Friday, February 19, 2016

ပဲပြားတွေမစားသင့်


မန္တလေး ဈေးကွက်အတွင်း ရောင်းချနေသော ပဲပြားလေးမျိုးတွင် မပုပ်မသိုးစေသော ဖော်မလင် (Formalin) ခွင့်မပြုဆေး သုံးစွဲထားသောကြောင့် စားသုံးရန် မသင့်ကြောင်း ထုတ်ပြန်

===================
===================

မန္တလေးမြို့ ဈေးကွက်အတွင်း ရောင်းချနေသာ ပဲပြားများအနက် တံဆိပ်လေးမျိုးတွင် မပုပ်မသိုးစေသော ဖော်မလင် ခွင့်မပြုဆေး သုံးစွဲထားခြင်းကြောင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ စားသုံးရန်မသင့် အစားအစာအဖြစ် ရောင်းချရန် တားမြစ်ထားကြောင်း စုံစမ်း သိရှိရသည်။

ဈေးကွက်အတွင်း ရောင်းချနေသော ပဲပြားများအနက် နမူနာဝယ်ယူ စစ်ဆေးချက်များ ပြုလုပ်ခဲ့ရာတွင် S အမှတ်တံဆိပ် ပဲပြား၊ ‘လ’ အမှတ်တံဆိပ် ပဲပြား၊ A အမှတ်တံဆိပ် ပဲပြားနှင့် 7 အမှတ်တံဆိပ် ပဲပြားတို့တွင် အစားအသောက်များတွင် သုံးစွဲခွင့် မပြုထားသော ဖော်မလင်ဆေး သုံးစွဲမှု တွေ့ရှိရသည့်အတွက် ဖေဖော်ဝါရီ ၁၇ ရက်က အသိပေး တားမြစ်ခဲ့ကြောင်း သိရသည်။

“ပုံမှန် စစ်ဆေးဆောင်ရွက်နေတဲ့ အစီအစဉ်အရ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ပဲပြားတွေထဲကမှ နမူနာဝယ်ယူ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့ အခါမှာ အမှတ်တံဆိပ် လေးမျိုးမှာ ဖော်မလင် ပါတာကို တွေ့ရတဲ့အတွက် အသိပေး တားမြစ်လိုက်တာပါ။ ကျန်တာတွေကိုလည်း ဆက်လက်စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်။ နောက်ဆုံး မတွေ့ရလောက်တဲ့ အခြေအနေထိရောက်အောင် စစ်ဆေးသွားမှာပါ” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မန္တလေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မန္တလေး ဈေးကွက်တွင် ယင်းအမှတ်တံဆိပ် ပဲပြားများမှာ အများအပြား ရောင်းချရသော စားသောက်ကုန် ပစ္စည်းများဖြစ်ပြီး စားသုံးသူများ သိရှိရန် စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍လည်း ရပ်ကွက်ဈေးများ၊ လက်ကားဈေးများတွင် အသိပေး ကြေညာချက်များ စိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။

ဈေးကွက်မှ နမူနာကောက်ယူ စစ်ဆေးခြင်းများကို (FDA) မှ ပုံမှန် ဆောင်ရွက်လျက်ရှိပြီး ခွင့်မပြုဆိုးဆေး အသုံးပြုတတ်သော ငါးပိ၊ ငရုတ်သီးမှုန့်များကိုလည်း နမူနာကောက်ယူ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း အစားသောက်နှင့်ဆိုင်သည့် ခွင့်မပြုဆေးများနှင့် ပတ်သက်၍ သိရှိလိုသည်များကို (FDA) သို့ လာရောက်မေးမြန်းနိုင်ကာ သံသယရှိ အစားအစားများနှင့် ပတ်သက်၍လည်း လာရောက် တိုင်ကြားမှုများ ပြုလုပ်နိုင်ကြောင်း သိရသည်။

Writer:
လဲ့လဲ့အောင်

============

Eleven Media Group

posted from Bloggeroid

No comments:

Post a Comment