မေ့မေ့ပျောက်ပျောက်ပါပဲ ဗိုလ်ချုပ်ရုပ်ရှင်
“ဒီဇာတ်ကားရိုက်ကူးဖို့ ဇာတ်ကား ကုန်ကျငွေကို တွက်ချက်လိုက်တဲ့အခါမှာ ငွေကျပ် သိန်းပေါင်း သုံးသောင်းလောက် ကုန်ကျဖို့ ရှိနေတယ်။ အဲ့ဒီတော့ လက်ရှိ ကျွန်တော်တို့ ဘုတ်အဖွဲ့မှာ အဲဒီလောက် ပမာဏ မရှိပါဘူး။ ပြည်သူလူထု ရဲ့ လှူဒါန်းငွေက ကျွန်တော်တို့ လက်ထဲမှာ သိန်းပေါင်း ၇ ထောင်လောက် ရှိပါတယ်...”
--- ----- ----- ----- ---
၂၀၁၅ ဖေဖော်ဝါရီ ၁၃ ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့်မွေးနေ့အမီ ရုံတင်ပြသမယ်လို့ ဗိန်းဗောင်းတီးပြီး မြန်မာနိုင်ငံမှာ ရှိသမျှ ရုပ်ရှင်လောကသားအကုန်လုံးနီးပါး ပါဝင်တဲ့ တပ်ပေါင်းစုကြီးနဲ့ လုပ်မဟဲ့ဆိုပြီး လုပ်ခဲ့ကြတဲ့ ဗိုလ်ချုပ်ရုပ်ရှင်၊ အခု ၂၀၁၆ ဖော်ဖော်ဝါရီတောင် ရောက်လို့နေပါပြီ။ ယနေ့ ဗိုလ်ချုပ်သာ အသက်ရှင်လျက်ရှိနေသေးရင်း အသက် ၁၀၁ နှစ်ပြည့်ပါပြီ။ ဗိုလ်ချုပ်ရုပ်ရှင်ကတော့ ထွက်မလာနိုင်သေးပါဘူး။
ဗိုလ်ချုပ်ရုပ်ရှင် ပရောဂျက်နဲ့ပတ်သက်လို့ ၂၀၁၁ ခုနှစ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ရုပ်ရှင်လောကသားတွေကို ခြံထဲမှာခေါ်ယူတွေ့ဆုံ၊ ဆွေးနွေးတိုင်ပင်ခဲ့ပြီး ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ဖွဲ့စည်းခဲ့ကြပါတယ်။ အဓိက ပါဝင်သူတွေကတော့ ဇာဂနာ၊ ထွန်းအိန္ဒြာဗို၊ ဒါရိုက်တာ ကြည်ဖြူသျှင်၊ ဒါရိုက်တာ ၀ိုင်း၊ ဒါရိုက်တာ အိအိခိုင်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ရုပ်ရှင်အစည်းအရုံးဥက္ကဌ လူမင်း၊ ဇင်ဝိုင်း၊ ဝေဠုကျော် အစရှိသဖြင့် ပုဂ္ဂိုလ်များ ဖြစ်ပြီး ပြန်ကြားရေးတာဝန်ခံအဖြစ် ဇော်သက်ထွေး၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်အိအိခိုင်၊ စာရင်းစစ်အဖြစ် ထွန်းအိန္ဒြာဗိုတို့က တာဝန်ယူခဲ့ကြပါတယ်။ ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် လိုအပ်တဲ့ ရံပုံငွေတွေလည်း ကောက်ခံခဲ့ကြပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင် ထွက်မလာသေးတဲ့အကြောင်းနဲ့ပတ်သက်လို့ ဦးဇော်သက်ထွေးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ “ကျွန်တော်တို့ ဗိုလ်ချုပ်ဆောင်ဆန်း ရုပ်ရှင်ဇာတ်ကား ရိုက်နေတယ်လို့ တခါမှ သတင်းမထုတ်ပြန်ခဲ့ပါဘူး။ ဘုတ်အဖွဲ့ရုံးခန်းကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ မှာ စတင်ဖွင့်လှစ်ပြီး ကျွန်တော်တို့ ဘုတ်အဖွဲ့ဝင်တွေဟာ မိမိငွေနဲ့ စေတနာဝန်ထမ်း၊ တာဝန်ထမ်းရင်း စခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ဘုတ်အဖွဲ့ လုပ်ငန်းတာဝန်တွေကတော့ ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်မယ့် သူရယ် ပြီးတော့ ဒေါ်ခင်ကြည်နေရာမှာ သရုပ်ဆောင်မဲ့သူရယ်ကို ရွေးချယ်ပေးဖို့ပါ။ အဲဒီအတွက်လည်း ကမ္ဘောဇဘောလုံးအသင်းက ကစားသမား ကျော်ကျော်မျိုးနဲ့ ပုသိမ်က ကျောင်းဆရာမ ဇာခြည်မြင့်ကို ကျွန်တော်တို့ သရုပ်ဆောင်များအဖြစ် ရွေးခဲ့ပါတယ်။ ဒီဇာတ်ကားရိုက်ကူးဖို့ ဇာတ်ကား ကုန်ကျငွေကို တွက်ချက်လိုက်တဲ့အခါမှာ ငွေကျပ် သိန်းပေါင်း သုံးသောင်းလောက် ကုန်ကျဖို့ ရှိနေတယ်။ အဲ့ဒီတော့ လက်ရှိ ကျွန်တော်တို့ ဘုတ်အဖွဲ့မှာ အဲဒီလောက် ပမာဏ မရှိပါဘူး။ ပြည်သူလူထု ရဲ့ လှူဒါန်းငွေက ကျွန်တော်တို့ လက်ထဲမှာ သိန်းပေါင်း ၇ ထောင်လောက် ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ ကျပ်သိန်းပေါင်း သုံးသောင်းလောက်မရှိတဲ့အတွက် ဇာတ်ကားရိုက်ကူးခြင်းကို ယခုအချိန်အထိ မလုပ်ရသေးပါဘူး။ မကြာခင်မှာပဲ ဘုတ်အဖွဲ့ဟာလည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆွေးနွေးပြီးတော့ ဒီဇာတ်ကားကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ရှိတယ်”လို့ ပြောပါတယ်။
အမှန်မှာတော့ ဗိုလ်ချုပ်ရုပ်ရှင် ၂၀၁၅ အမီ မပြီးမြောက်နိုင်ဘူးဆိုတာ ၂၀၁၄ ကတည်းက သိခဲ့ကြပါတယ်။
“မြန်မြန်နဲ့ မကောင်းတကောင်း လုပ်မလား၊ ကောင်းကောင်း လုပ်ပြီး အချိန်ယူမလားဆိုတော့ ကောင်းကောင်း လုပ်ပြီး အချိန်ယူလုပ်နိုင်အောင် ဆုံးဖြတ်လိုက်တာပါ”လို့ ၂၀၁၄ ဖေဖော်ဝါရီလက ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ပါတယ်။
‘အဆိုပါ ဇာတ်လမ်းကို ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် မွေးနေ့တွင် ပြသနိုင်မှု မရှိတော့သော်လည်း ၂၀၁၆ ခုနှစ် မရောက်မီ ပြသနိုင်ရန် ကြိုးစားလုပ်ဆောင်သွားမည်ဟု ဦးဇော်သက်ထွေးက ထပ်လောင်း ပြောကြားသည်’လို့ ၂၀၁၄ ခုနှစ်က သတင်းတရပ်မှာ ဖတ်ခဲ့ရပါတယ်။ မြန်မာပြည်သူအပေါင်းကတော့ စောင့်ဆိုင်းလျက်ပါပဲ။
ဒီဇာတ်ကားမှာ ဗိုလ်ချုပ်အောင်ဆန်းနေရာကသရုပ်ဆောင်မယ့် ကမ္ဘောဇအသင်းက ဘောလုံးသမား ကျော်ကျော်မျိုးဟာလည်း အားကစားသမားတယောက်ရဲ့ အကောင်းဆုံးအချိန်ဖြစ်တဲ့ ၂၉ နှစ် ရှိလို့နေပါပြီ။ ရှေ့ဆက် အကျပိုင်းကို ရောက်တော့မှာပါ။ သူ့ရဲ့ အားကစားသမားဘ၀ကလည်း ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ၀င်စားသရုပ်ဆောင်ပေးလိုတဲ့ဆန္ဒကြောင့် လေထဲမှာ အပ်ချည်ကြိုးနဲ့ တွဲလောင်းဆွဲထားသလိုပါ။
“ဘောလုံးအသင်းက နားလည်မှုနဲ့ အနားပေးထားတော့ လစာတော့ ရနေပါတယ်။ ဘောလုံးသမားတယောက်ကလည်း အသက်အရွယ်နဲ့ဆိုင်တယ်လေ။ ဒီနှစ်ထဲမှာ ရိုက်ဖြစ်မယ်၊ ပြီးပြတ်မယ်ဆိုရင်တော့ သေချာပေါက် ဘောလုံးပြန်ကစားမှာပါ။ နောက် နှစ်နှစ်၊ သုံးနှစ်လောက်နေမှ ရိုက်ဖြစ်မယ်ဆိုရင်တော့ အသက်အရွယ်က အရမ်းကွာသွားပြီ။ စကားပြောစရာလေးတွေ ဖြစ်လာပြီ”လို့ ကျော်ကျော်မျိုးက ပြောပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင် ခရီးလမ်းကလည်း အထစ်အငေါ့များစွာနဲ့ပါ။ ကနဦးက ကမ္ဘာ့အဆင့်မီရုပ်ရှင်ဖြစ်အောင် ရိုက်မယ်ဆိုပြီး ဟောလိဝုဒ်က ရုပ်ရှင်ပညာရှင်တွေရဲ့အကူအညီ ယူမယ် လုပ်ခဲ့ကြပါတယ်။ ဆရာချစ်ဦးညို၊ ဒါရိုက်တာ ကြည်စိုးထွန်း၊ ဆရာ မြမြင့်မိုရ်တို့ရေးတဲ့ဇာတ်ညွှန်းကို ပြည်ပက ပညာရှင်တွေကိုပြတော့ အလုပ်မဖြစ်လောက်ဘူးလို့ ဟိုက ပြောလိုက်တယ်လို့ ဆိုပါတယ်။ ဟောလိဝုဒ်ကလူတွေက ရုပ်ရှင်ရိုက်မယ်ဆို ရုပ်ရှင်နဲ့တူအောင် ဇာတ်ညွှန်းရေးရမယ်၊ လုပ်ထားပြီးသားတော်တော်များများ ပြန်စရမယ်ဆိုတဲ့သဘောဖြစ်လာပြီး မတင်မကျ အခြေအနေမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ထပ်လုပ်ခဲ့ကြတယ်။ အဲဒီနောက် ဗိုလ်ချုပ်ရုပ်ရှင်ကို ပြည်တွင်းက အနုပညာရှင်တွေနဲ့ပဲ ရိုက်ကူးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရတယ်။
ဗိုလ်ချုပ်ရုပ်ရှင်ကြီးဟာ ၁၁ မိနစ်စာ teaser အမြည်းကလွဲလို့ ဘာမှ လောက်လောက်လားလား ဖြစ်မလာသေးပါ။ ငွေရေးကြေးရေး လိုအပ်ချက်တွေရှိတယ်လို့လည်း ကြားမိပါရဲ့။ သို့သော် လိုတယ်ဆိုတာကလွဲလို့ ဘယ်နေရာတွေမှာ ဘယ်လောက်အထိတော့ ကုန်ကျသွားပါပြီ စသဖြင့် ဘဏ္ဍာရေးရှင်းတမ်းလည်း အများသိ မထုတ်ပြန်သေးဘူး။ အမျိုးသားခေါင်းဆောင်ကြီးအကြောင်း ရုပ်ရှင်ဖြစ်တဲ့အတွက် ပြည်သူအားလုံးနဲ့သက်ဆိုင်ပါတယ်။ ဒါကြောင့် ဒီရုပ်ရှင်ကားကြီး ပီပီပြင်ပြင်ဖြစ်မြောက်ရေးအတွက် အများပြည်သူထံက ရံပုံငွေကောက်ခံတာလည်း နည်းလမ်းကျပါတယ်။ ထို့အတူ ဘဏ္ဍာစာရင်းရှင်းတမ်း ထုတ်ပြန်ပေးဖို့လည်း တာဝန်ရှိပါတယ်။
လက်ရှိ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ရဲ့ လက်ထဲမှာ သိန်းပေါင်း ခုနှစ်ထောင်လောက်ရှိတယ်ဆိုပေမယ့် ရံပုံငွေကောက်ခံမှု ဘယ်လောက်ရခဲ့ပြီး ဘယ်လောက်တော့ သုံးစွဲထားပြီဆိုတာလည်း မသိရသေးပါဘူး။
ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ၂၀၁၅ သြဂုတ်လက နောက်ဆုံးတင်ခဲ့တဲ့ပို့စ်မှာ “၂၀၁၅ ခုနှစ် သြဂုတ်လ (၅) ရက်နေ့တွင် ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း၌ အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့နှင့် Synthesis Production House အဖွဲ့တို့ ရုပ်ရှင်ဇာတ်ကားတွင် အသုံးပြုမည့် ခန့်မှန်းကုန်ကျစရိတ် တွက်ချက် အတည်ပြုရန်အတွက် စတင် တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ဖြစ်မြောက်ရေးအဖွဲ့ဝင်များဖြစ်ကြသော ဦးမင်းထင်ကိုကိုကြီး၊ ကိုဝိုင်း ၊ ကိုသူရကျော်၊ ဒေါ်အိအိခိုင်၊ ဒေါ်ထွန်းအိန္ဒြာဗိုနှင့် Synthesis Production House မှ ဒေါ်ဆွေဇင်ထိုက်၊ ကိုစိုးသီဟတို့ ပါဝင်ဆွေးနွေးခဲ့ကြသည်”လို့ ရေးထားပြီး ယနေ့ထိ ခန့်မှန်းကုန်ကျစရိတ် ဘယ်လောက်ဆိုတာ ဆက်လက်တင်ပြထားခြင်း မရှိသေးပါ။ ဆက်လက် တွက်ချက်ဆဲလို့ မှတ်ယူရမလားပဲ။ ဘဏ္ဍာရေးကော်မတီဝင်တွေက အသေးစိပ်ရှင်းပြနိုင်တယ်လို့တော့ ဦးဇော်သက်ထွေးက ပြောပါတယ်။
၁၁ မိနစ်အမြည်းကြည့်ရတဲ့ ၀ါသနာရှင်တွေကလည်း အားမရကြဘူးလို့ ပြောဆိုကြပါတယ်။ ၁၁ မိနစ်စာမို့လို့ပဲ ပြီးတဲ့အထိ မနည်းအောင့်အီးသည်းခံကြည့်ရတယ်၊ ပိတောက်တွေ ရွှေရည်လူးခဲ့ပေါ့လေ သီချင်းညည်းတဲ့ ရုပ်ရှင်ထဲက ဒို့ ဗိုလ်ချုပ်က အဆွေးသမားကြီးပါလား စသဖြင့် ဝေဖန်ကြပါတယ်။ မပြီးခင် ဗမာမမြင်စေနဲ့ဆိုတဲ့စကားအတိုင်း ၁၁ မိနစ်စာ အမြည်းလောက်ကိုကြည့်ပြီး မဝေဖန်ကောင်းပါဘူး။
၂ နာရီခွဲစာလောက် တ၀ကြီးကြည့်ရမယ့် ဗိုလ်ချုပ်ရုပ်ရှင်ကို စောင့်စားရင်းစောင့်စားရင်း မျှော်သာမျှော် မောင်တော်ပေါ်မလာဆိုသလို ဖြစ်လို့နေပါပြီ။ ဒါကြောင့် မေ့မေ့ပျောက်ပျောက်ပါပဲ ဗိုလ်ချုပ်ရုပ်ရှင်လို့သာ ဆိုလိုက်ချင်တော့တယ်။
နေမင်းခ၊ အောင်သူ

posted from Bloggeroid
No comments:
Post a Comment