Wednesday, March 30, 2016

နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်စု

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ထားရှိရန် သမ္မတ ဦးထင်ကျော် လွှတ်တော်သို့ ဥပဒေကြမ်း တင်သွင်းမည်
**
ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ထားရှိရန် ဥပဒေကြမ်းကို သမ္မတ ဦးထင်ကျော်က လွှတ်တော်သို့ တင်သွင်းရန်ရှိကြောင်း သိရှိရပါသည်။


အဆိုပါ ဥပဒေကြမ်းတွင် အခန်းငါးခန်း ပါဝင်ပြီး အခန်း(၃) တွင် "၂၀၁၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ ယုံကြည်အားကိုးမှုဖြင့် တစ်ခဲနက် ထောက်ခံမဲ ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စု လွှတ်တော်က တာဝန်ပေးအပ်သည်"ဟု
ဖော်ပြခဲ့ပါသည်။

အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့် အခန်းတွင် (က) ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် အကြံပြုချက်များ ပေးရမည်၊ (ခ) အကြံပြုချက်များ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ တာဝန်ခံရမည်၊ (ဂ) အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဤဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည် (ဃ) အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရာထူးအလျောက် ရရှိသည့် လစဉ်ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်နှင့် အခွင့်အရေးများကို ခံစားခွင့်ရှိသည်၊ (င) အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များအတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေတွင် ခွဲဝေသတ်မှတ်ထားရှိရမည်ဟု ဖော်ပြထားသည်။

ထို့အတူ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်၊ ယခု ဥပဒေသည် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် သက်တမ်းကာလတွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံတော် သမ္မတ၏ သက်တမ်းကာလအတွက်သာ ဖြစ်စေရမည်ဟုလည်း ဖော်ပြပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအချိန်တွင် နိုင်ငံခြားရေး ၀န်ကြီးဌာန၊ သမ္မတရုံး ၀န်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ပညာရေး ၀န်ကြီးဌာနတို့ကို ပြည်ထောင်စု ၀န်ကြီးအဖြစ် ကိုင်တွယ်မည် ဖြစ်ပြီး ယခု ဥပဒေကြမ်းအရ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ်လည်း တာဝန်ယူမည် ဖြစ်ပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပြီး ဖြစ်ကာ မတ် ၃၁ ရက် လွှတ်တော်တွင် တင်သွင်း ဆွေးနွေးရန်ရှိကြောင်း သိရပါသည်။
.
Credit : EMG
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျှက်
Martin Swe
30-03-2016

posted from Bloggeroid

No comments:

Post a Comment