လွှတ်တော်အသစ်နှင့် အစိုးရအဟောင်း [သရ၀ဏ်(ပြည်)]
---- ----- ----- ----- ----
၂၀၁၆ ဖေဖော်ဝါရီနှင့် မတ်လ တလလုံး (ရက် ၆၀ ခန့်)မှာ မြန်မာ့နိုင်ငံရေးဝယ်ထူးခြားသောကာလဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုနှစ်လသောကာလအတွင်းဝယ် အုပ်ချုပ်ရေးမဏ္ဍိုင် (အစိုးရ)တွင် လူဟောင်းများ ဆက်လက်အုပ်ချုပ်နေဆဲဖြစ်ပြီး ဥပဒေပြုရေးမဏ္ဍိုင်(လွှတ်တော်)သည် အသစ်ဖြစ်ပေါ်လာသောကြောင့် ဖြစ် သည်။ တနည်းပြောရလျှင် လွှတ်တော်အသစ်နှင့် အစိုးရအဟောင်း ရင်ဆိုင်တွေ့ရခြင်း ဖြစ်သည်။ အစိုးရ ဟောင်းတွင်ပါဝင်သူ အများစုမှာ ၂၀၁၅ ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်အများစု ဖြစ်ပြီး လွှတ်တော်အသစ်တွင် ပါဝင်သူအများစုမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် အများစုဖြစ်လေသည်။ ယခင်လွှတ်တော်အဟောင်းနှင့် အစိုးရဟောင်းလက်ထက်တုန်းကလည်း လွှတ်တော်နှင့် အစိုးရသည် သိပ်ပြီး အစေးကပ်သည်တော့မဟုတ်၊ ရံဖန်ရံခါ အငြင်းပွားမှုများ၊ ထိပ်တိုက်ရင်ဆိုင်မှုများ၊ အာဏာ လွန်ဆွဲပွဲများလည်း ရှိခဲ့ဖူးပါသည်။ ဥပမာ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်သောကိစ္စ၊ ဒေါက်တာဆိတ်ဖွားရှာပုံတော်ကိစ္စ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကော်မတီဝင်များသည် ပြည် ထောင်စုအဆင့် ဟုတ်မဟုတ် ငြင်းခုံမှု၊ ဆီးသီးဗန်းမှောက်သည့်ကိစ္စစသည်ဖြင့် ဦးရွှေမန်းနှင့် ဦးသိန်းစိန် အစိုးရ ကြား၊ ဦးခင်အောင်မြင့်နှင့် ဦးသိန်းစိန်အစိုးရကြား အငြင်းပွားကြရတာတွေလည်း ရှိပေသည်။ သို့သော် မဏ္ဍိုင် နှစ်ခုလုံးသည် ပြည်ခိုင်ဖြိုးပါတီဝင်များသာဖြစ်၍ ထိုအငြင်းပွားမှုများမှာ ဟန်ဆောင်အငြင်းပွားမှုတွေလားဟု သံသယဖြစ်သူကဖြစ်ကြသည်။ ထိုစဉ်က ဖြစ်နေခဲ့သော နိုင်ငံရေးပုံသဏ္ဌာန်မှာ လွှတ်တော်ကတဖက်၊ အစိုးရ နှင့် တပ်မတော်က တဖက်ဆိုသော ပုံသဏ္ဌာန်ဖြစ်သည်။ လွှတ်တော်တွင် သမ္မတနှင့်လွှတ်တော်အငြင်းပွား တိုင်း တပ်မတော်သည် သမ္မတဘက်မှရပ်တည် ဆန္ဒမဲပေး၊ ထောက်ခံဆွေးနွေးတတ်တာ မကြာခဏတွေ့ရ သည်။ သို့သော် သူတို့ ဘယ်လောက်သဘောထားကွဲကွဲ အားလုံးသည် ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တပ်မတော် ဗိုလ်ချုပ်ဟောင်းများဖြစ်နေသောကြောင့် ပြည်သူလူထုက ထိုနိုင်ငံရေးအခင်းအကျင်းကို အယုံအကြည်မရှိပါ။ ရင်မခုန်ခဲ့ကြပါ။ သို့သော် အခြေအနေကား ခြားနားခဲ့ပြီ။
၂၀၁၆ ဖေဖော်ဝါရီလဆန်းမှစ၍ လွှတ်တော်အသစ်များသည် ဖြစ်တည်လာခဲ့ပြီဖြစ်၏။ အစိုးရမှာကား မပြုတ် သေး။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကလည်း ယခင်အတိုင်းရှိနေဆဲ။ ထိုအခါတွင် အသစ်စက် စက်လွှတ်တော်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ အသစ်စက်စက်လွှတ်တော်နှင့် ဦးသိန်းစိန် အစိုးရအဟောင်းတို့ ပွတ်တိုက်မှုများ ရှိလာခဲ့လေသည်။ လွှတ်တော်သစ်၏စွမ်းဆောင်မှုကို ပြည်သူလူထုက အကဲခတ်နေကြရာ လွှတ်တော်တွင်တင်မည့် ပထမဆုံးအရေးကြီးအဆိုသည် ၅၉(စ)ဆိုင်းငံ့ရေး၊ ပြင်ဆင်ရေး ဖြစ်လိမ့်မည်ဟု အားလုံးကထင်ခဲ့သော်လည်း အံသြဖွယ်ရာပင် NLD မှတင်သော ပထမဆုံးအရေးကြီးအဆိုမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းပေးရေး အစိုးရနှင့်သက်ဆိုင်ရာအဖွဲ့များ အား တိုက်တွန်းကြောင်း အဆိုဖြစ်သည်။ ထို့အပြင် ဖေဖော်ဝါရီ ၂၄ ရက်က မူးယစ်ဆေးဝါးနှိမ်နင်းတိုက်ဖျက် ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်လာမှုအပေါ် ကြိုဆိုထောက်ခံပေးရန်နှင့် ဟန့်တားနှောင့်ယှက် သူများ၏အန္တရာယ်မှ ကာကွယ်ပေးရန်တို့အပြင် ထိရောက်သော ကူညီဆောင်ရွက်မှုများ အမြန်ဆုံးဆောင်ရွက် ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးက ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ထိုအဆိုနှင့်ပတ်သက်၍ အစိုးရ၀န်ကြီးများလွှတ် တော်တွင် လာရောက်ရှင်းလင်းခြင်းမရှိပါ။ တကယ်တော့ အစိုးရသာ တကယ်တမ်းအလုပ်လုပ်ခဲ့လျှင် ထိုအဆို မှာ တိုက်တွန်းရန်ပင်မလိုသောအဆိုဖြစ်သည်။ မူးယစ်ဆေးဝါး တိုက်ဖျက်သည်ဆိုခြင်းမှာ မူရင်းအားဖြင့် အစိုးရ လုပ်ရမည့်အလုပ်ဖြစ်သည်။ ထိုအလုပ်ကို ပြည်သူလူထုက မိမိအလုပ်ပျက်ခံကာအန္တရာယ်ကြားမှ လိုက်လံလုပ် အားပေးနေသည်ဆိုကတည်းက အစိုးရသည် ဘက်ပေါင်းစုံမှ အကာအကွယ်ပေးစောင့်ရှောက်ကူညီရမည် ဖြစ် သည်။ တပ်မတော်မှ လုံခြုံရေးအပြည့်အ၀တာဝန်ယူပေးရမည် ဖြစ်သည်။ ယခုကဲ့သို့ ကူသလိုလို မကူသလိုလို၊ စောင့်ရှောက်သလိုလို၊ မစောင့်ရှောက်သလိုလို လုပ်ရမည့်ကိစ္စများ မဟုတ်ချေ။ လုပ်ကိုလုပ်ရ မည့်ကိစ္စများဖြစ် သည်။ အစိုးရဘက်မှ မူးယစ်ဆေးဝါးဆန့်ကျင်သော ပြည်သူလူထုကို အကာအကွယ်အပြည့်အ၀ မပေးနိုင်သော ကြောင့်သာ လွှတ်တော်တွင် NLD က အရေးကြီးအဆိုတခုအဖြစ် တက်လာခြင်းဖြစ်သည်။ ထိုအဆိုကို အစိုးရ အဖွဲ့ဝင်ဝန်ကြီးများသည် လွှတ်တော်သို့လာ ရောက်ရှင်းလင်းခြင်းမပြုဘဲ ပထမအကြိမ်အဖြစ်လွှတ်တော်ကို ကဏ္ဋကောစပြုခဲ့ပါသည်။
ထို့နောက် ပုလဲမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်က နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲအပြီး နောက်ပိုင်းဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင်စက်ရုံများ၊ နိုင်ငံတော်စီးပွားရေးလုပ် ငန်းများကို အလျင်စလို ငှားရမ်း၊ ရောင်းချ၊ လွှဲပြောင်းမှု၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ နိုင်ငံပိုင်စီမံကိန်းများကို နေရာ တကျစီမံခြင်းမပြုဘဲ အဆောတလျင် ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု၊ နိုင်ငံပိုင်သယံဇာတများကို လိုအပ်သောဆောင်ရွက်မှုများ၊ သဘောတူညှိနှိုင်းမှုများ မပြုလုပ်ဘဲ အစိုးရတာဝန်မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲမှု စသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုးအတွက် အသေးစိတ်စိစစ်ဟန့်တား၍ ထိန်းကျောင်း တည့်မတ်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့အားတိုက်တွန်းကြောင်း အရေးကြီးအဆိုကို ၂၀၁၆ ဖေဖော်ဝါရီ ၂၅ ရက်က တင်သွင်းခဲ့လေသည်။ ၎င်းအဆိုသည် ဦးသိန်းစိန်အစိုးရကို များစွာအထိနာစေခဲ့ဟန်ရှိ၏။ ဟန်ဆောင် ပန်ဆောင်မျှပင် လွှတ်တော်သို့ လာရောက်ရှင်းလင်းမှုမလုပ်တော့ဘဲ တခါတည်းကိုယ်ပျောက်ဆေးစားလိုက် သည့်သဖွယ် ၀န်ကြီး၊ ဒုဝန်ကြီး၊ အစိုးရအဖွဲ့ဝင်များ ရှိန်းဆာယာ ပိုမောက်၍ ကိုယ်ပျောက်သွားကြတော့သည်။ ၎င်းနောက် လွှတ်တော်တွင် ဒေါ်ခင်စန်းလှိုင်တင်သွင်းသော အရေးကြီးအဆိုကို ၂၆-၂-၂၀၁၆ တွင် ပြည်သူ့ လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ဆွေးနွေးကြသည်။ NLD မှ စေတုတ္ထရာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ဒေါ်ခင်စန်းလှိုင်၏အဆိုကို ထောက်ခံဆွေးနွေးနေစဉ် တပ်မ တော်သားကိုယ်စားလှယ်အစုအဖွဲ့မှ ဗိုလ်မှူးကြီးမိုးကျော်ဦးဆိုသူက ခဏခဏဟုဆိုကာ မတ်တတ်ထပြီး ကန့်ကွက်ကြောင်း ပြောကြားသည့်အပြင် လက်ပံတောင်းတောင်စီမံကိန်းနှင့်ပတ်သက်သော စာရင်းဇယားများ ကို ရှည်လျားစွာဖတ်ကြားပြသွားခဲ့၏။ ထိုဗိုလ်မှူးကြီး မိုးကျော်ဦးဆိုသူ မတ်တတ်ထ စကားပြောသည်နှင့် ကျန် သော ပြည်သူ့လွှတ်တော်ရှိ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အားလုံး မတ်တတ်ထရပ်ကာ အစုလိုက် အဝေးလိုက် ဆန္ဒပြသလို ကန့်ကွက်သလိုလို လုပ်ကြလေသည်။ ထိုဖြစ်စဉ်များနှင့် မရှေးမနှောင်းမှာပင် ပြည် ထောင်စုအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူဟုဆိုသော ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သမ္မတဦးသိန်းစိန်အစိုးရ အား ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းက ရွေးချယ်တင်မြှောက်ခဲ့သောကြောင့် ယခုလက်ရှိလွှတ် တော်သက်တမ်းတွင် သူတို့အစိုးရအနေနှင့် တာဝန်ခံဖို့မလိုသောကြောင့် တမင်သက်သက်အစိုးရကို ထိုးနှက် သောကိစ္စမျိုးကို လွှတ်တော်တွင်ဝန်ကြီးများအနေဖြင့် သွားရောက်ဖြေရှင်းဖို့ မလိုသည့်သဘောမျိုးပြောကြား သွားပေသည် ( RFA Burmese 26.2.2016)။ ဤနေရာ၌ ပြောကြားရန်ရှိလာသည်မှာ အချက်နှစ်ချက်ဖြစ် သည်။ နံပါတ်(၁)အချက်မှာ လွှတ်တော်အစည်းအဝေးတခု၌ အစည်းအဝေး ကျင်းပနေစဉ်အတွင်း အခြား ကိုယ်စားလှယ်တဦးက မတ်တတ်ရပ်ကာ စကားလုပြောခွင့်၊ မတ်တပ်ရပ်ခွင့်ရှိမရှိဆိုသောကိစ္စ၊ ထို့အပြင် အစုအဝေးလိုက် မတ်တတ်ရပ် ကန့်ကွက်ဆန္ဒပြမှုမျိုးကို လွှတ်တော်အတွင်း ဆောင်ရွက်ခွင့်ရှိမရှိဟူသော မေးခွန်းဖြစ်သည်။ နောက်ထပ်မေးခွန်းတခုမှာ အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည် လွှတ်တော်သို့ လာရောက်မဖြေ ကြားတော့ဘူးဟု မိမိဘာသာဆုံးဖြတ်၍ ရသလားဆိုသော မေးခွန်းများဖြစ်သည်။
သာမန်စဉ်းစားဥာဏ်ဖြင့် စဉ်းစားကြည့်သောအခါတွင်ပင် လူတယောက်စကားပြော၍ မပြီးသေးမီ အလုအယက် ကြားဖြတ်၍၀င် ပြောခြင်းသည် လူကြီးလူကောင်းမပီသမှု တမျိုးအဖြစ် လူ့အသိုင်းအ၀ိုင်းက သတ်မှတ်ကြပေ သည်။ လွှတ်တော်တွင်းသို့ရောက်နေသော ကိုယ်စားလှယ်များမှာလည်း ထို Ethic မျိုးရှိသင့်သည်ဟု ယူဆပေ သည်။ အကယ်၍ ကိုယ်စားလှယ်တယောက်ပြောနေသော ပြောဆိုချက်များကို မိမိသဘောမတူပါက ထိုကိုယ် စားလှယ်စကားဆုံးအောင်စောင့်ဆိုင်းပြီး ထိုသူပြောဆိုပြီးစီးသွားပါမှ လွှတ်တော်ဥက္ကဋ္ဌအား ခွင့်တောင်းကာ မတ်တတ်ရပ် စကားပြောသင့်ပေသည်။ ကန့်ကွက်စရာရှိလျှင်လည်း ထိုအခါမှအကျိုးနှင့်အကြောင်းနှင့်ရှင်းလင်း တင်ပြရပေမည်။ ကလေးများ စကားလုပြောသကဲ့သို့ မလုပ်သင့်ဟုထင်ပါသည်။ ထို့အပြင် မိမိအစုအဖွဲ့မှ လူ တယောက်က မတ်တတ်ထသည်နှင့်အားလုံး ၀ိုင်းအုံမတ်တတ်ရပ်ဆန္ဒပြကြသည်မှာလည်း လွှတ်တော်ကိုလည်း ကောင်း၊ လွှတ်တော်ဥက္ကဋ္ဌကိုလည်းကောင်း မလေးစားသောလုပ်ရပ်များဖြစ်သည်။ ထိုလုပ်ရပ်ကို နမူနာယူ၍ တပ်မတော်သားလွှတ်တော်အမတ်များ လွှတ်တော်တွင်း စကားပြောနေစဉ် ပါတီတခုမှ ကိုယ်စားလှယ်များက အစုလိုက်အပြုံလိုက် ၀ိုင်းဝန်းမတ်တတ်ရပ် ကန့်ကွက်ခဲ့လျှင် တပ်ကိုယ်စားလှယ်များသည် သဘောထားကြီး ကြီးနှင့် သည်းခံနိုင်ကြမည်လားဟု မေးခွန်းထုတ်လိုပါသည်။ အမြင်မတူမှုဆိုသည်မှာ မည်သည့်ကိစ္စတွင်မဆို ရှိတတ်သောသဘောရှိရာ မိမိအဖွဲ့၏အမြင်နှင့်မကိုက်ညီသည်နှင့် ၀ိုင်းဝန်းအားလုံးမတ်တတ်ရပ်ကန့်ကွက်ကြ ခြင်းမှာလည်း မဖြစ်ထိုက်သော အပြုအမူဖြစ်၍ ဂိုဏ်းဂဏ၀ါဒကို ကျင့်သုံးနေသလိုရှိပါသည်။ သူရ ဦးရွှေမန်း လွှတ်တော်ဥက္ကဋ္ဌဖြစ်နေစဉ်ကလည်း လွှတ်တော်တွင်းဆွေးနွေးမှုတခုတွင် အစုအဖွဲ့အလိုက် ဆန္ဒပြသလို တုံဏိ ဘာဝေလုပ်နေပါက လွှတ်တော်ထဲမှထွက်သွားရန် ဥက္ကဋ္ဌအနေဖြင့် ညွှန်ကြားခွင့်ရှိကြောင်း သတိပေးခဲ့ဖူးပါ သည်။ ထို့ကြောင့် နောင်လာမည့် ငါးနှစ်သက်တမ်းတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်သားရွေး ကောက်ခံကိုယ်စားလှယ်များ ယခုထက် ပိုမိုပြင်းထန်သော ငြင်းခုံမှုမျိုး ကြုံလာရကောင်းကြုံ လာနိုင်သော နိုင်ငံတော်အရေးကိစ္စများရှိ လာနိုင်သည်ဖြစ်ရာ လွှတ်တော်တွင်းဆွေးနွေးမှုများသည် ပါလီမန် ဒီမိုကရေစီလွှတ်တော်အစည်းအဝေးများကဲ့သို့ အသက်ဝင်လှုပ်ရှားကာ စိတ်ဝင် စားစရာများကောင်းလာပြီ ဖြစ်သည်။
ယခင် လွှတ်တော် အဟောင်းတုန်းကတော့ ဒီလူနှင့် ဒီလူ နှစ်သင်းခွဲကန်သော ဘောလုံးပွဲ တပွဲကိုကြည့်ရ သလိုရှိရာ ဂိုးဝင်အောင်မသွင်းကြဘဲ အချိန်ကုန်အောင် လူပေးကစားနေကြသဖြင့် အားလုံးကောင်းပါသည် ဟူသော စကားမှတပါး လွှတ်တော်တွင်မကြားရဖူးပေ။ တပ်မတော်သားလွှတ်တော် အမတ်များသည် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီကိုဝေဖန်လျှင် ဆတ်ဆတ်ခါအောင်နာတတ်သော စိတ်အခံကိုပြု ပြင်ယူရမည်ဖြစ်သလို NLD အမတ်များသည်လည်း အဆိုတရပ်ကိုထောက်ခံဆွေးနွေးရာတွင် မူရင်းအဆိုနှင့် မသက်ဆိုင်သော နိုင်ငံရေးစိတ်ခံစားမှုများကို ထိန်းချုပ်ရန် လိုအပ်မည်ဖြစ်သည်။ နောက်နောင်တွင် လွှတ်တော် အတွင်း၌ ကာကွယ်ရေး ဘတ်ဂျက်အတွက် ဆွေးနွေးမှုများတွင် ယခုထက်အချေအတင် ဆွေးနွေးရသောကိစ္စ များပေါ်ပေါက်လာနိုင်သည်ဖြစ်ရာ စစ်သားစိတ်၊ အရပ်သားစိတ်များကိုဖျောက်ဖျက်၍ လွှတ်တော်ကိုယ်စားလှယ် စိတ်ဖြင့် နိုင်ငံအတွက် အလုပ်လုပ်ကြဖို့လိုမည်ဖြစ်သည်။
နောက်ထပ်ပြောစရာဖြစ်နေသောကိစ္စမှာ အစိုးရသည် ယခင်လွှတ်တော်အဟောင်းကိုသာ တာဝန်ခံရမည်ဖြစ်ပြီး လွှတ်တော်အသစ်ကို တာဝန်ခံစရာမလိုသဖြင့် လွှတ်တော်သို့လာရောက်ဖြေကြားရန်မလိုဟူသော အယူအဆ ဖြစ်သည်။ ထိုအယူအဆမှာ ဆင်ဝှေ့ရန်ရှောင် ၀ါဒ၊ မိုးကြိုးပစ်ထန်းလက်နှင့်ကာ အယူဝါဒသာဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၃ တွင် ''နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရ မည်။ ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအားလည်းကောင်း၊ နိုင်ငံတော်သမ္မတမှတဆင့် ပြည်ထောင်စု လွှတ်တော်အားလည်းကောင်း တာဝန်ခံရမည်''ဟု အတိအလင်းရေးသားထား ပေသည်။ ထိုသို့ ရေးသားထား ရာတွင် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရမည်ဟု ရေးသားထားသဖြင့် ပထမအကြိမ်ပြည်ထောင်စုလွှတ် တော်၊ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်စသည်ဖြင့် လက်လီစိပ်ပြောဆိုနေရမည့်အရေးမဟုတ်ပေ။ သမ္မတသည် လက်ရှိတည်မြဲနေသော လွှတ်တော်ကိုတာဝန်ခံရမည်မှာ ရှင်းလင်းနေသောကိစ္စဖြစ်သည်။ ဥပမာ အားဖြင့် စစ်ဘက်တရားစီရင်ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည်အပြီး အပြတ်ဖြစ် သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၃(ခ)ကဆိုရာ၌ ယခင်လွှတ်တော်က ခန့်ခဲ့သော တပ်မတော် ကာကွယ်ရေးဦးချုပ်လား၊ ယခုလွှတ်တော်အသစ်ကခန့်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လားဟု ဆင်ဝှေ့ ရန်ရှောင်၊ ၀ိဝါဒကွဲပြားနေစရာမလိုပေ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုသည်မှာ လက်ရှိရာထူးတွင် တည် ရှိနေသော တပ်ချုပ်ကိုဆိုလိုသည်မှာ ထင်ရှားနေသလို၊ သမ္မတက လွှတ်တော်ကိုတာဝန်ခံရမည်ဆိုသည်မှာ လည်း ယခုလောလောဆယ်ရှိနေသော လွှတ်တော်ကိုဆိုလိုခြင်းဖြစ်ကြောင်း သာမန်စဉ်းစားဥာဏ်ရှိလျှင်ပင် သိနိုင်သောကိစ္စဖြစ်သည်။ ဟိုလွှတ်တော်၊ သည်လွှတ်တော်စသည်ဖြင့် ဘော်လီဘောပုတ်နေရမည့်ကိစ္စ မဟုတ်ပေ။ သမ္မတသည် လွှတ်တော်ကိုတာဝန်ခံရမည်ဖြစ်သဖြင့် လွှတ်တော်ကသိချင်တာရှိလျှင် သမ္မတသည် မိမိကိုယ်တိုင်ဖြစ်စေ၊ ပြည်ထောင်စုအဆင့်ဝန်ကြီး (သို့မဟုတ်) ဒုဝန်ကြီးများကိုဖြစ်စေ လွှတ်တော်သို့လာ ရောက် ရှင်းလင်းတင်ပြရန် တာဝန်ရှိပေသည်။ သမ္မတသည် လွှတ်တော်ကို တာဝန်ခံရမည်ဖြစ်သောကြောင့် သမ္မတ၏လက်အောက်မှ ဒုသမ္မတများ၊ ၀န်ကြီးများ၊ ဒုဝန်ကြီးများသည်လည်း လွှတ်တော်ကို တာဝန်ခံရမည်မှာ ပြောစရာပင် မလိုတော့ပေ။ နိုင်ငံတော်သမ္မတ(သို့မဟုတ်) ဒုသမ္မတ(သို့မဟုတ်) ၀န်ကြီး တပါးပါးသည် ထိုသို့ လွှတ်တော်က ဖိတ်ကြားပါလျက် မသိကျိုးကျွန်ပြု၍ လာရောက်ရန် ငြင်းဆန်နေလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက် ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၁ အရ လွှတ်တော် တရပ်ရပ်က စွပ်စွဲပြစ်တင်ကာ ရာထူးမှရပ်စဲကြောင်း ပြည်ထောင်စုလွှတ်တော်အကြီးအမှူးက ကြေညာနိုင်သည်ဟု ပုဒ်မ ၇၁ (ဆ) တွင် အတိ အကျ ဖော်ပြထားပါသည်။ ထို့ကြောင့်မူအားဖြင့် အစိုးရအဖွဲ့သည် လွှတ်တော်က လာရောက်ရှင်းလင်းရန် ဖိတ်ခေါ်ခြင်းကို မသိကျိုးကျွန်ပြု၍မရပါ။ ယခုအခါ ရာထူးမှ တရားဝင်ရပ်စဲရန် တလကျော်ကျော်သာလိုတော့ သဖြင့် (ဆင်းရတော့မည့်အတူတူ) အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ပုဒ်မ ၇၁ ကို မကြောက်ကြတော့ခြင်းလည်း ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဆိုစေ ထိုဝန်ကြီး၊ ထိုသမ္မတများ၊ ဒုသမ္မတများသည် ရာထူးလက်ခံစဉ်အခါက ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမည်ဟု လွှတ်တော်ရှေ့တွင် ကတိပြုထားသူများဖြစ်သည်။ မင်းမှာသစ္စာ လူမှာကတိဟုဆိုရိုးရှိသည်နှင့်အညီ မိမိသစ္စာဓိဋ္ဌာန်ပြုထားသော ကတိတခုကို တည်မြဲဖို့ တာဝန် သည် ကတိသစ္စာကိုအလေးထားသူအားလုံး၏ တာဝန်ဖြစ်သည်။ ပြုတ်ကာနီးဖြစ်၍ လွှတ်တော်အသစ်နှင့် လက်တွဲမဆောင်ရွက်နိုင်သော စိတ်ဓာတ်မှာ ကမ္ဘာတွင်မရှိသော အလွန်အမြင်တိမ်သည့်စိတ်ဓာတ် ဖြစ်ပါ သည်။
ယခင်အစိုးရ၊ ယခင်လွှတ်တော်၊ ယခင်တရားစီရင်ရေး လက်ထက်တွင် မဏ္ဍိုင်တခုနှင့်တခု သိပ်ပြီး ထိပ်တိုက် ရင်ဆိုင်ရမှုမရှိသည်မှာ အားလုံးသည် တပ်မတော်ဟူသော နောက်ခံဘက်ဂရောင်းတခုအောက်မှ ပေါက်ဖွားလာ သော အစုအဖွဲ့များဖြစ်သောကြောင့်ပင်တည်း။ ယခုအခါ သည်ပုတ်ထဲမှသည်ပဲဆိုသော ထိုဥခွံကို ဖောက်ထွက် လာသော လွှတ်တော်သစ်နှင့်၊ ဥခွံဟောင်းထဲမှ အစိုးရဟောင်းဖြစ်၍သာ ထိုသို့ ထိပ်တိုက် တိုးမှုများဖြစ်နေခြင်း ဖြစ်ကာ ဧပြီလ ၁ ရက်နေ့တွင် အစိုးရသစ်တက်လာသည်နှင့် လွှတ်တော်နှင့်အစိုးရ အငြင်းပွားမှုများနည်း သွားပြီး ၂၅ ရာခိုင်နှုန်းသောပုဂ္ဂိုလ်များနှင့်သာ အချေအတင် ဆက်လက်စခန်းသွား ရမည်ဖြစ်ပါကြောင်း။
သရ၀ဏ်(ပြည်)

posted from Bloggeroid
No comments:
Post a Comment