် .... ၄၃၆ နဲ့ ငြှိတယ်။
ဆိုင်းငံ့ရင် .... ၄၃၆ နဲ့ မငြိဘူး။ ဥပဒေကြောင်းအရ လုံးဝ ကင်းရှင်းတယ်။ ဘောင်ဝင်တယ်။

ခြေ/ဥထဲမှာ ဆိုင်းငံ့ပုဒ်မ မပါသလို၊ မဆိုင်းငံ့ရဘူးလဲ မပါဘူး။ ဆိုင်းငံ့ဥပဒေဟာ မျိုးစောင့်ဥပဒေလို ဥပဒေမျိုးပဲ။ ( ဥပဒေအသစ် တခုကို ပြဒါန်းတာပဲ) (ခြေဥထဲက ပုဒ်မကို ပြင်တာမဟုတ်)
ပုဒ်မ ၉၅ အရ အတည်ပြုတာ။ ထောက်ခံမဲ ၇၅% ကျော်ရန် မလို။

ခြေဥထဲ မပါလို့ ဥပဒေသစ် မပြဒါန်းရလို့ တားမြစ်ချက် မရှိဘူး။

အနီးစပ်ဆုံး ဥပဒေ ကို ပြောမယ်။ သမတ လုပ်ခဲ့သမျှ အရေးမယူရဘူး။ သူ့ကို လုံခြုံရေးပေးရမယ်။ ကာကွယ်စောင့်ရှောတ်ရမယ်ဆိုတာ ခြေဥထဲ ပါသလား။ မပါဘူး..၊ မပါပေမယ့် လွှတ်တော်အမတ် ၅၀%ကျော်က ထောက်ခံရင် ပြဒါန်းနိုင်တယ် မဟုတ်လား

အဝေးက ဥပမာပြောမယ်။ ဦးနုက အိမ်စောင့်အစိုးရ ဗိုလ်ချုပ်နေဝင်းကို တာဝန် ၆ လထက်ပိုပြီး ထမ်းဆောင်စေဖို့ ၁၉၄၇ ဥပဒေထဲက ပုဒ်မ ၁၁၆ ပြင်ဖို့ ကြိုးစားတာပါ။ ပုဒ်မ ၁၁၆ က ၆ လထက် မပိုရလို့ ကန့်သတ်ထားတယ်။ ပြင်ဖို့ ခက်တော့ ဆိုင်းငံ့ဥပဒေ ပြဒါန်းတယ်။။ ပုဒ်မ ၁၁၆ ရဲ့ အာနိသင်သည် ခေတ္တ ရပ်ဆိုင်း စေသတည်းပေါ့။

ဒါ လက်တွေ့ပဲ ။

ဆိုင်းငံ့ .... ဥပဒေအသစ် ပြုဖို့ ............. ဒီချုပ်က အဆိုတင်မယ်။

၅၀%ကျော်က ထောက်ခံရင် အဆိုဟာ အတည်ဖြစ်ပြီ။ ( ၇၅% မဟုတ်ဘူးနော်) ။ ပထစလွှတ်တော်က အတည်ပြုရင် ကာချုပ်က ခေါင်းခါလို့ မရဘူး။ ဒါ ဥပဒေပဲ။

အဲဒီတော့ ပြောလာမယ်။ အာဏာသိမ်းမယ်ပေါ့။ ကလေးအတွေးတွေ ၁၉၈၈ မှာထားခဲ့တော့။ အမေရိကန်ကို ပလူးချင်လို့ ဒေါ်စုကို လွှတ်တော်ထဲ ပင့်လာတဲ့ သူတွေက နောက်ကြောင်းပြန်မလား။ ၈၈ လို အာဏာသိမ်းရင် ၂၀၀၈ ခြေဥဟာ ၅ နှစ်ပဲ ခံလေသတည်းဖြစ်သွားမှာပေါ့။

တချို့က ပြောမယ်။ ခြေဥထဲက ပုဒ်မ ၄၁၇ အရ သိမ်းမယ်ပေါ့။ ပုဒ်မ ၄၁၇အကြောင်း ဖင်မှန်း ခေါင်းမှန်းမသိပဲ ရမ်းရွှီးတာ ယုံသူက ယုံကြတယ်။ ပုဒ်မ ၄၁၉က အရမ်းကာရော သိမ်းလို့ မရဘူး။ အကြောင်းပြချက်ရှိရတယ်။

ဆူပူသောင်းကျန်း/ အကြမ်းဖက်မှု/အဓမ္မနည်းများကြောင့် ပြည်ထောင်စု ပြိုကွဲ/ အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေတွေ့ရှိမှသာ ပုဒ်မ ၄၁၇က သုံးရမယ်လို့ ပါရှိတယ်။ စိတ်ရူးပေါက်တိုင်း သုံးခွင့်မရှိဘူး။

ဒီမေးခွန်း ဖြေကြည့်။ ဒေါ်စု သမတဖြစ်တာ ဆူပူသောင်းကျန်း/ အကြမ်းဖက်မှု/အဓမ္မနည်းများလား။ (မဟုတ်ဘူး)။ ဒေါ်စု သမတဖြစ်တာ ပြည်ထောင်စု ပြိုကွဲ/ အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေသလား ( မဟုတ်ဘူး)။ မဟုတ်ရင် ပုဒ်မ ၄၁၇ နဲ့ အာဏာသိမ်းမရ။ တွံ - သင်သည် - ဂနာဟိ - မှတ်လော့။

အဲဒီတော့ ဒေါ်စု သမတဖြစ်ဖို့ ၅၉(စ)ကို ယာယီဆိုင်းငံ့ခြင်းမှာ -
(၁) ဒီချုပ်နဲ့ လူထုဟာ ဥပဒေဘောင်ဝင်တယ်။ (၂) တပ်မတော်က ဥပဒေဘောင်ထဲက နေ၊ မထောက်ခံရင် ထိုင်ကြည့်၊ ထောက်ခံရင် လူချစ်မယ်။

ဒေါ်စု သမတဖြစ်တာ (၁) ပြည်ထောင်စု အကျိုးယုတ်သလား/ အကျိုးရှိသလား (၂) တပ်မတော် အကျိုးယုတ်သလား/ အကျိုးရှိသလား။ အကျိုးရှိတာ အမှန်တရားပဲ မဟုတ်လား။

တပ်မတော်ဆုပ်ကိုင်ထားတဲ့ ၅၉(စ)လဲ မပြင်၊ ဒေါ်စုလဲ သမတဖြစ်..ခဏလေး ဆိုင်းငံ့တာ.... ၊ နှစ်ဦးနှစ်ဘက် အကျိုးရှိမယ့် ရှဥ့်လဲလျှောက်သာ၊ ပျားလဲ စွဲသာလမ်း.... ဒါကို ဘာကြောင့် ငြင်းဆန်မလဲ။

မဘသတို့ အမျိုးသားရေးသမားတို့ကို ပြောမယ်၊ ဒေါ်စု သမတ (၅) နှစ်လွန်ရင် မင်းတို့အဲဒီ ၅၉(စ)ဟာ သူ့အလိုလို ပြန်လည်အသက်ဝင်လာမယ်။ ဒေါ်စု သမတဖြစ်တာကို မနာလိုရင်တော့ ဆက်ပြီး မိုက်ကြပေါ့။ ဒါက အမျိုးသားရေး မဟုတ်တော့ဘူး။ ပုဂ္ဂိုလ်ရေးဖြစ်သွားပြီ။

လတ်တလော ဆိုက်ဝါးတွေ သုံးပြီး ကဖျက်ယဖျက်လုပ်နေတာတွေ့ရတယ်။ (၁) ဒေါ်စုအသက်အန္တရာယ်ကို ပြတယ်။ ဖွတယ်။ (၂) စစ်အာဏာသိမ်းမယ်နဲ့ ခြောက်တယ် (၃) ပြင်ဆင်နဲ့ ဆိုင်းငံ့ကို ပလုံးပထွေးရွတ်ပြီး ၄၃၆ နဲ့ ကာတယ်။ (၄) ဒေါ်စု သမတမဖြစ်လဲ အေးဆေးပါလို့ အားလျော့သံပေးတယ်။ အဲဒီအုပ်စုတွေဟာ မိုးပြိုမှာ ကြောက်လို့ ခြေနှစ်ချောင်းထောင် အိပ်ခိုင်းနေတဲ့ တစ်တီတူး အကြံတူတွေက ဟိုဘက် ဒီဘက် လင်ကွင်း နှစ် ချပ်ရိုက်ပြီး ညာသံပေးနေတာပဲလို့ တထစ်ချပြောလိုက်မယ်။

--------------------------------

၄၃၆။ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း(၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀ဝ၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်၊ ( ခ ) ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။

၄၁၇။ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ရယူရန်ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စု ပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းတွေ့ရှိလျှင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်သည်။ ယင်းအမိန့်တွင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက် သည့်နယ်မြေသည် နိုင်ငံတစ်ဝန်းလုံးဖြစ်ကြောင်းနှင့် အချိန်ကာလ သတ်မှတ်ချက်သည် အမိန့် ထုတ်ပြန်သည့်နေ့မှ တစ်နှစ်အထိ ဖြစ်ကြောင်းဖော်ပြရမည်။

၉၅။ (က) ပြည်သူ့လွှတ်တော်တွင်ဖြစ်စေ၊ အမျိုးသားလွှတ်တော်တွင်ဖြစ်စေ စတင်တင်သွင်းသည့် ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုလျှင် ယင်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည်၊ (ခ) ဥပဒေကြမ်းတစ်ရပ်နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ သဘောကွဲလွဲပါက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရမည်။

------------


၁၉၅၉ မှာ ဆိုင်းငံ့ကြပုံ
===============
( သတင်းစာထဲမှာတော့ ပြင်ဆင်တယ်လို့ ရေးတယ်။အမှန်က ဆိုင်းငံ့တာ။ သတင်းထောက် ကိုမျိုးသာထက် ရေးထားတာကို ဖတ်ကြည့်ပါ။ )

၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကလည်း ၂၀၀၈ လောက် မခက်ပေမယ့် ပြင်ဖို့ခက်တော့ အတိုင်းတိုင်း မပြင်တော့ဘဲ ပုဒ်မ ၁၁၆ ကို ဆိုင်းငံ့ဖို့ ကြိုးစားပြီး အခြေခံဥပဒေကို မထိဘဲ ပြင်ဆင်ချက်ဥပဒေဆိုပြီး ဦးကျော်ငြိမ်းတို့ လုပ်ခဲ့ကြတာပါ၊ အဲဒီတုန်းကတော့ စစ်ခေါင်းဆောင် အာဏာရဖို့ပေါ့။ အခု လူထုခေါင်းဆောင် အာဏာရဖို့ ၅၉ (စ) ကို ဆိုင်းငံ့မယ်ဆိုတော့ စစ်အာဏာရှင်တွေရော၊ စစ်အာဏာရှင်အောက်ဆွဲတွေရော၊ စစ်အာဏာရှင်အလိုတော်ရိတွေရောက ကန့်ကွက် ဟားတိုက်နေကြတော့ ခက်ခက်လှချည်ရဲ့လို့ပဲ တွေးမိပါတော့တယ်။

၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၁၁၆ က ပြည်သူ့ကိုယ်စားလှယ် မဟုတ်ဘဲ အစိုးရအဖွဲ့ဝင် ဝန်ကြီး (ဝန်ကြီးချုပ်) တာဝန်ကို ခြောက်လထက်ပိုပြီး ထမ်းဆောင်လို့ မရဘူး။

၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၁၁၆ ပြင်ဖို့ ခက်နေတော့ အခြေခံဥပဒေကို အတိုင်းတိုင်း မပြင်တော့ဘဲ နောက်တစ်လမ်းနဲ့ အဲဒီပုဒ်မကိုပဲ ဆိုင်းငံ့ဖို့ လွှတ်တော်မှာ အဆိုတင်တယ်၊ အဆိုအောင်တော့ ဥပဒေကြမ်းနဲ့ သီးခြား (ပြင်ဆင်ချက်) ဥပဒေကို အတည်ပြုဋ္ဌာန်းတယ်၊ အလုပ်ဖြစ်ခဲ့တယ်။ သတင်းစာတွေက အခုလို ရေးခဲ့တယ်။ ဒီတစ်ကြိမ်လည်း အောင်မြင်မယ့်ပုံ ရှိပါတယ်။ ပြည်သူတွေ စစ်အာဏာရှင်အောက်က လွတ်ထွက်ပြီး ကံကောင်းနိုင်ကြပါစေ။

posted from Bloggeroid

No comments:

Post a Comment