Saturday, March 12, 2016

လူထုစင်တာကြီးမန္တလေး

ပထမဆုံးသော မန္တလေးစင်တာ Mandalay Convention Center အကြိုဖွင့်ပွဲ ပြုလုပ် မည်
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့်Mandalay Investment Development Group (MIDG) တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ပြီး နယူစတားလိုက်ဆောင်လုပ်ရေးကုမ္ပဏီနှင့် CAD ဆောက်လုပ်ရေးကုမ္ပဏီတို့ ဦးစီး ဆောက်လုပ်နေသည့် Mandalay Convention Center အကြိုဖွင့်ပွဲကို မတ်လ ၁၃ရက်တွင် ပြုလုပ်သွားမည်ဟု သိရ သည်။
“ဒီလို Convention Centerတွေဟာ ကမ္ဘာ့နိုင်ငံကြီးများရဲ့မြို့အသီးသီးမှာ ရှိပါတယ်၊ ဥပမာ- ဗန်ကောက်လိုမြို့မှာတောင် Convention Center ၇လုံးလောက်ရှိပါတယ်၊ Convention Centerတွေဟာ တိုင်းပြည်တစ်ပြည်၊ မြို့တစ်မြို့အတွက် အ လွန်အရေးပါတဲ့ အဆောက်အဦများဖြစ်ပါတယ်၊ ဒီလို Convention Centerတွေရှိမှသာ စီးပွားရေးချိတ်ဆက်ရောင်းဝယ်နိုင် မှုအားကောင်းလာမှာဖြစ်သလို အနုပညာဖျော်ဖြေပွဲများကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်”ဟု CAD Construction ၏ မန်နေဂျင်းဒါရိုက်တာ ဦးဇင်မင်းဆွေကပြောသည်။
အဆိုပါ Mandalay Convention Center ကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းပေါ်တွင် တည်ဆောက်နေခြင်း ဖြစ်ပြီး စီမံကိန်းကို ၂၀၁၃ခုနှစ် ဇူလိုင်လက စတင်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တင်ဒါခေါ်ခဲ့ရာ ကုမ္ပဏီ ၂၃ ခု ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး CAD ဆောက်လုပ်ရေးနှင့် ညီနောင် ကုမ္ပဏီဖြစ်သည့် New Star Light ဆောက်လုပ် ရေးက ဆောက်လုပ်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ Developed အတွက် MIDG Co.,Ltd.မှ တာဝန်ယူပြီး Built အတွက် New Star Light နှင့် C.A.D Construction Co.,Ltd တို့မှ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင် ဆောက်လုပ်ခဲ့ခြင်းဟု သိရသည်။
Mandalay Convention Center စီမံကိန်း၏ အကျိုးတူ အကြိုသဘောတူစာချုပ် ရေးထိုးမှုကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် (MIDG) ကုမ္ပဏီတို့မှ ၂၀၁၄ ဇန်နဝါရီ ၂ ရက်က ရေးထိုးခဲ့ကြပြီး ချမ်းမြသာစည်မြို့နယ် ဗိုလ်ချုပ်ရွာအနီး ၆၉ လမ်းနှင့် ၇၁ လမ်းကြား သိပ္ပံ လမ်းမကြီး တောင်ဘက်ရှိ မြေဧက ၂ ဒသမ ၃၈ ဧကပေါ်တွင် အ ကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။
Mandalay Convention Center အဆောက်အဦးသည် ကြမ်းခင်းဧရိယာ စတုရန်းပေ ၂ သိန်းကျော်ရှိပြီး လူ ၄၅၀၀ ဆံ့ ပြပွဲခန်းမကြီး ၁ ခု၊ လူ ၁၅၀၀ ဆံ့ မင်္ဂလာခန်းမ ၂ ခု၊ လူ ၂၄၀ ကျော် ဆံ့ ကွန်ဖရင့်ခန်းမ ၁ ခု၊ Seminar ခန်းမ ၆ ခု၊ ၁၂ ထပ် ဟိုတယ်တစ်လုံး၊ လေးထပ် စူပါမားကတ်တစ်လုံး၊ ၁၆ ထပ် Office Tower တစ်လုံးနှင့် ၂၂ ထပ် သာမန် ကွန်ဒိုမီနီယံ နှစ်လုံး၊ Back of house၊ Pre-Function Hall များ ပါဝင်မည့်အပြင် မြေအောက်ကားရပ်နားစခန်း၊ မြေအောက်ကားလမ်း၊ ဓာတ်လှေခါး ၄ စီး၊ စက်လှေခါး ၆ စီး၊ မော်တော်ကားပြပွဲများပြသနိုင်ရန်အတွက် မော်တော်ကားတင် ဓာတ်လှေခါး ၁ စီး၊ လေအေးပေး စက်၊လုံခြုံရေးစနစ်၊ မီးသတ်စနစ်များ ပါဝင်ကြောင်း သိရသည်။
ယခုအခါ Mandalay Convention Centre အဆောက်အဦတည်ဆောက်မှုပြီးစီးနေပြီဖြစ်သောကြောင့် မတ်လ (၁၃)ရက် နေ့ နံနက် (၈) နာရီအချိန်တွင် Soft Opening ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖွင့်ပွဲနှင့်အတူ Mercedes-Benz မော်တော်ကားပြပွဲ၊ KTM ဆိုင်ကယ်ပြပွဲနှင့် ဘဏ်လုပ်ငန်းများပြပွဲ၊ Mandalay Indusrial Teade Centre (MITC) Project စီမံကိန်းပြပွဲများကိုပါ ထည့်သွင်းကျင်းပပြုလုပ်ပေးသွားမည်ဟု သိရသည်။

Mandalay Convention Center ကို ပထမအဆင့် Convention Center တည်ဆောက်မှု၊ ဒုတိယအဆင့် Commercial Complex တည်ဆောက်မှု၊ တတိယအဆင့် ဧည့်ခံဖျော်ဖြေပွဲတွေအတွက်(Amusement)ဧရိယာတည်ဆောက်မှုဟူ၍ အဆင့်၃ဆင့်ဖြင့် လုပ်ဆောင်နေလျက်ရှိပြီး ဟိုတယ်များ၊ စူပါမားကတ်များ၊ Office Towerများ၊ ကွန်ဒိုများနှင့် ဧည့်ခံဖျော်ဖြေပွဲတွေအတွက်Amusement ဧရိယာများ ပါဝင်မည်ဖြစ်ပြီး ၂၀၁၆ခုနှစ် ဇွန်လ ကုန်ပိုင်းတွင် ပြီးစီးအောင် တည်ဆောက်သွားမည်ဟု MIDG မှ သိရသည်။

ကွန်ဗင်းရှင်းစင်တာ ဆိုသည်မှာ မြို့တစ်မြို့ရဲ့ အရေးပါတဲ့ စီးပွားရေး အခြေခံ အဆောက်အဦးပဲ ဖြစ်ပါတယ် ...

ယခု မန္တလေးကွန်ဗင်းရှင်းစင်တာ အဆောက်အဦးတွင် စီးပွားရေးနှင့်သက်ဆိုင်သော ပြပွဲများ၊ ကုန်စည်ပြပွဲများ၊ နည်းပညာနှီးနှောဖလှယ်ပွဲများ၊ ဂီတ အနုပညာ ဖျော်ဖြေပွဲများ၊ နိုင်ငံတကာ ကွန်ဖရင့် အစည်းအဝေးပွဲများအပြင် အလှူ မင်္ဂလာ ဧည့်ခံပွဲများ မကြာခင် ကျင်းပပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ် ...
ယနေ့ အကြိုဖွင့်ပွဲပြုလုပ်လိုက်သော နိုင်ငံတကာ အဆင့်မီ မန္တလေးကွန်ဗင်းစင်တာကြောင့် မန္တလေးတိုင်းဒေသတွင်း အကျိုးစီးပွား ပိုမိုဖြစ်ထွန်း လာနိုင်စေရန်၊ နည်းပညာနှီးနှော ဖလှယ်မှု ပိုမို အားကောင်း လာစေရန်၊ နိုင်ငံတကာနှင့် ချိတ်ဆက်ရောင်းဝယ် ဖောက်ကား နိုင်မှုများ ပိုမိုထိရောက် အောင်မြင်လာစေနိုင်လိမ့်မည်လို့ ယုံကြည်ပါတယ် ...
မိမိတို့အနေနဲ့ မန္တလေးမြို့အတွက် စီးပွားရေး အခြေခံ အဆောက်အဦးကြီးကို နိုင်ငံတကာအဆင့်မီ တည်ဆောက်ခွင့် ရရှိခြင်းအတွက် များစွာဂုဏ်ယူ ပီတိဖြစ်မိပါတယ် ... အလားတူ မိမိတို့ တည်ဆောက် အကောင်အထည်ဖော်လျက်ရှိတဲ့ စီမံကိန်းများ နဲ့ အဆောက်အဦးများကိုလဲ မိမိတို့ တတ်ထားတဲ့ပညာနဲ့ မြို့ အတွက် ... ဒေသအတွက် ... တိုင်းပြည်အတွက် ရှေ့ဆက်လက်ပြီး အကောင်းဆုံး ကြိုးစားသွားမည် ဖြစ်ပါကြောင်း တာဝန်ရှိသူ ကိုဇင်မင်းဆွေကပြောသည်။

posted from Bloggeroid

No comments:

Post a Comment