Thursday, March 3, 2016

သစ်ခိုးထုတ်

ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအနီး ရပ်နားထားသော
သစ်တင်ကားများကို စိစစ်စေလိုကြောင်း ဒေသခံများဆို
----- ------- ------- ------- ------
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာရှိ နီကယ်စက်ရုံအနီးတွင် ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ်ပိုင်းအချိန်က ပိတောက်နှင့် တမလန်းသစ်များ တင်ဆောင်ရပ်နားထားသည့် ကားကြီး များအား သေချာစွာစစ်ဆေး ရန်လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

''ဘယ်နေရာက သယ်ယူလာတဲ့ သစ်တွေဆိုတာ မသိရဘူး။ ဒီလိုပဲ သယ်ယူလာပြီး ညအချိန်မှာ ထွက်သွား နေတာတွေရှိတယ်။ တံဆိပ်အနေနဲ့ကတော့ မြေဖြူတွေနဲ့ မှတ်သားထားတာတွေကိုပဲ တွေ့တယ်''ဟု ဒေသခံတဦးက ပြောသည်။

ယင်းသစ်များမှာ မန္တလေးသို့ တိုင်းကျော်သယ်ယူမည့်သစ်များဖြစ်နိုင်ပြီး ကုန်သည်မည်သူဖြစ်သည်ကို ပြောနိုင်ခြင်းမရှိသလို စာရွက်စာတမ်းများ တပါတည်း ယူဆောင်လာခြင်းလည်းမရှိကြောင်း ဒေသခံများက ပြောသည်။
ယင်းသို့ သစ်များအား လက်လွတ် စပယ်သယ်ယူဖြတ်သန်းနေခြင်းသည် နိုင်ငံတော်အတွက် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သောကြောင့် တာဝန်ရှိသူများမှ သေချာစွာစစ်ဆေးရန် လိုအပ်လျက်ရှိကြောင်း၊ တရားမ၀င် သစ်မှောင်ခိုလုပ်ငန်းနှင့် အဓိကဆက်နွှယ်မှုရှိသော မူးယစ်ဆေးများ ပိုမိုပေါများလာကာ ကသာခရိုင် ထီးချိုင့်မြို့နယ်သည် မူးယစ်ဆေးဝါးနယ် မြေကြီးအသွင်ဖြစ်လာမည်ကို စိုးရိမ်မိကြောင်း ဒေသခံများက သုံးသပ် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံဘက်သို့ ဒေါ်လာသန်းရာနှင့်ချီ တန်ကြေးရှိ သစ်ခိုးထုတ်မှုသည် မြင့်တက်လာနေပြီး လွန်ခဲ့သော သုံးနှစ်အတွင်း မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ စီးဝင်နေသောသစ်တန် ချိန်ပမာဏမှာ စိုးရိမ် ဖွယ်ရာအခြေအနေဖြစ်ကြောင်း လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအေဂျင်စီ (EIA) က ယမန်နှစ် စက်တင်ဘာ အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။


''အထူးသဖြင့် တန်ဖိုးကြီးတဲ့ကျွန်း၊ တမလန်းလို သစ်မာတွေကိုရှာဖွေရင်း တရုတ်ဘက်က သစ်ထုတ်ယူမှုတွေ က မြန်မာ့သစ်တောတွေရဲ့ တောတွင်းပိုင်းတွေအထိ ရောက်နေကြပြီ။ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် ဒီသစ်တောတွေကိုမှီခိုနေတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ ဒီသစ်တောတွေရဲ့ အခြေအနေဟာ ပြန်လည်ပြုပြင်လို့မရ နိုင်တဲ့ အနေအထားဖြစ်သွားလိမ့်မယ်''ဟု အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

၂၀၁၄ တနှစ်ထဲမှာပင် မြန်မာနိုင်ငံ မှ တရုတ်နိုင်ငံသို့ တင်ပို့သော သစ်လုံး ပမာဏမှာ ကိုးသိန်း ခုနစ်သောင်းရှစ်ထောင် ကုဗမီတာရှိပြီး အများစုမှာ တရားမ၀င်သစ်များဖြစ်သည်။

ပိတောက်နှင့် တမလန်းကို အဓိကထားခုတ်ယူကြပြီး အဆိုပါသစ်နှစ်မျိုးသည် နောင် ၁၀ နှစ်အတွင်း မြန်မာ့မြေမှ လုံးဝပျောက်ကွယ်သွားလိမ့်မည်ဟုလည်း ယင်းအစီရင်ခံစာပြုစုရာတွင်ပါဝင်သူ သစ်တော အရေးလှုပ်ရှားဆော်သြသူ Jago Wadley က သတိပေးပြောကြားသည်။

ဗေဒါ (ကသာ)

posted from Bloggeroid

No comments:

Post a Comment