ပြောင်းလဲချိန်တန်ပြီဖြစ်သော မြန်မာသံတမန်ရေးရာကိစ္စ
''ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ကျွန်တော့်ရှေ့က သွားနေတဲ့ ပုရွက်ဆိတ်ကလေးတကောင်ပါပဲ။ ဒီပုရွက်ဆိတ်ကို ရှင်းပစ်ချင်တယ်ဆိုရင် တံမြက်စည်းတချောင်းယူပြီး လှဲပစ်လိုက်ရုံပါပဲ'' - ဗိုလ်ချုပ်ကြီးထွန်းကြည်
---- ------ ------ ------ ----
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ်

ခန့်အပ်ရန် ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ စကော့မာရှယ် (Mr. Scot Marciel) အား သမ္မတအိုဘားမား ရွေးချယ်ထားကြောင်း သတင်းရရှိသည်။ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် မစ္စတာစကော့မာရှယ်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ်အဖြစ် တရားဝင်ခန့်အပ်ခွင့်ရရန်အတွက် အမေရိကန် ဆီးနိတ်နိုင်ငံရေးကော်မတီတွင် ဒီဇင်ဘာ ၂ ရက်က ကြားနာမှု ပြုလုပ်ခဲ့ကြောင်း၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးတဦးအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ်အဖြစ် ခန့်အပ်ခြင်းမှာ သမ္မတအိုဘားမားဦးဆောင်သည့် ၀ါရှင်တန်အစိုးရအနေဖြင့် အာရှတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု ကြီးမားလာခြင်းကို တန်ပြန်မှု တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရန်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်၍ ဖွံ့ဖြိုးမှု၊ တိုးတက်မှု အကျိုးအမြတ်များရယူရန် ရည်ရွယ်ကြောင်း ရိုက်တာသတင်းဌာနက သုံးသပ်ဖော်ပြသည်။
နိုင်ငံကြီးများသည် သံတမန်များ ရွေးချယ်ရာတွင် မိမိနိုင်ငံခြားရေး ပေါ်လစီနှင့် အံဝင်မည့်သူကို စိစစ်ရွေးချယ် လေ့ရှိကြသည်။ သံအမတ်သည် နိုင်ငံကို ကိုယ်စားပြုသူဖြစ်သောကြောင့်လည်း ဂရုတစိုက် စိစစ်ရွေးချယ်ကြ ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံသည် ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် လွတ်လပ်ရေးရရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။ စစ်အုပ်စုကြီးနှစ်စုတွင် မည်သည့်ဘက်မှမပါသော ကြားနေနိုင်ငံဖြစ်ခဲ့သည်။ ကိုလိုနီဘ၀မှ လွတ်မြောက်သော နိုင်ငံအများစုသည် ကြားနေနိုင်ငံများအုပ်စုဟူ၍ အုပ်စုတစုဖြစ်ပေါ်လာခဲ့သည်။ ကြားနေနိုင်ငံများသည် ဘက်မလိုက်သော ကြားနေ၀ါဒကို ကျင့်သုံးကြသည်။ မြန်မာနိုင်ငံသည် ကြားနေနိုင်ငံဖြစ်သဖြင့် သံတမန်များ သည် မိမိ၏နိုင်ငံကို ကိုယ်စားပြုသော၊ နိုင်ငံရေးအရည်အချင်းပြည့်ဝသော ပုဂ္ဂိုလ်များကိုသာ ရွေးချယ်၍ စေလွှတ်ခြင်းခံရသူများဖြစ်ကြသည်။ လွတ်လပ်ရေးတိုက်ပွဲ၊ ဂျပန်တော်လှန်ရေး စသည်ဖြင့် နိုင်ငံရေးခရီးကြမ်း တွင် အတွေ့အကြုံရင့်ကျက်သော မြန်မာနိုင်ငံသည် အရည်အချင်းပြည့်ဝသော သံတမန်များ၊ ဂုဏ်ရှိသော ပုဂ္ဂိုလ်များကို မွေးထုတ်ခဲ့ပါသည်။
ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ၏ သံအမတ်ကြီးအဖြစ် ရဲဘော် သုံးကျိပ်ဝင်ဦးလှမောင်ကိုလည်းကောင်း၊ ဆိုဗီယက်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ၀န်ကြီးချုပ်ဦးနု၏ အကြံပေးအရာရှိ ဦးအုန်းကို လည်းကောင်း၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးအုန်းစိန်ကိုလည်းကောင်း၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်ကိုလည်းကောင်း၊ တရုတ်ပြည်ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် သခင်ချန်ထွန်းကိုလည်းကောင်း၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးသန့်ကိုလည်းကောင်း ခန့်အပ်တာဝန်ပေးခဲ့သည်။
ထိုစဉ်က မြန်မာသံတမန်များသည် နိုင်ငံတကာ၏ အလယ်တွင် ဂုဏ်သိက္ခာနှင့် ပြည့်စုံသူများဖြစ်ကြပါသည်။ ကမ္ဘာ့ပြဿနာများကို စည်းဝေးဆွေးနွေးသည့်အခါ စည်းဝေးခန်းမပြင်ပ၌ ဦးအုန်းစိန်၊ ဦးသန့်တို့သည် နိုင်ငံတကာ သံတမန်များက ၀ိုင်းဝိုင်းလည် အလေးထားမေးမြန်းခံရသော နိုင်ငံရေးသုခမိန်ကြီးများ ဖြစ်ကြပါ သည်။ လွတ်လပ်ရေးရခါစ မြန်မာနိုင်ငံအရှေ့ပိုင်းတွင် ကူမင်တန်တရုတ်ဖြူများ ကျူးကျော်ခဲ့သည်။ ဗမာ့ တပ်မတော်က ရွပ်ရွပ်ချွံချွံတိုက်ပြီး ဖြေရှင်းခဲ့သည်။ ကျူးကျော်မှု၏ အထောက်အထားများကို ခိုင်လုံစွာ ရရှိခဲ့ သည်။ ဦးသန့်က အထောက်အထားခိုင်လုံစွာဖြင့် ကုလသမဂ္ဂ အစည်းအဝေး၌ တရုတ်ဖြူကျူးကျော်မှုကို ဖွင့်ချ တင်ပြနိုင်ခဲ့သည်။ တရုတ်ဖြူတပ်များကို တိုင်ဝမ်သို့ ပြန်ပို့စေသည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။
ထင်ပေါ်သော ဦးသန့်အား စင်တော်က ကောက်ပါလေတော့သည်။ ၁၉၆၁ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး (Dag Hammarskjold) လေယာဉ်ပျက်ကျ၍ သေဆုံးခဲ့သည်။ လစ်လပ်သော အထွေထွေအတွင်းရေးမှူးချုပ်နေရာတွင် ကုလအဖွဲ့ဝင် ကမ္ဘာ့နိုင်ငံများ၏ ကုလသမဂ္ဂကိုယ်စားလှယ်များက ဦးသန့်အား ကန့်ကွက် သူတယောက်မှမရှိဘဲ ရွေးချယ်တင်မြှောက်ခြင်း ဖြစ်ပါတော့သည်။
၁၉၅၉ ခုနှစ် ဦးနေ၀င်း အိမ်စောင့်အစိုးရက ကြီးမှူးကျင်းပပေးခဲ့သော အထွေထွေရွေးကောက်ပွဲကြီးတွင် ဦးနု၏ ပြည်ထောင်စုပါတီက တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည်။ ဦးနု၏ ပထစအစိုးရသို့ ဗိုလ်ချုပ်ကြီးနေ၀င်းက အာဏာလွှဲခဲ့သည်။ ပထစအစိုးရ၀န်ကြီးချုပ် ဦးနုက စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးနေ၀င်းအား -
''ခင်ဗျား စစ်တပ်က ကြားနေမယ်ဆိုပြီး ဘယ်ကြားနေလို့လဲ။ စစ်ဗိုလ်တွေက တည်မြဲဘက်ကို ဘက်လိုက်ပါလားဗျ''
ဦးနေ၀င်းက -
''ကျွန်တော် အရေးယူပေးပါ့မယ်ဗျာ''
ဤသို့ ပြန်လည်ဖြေကြားခဲ့ပြီးနောက် ဦးနေ၀င်းသည် ဗိုလ်မှူးချုပ် မောင်မောင်အား အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ်လည်းကောင်း၊ ဗိုလ်မှူးချုပ်အောင်ရွှေအား သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ်လည်းကောင်း၊ ဗိုလ်မှူးကြီးဝင်းအား တောင်အာဖရိက နိုင်ငံဆိုင် မြန်မာသံအမတ်ကြီး အဖြစ်လည်းကောင်း အသီးသီးခန့်အပ်ခဲ့သည်။ မြန်မာနိုင်ငံသည် ထိုအချိန်၊ ထိုကာလမှစ၍ သံတမန် ဆက်ဆံရေးတွင် အရည်အချင်းညံ့ဖျင်းသောကာလ စတင်ခဲ့ခြင်းဖြစ်ပါသည်။ သံရုံးတွင် ငွေစာရင်းအရာရှိလို ရာထူးများမှလွဲ၍ သံရုံးပထမအတွင်းဝန်မှ နောက်ဆုံးရုံးအကူရာထူးအထိ စစ်တပ်နှင့် စစ်တပ်အနွယ်ဝင်များသာ ခန့်ထားသည့် အခြေအနေသို့ ရောက်သွားပါသည်။ သံအမတ်ကြီးအပါအ၀င် သံရုံးဝန်ထမ်းအားလုံးနီးပါးသည် စစ်သားလူထွက်များဖြစ်၍ သံရုံးတခုလုံးသည် စစ်ရောင်လွှမ်းသွားပါတော့သည်။
သံအမတ်ကြီးနှင့်တကွ သံရုံးတရုံးလုံးသည် စစ်အရေခွံချွတ်ထားသူများ၊ စစ်ဆွေမျိုးများဖြင့် ရာနှုန်းပြည့်နီးပါး ဖွဲ့စည်းထားသော မြန်မာသံရုံးများ၏ စွမ်းဆောင်ရည်ကား ညံ့ဖျင်းလှပါသည်။ သံတမန်ဝန်ထမ်းများသည် ပြည်သူလူထုအကျိုးကို ဆောင်ရွက်ရန် လည်းကောင်း၊ နိုင်ငံတကာအလယ်တွင် ဂုဏ်ရှိစွာ ဆက်ဆံပြော ဆိုရန်လည်းကောင်း တာဝန်ရှိနေသည်ကိုပင် နားလည်ကြပါစဟု မေးခွန်းထုတ်ရမလိုပင်ဖြစ်သည်။
မလေးရှား-မြန်မာသံရုံးတွင် ကျွန်တော်တို့ အခွန်ဆောင်ရန်စောင့်ဆိုင်းနေခိုက် သံရုံးတာဝန်ရှိသူ၏ တယ်လီဖုန်း ဖြေကြားသံကို ကြားနေရသည်။
''ဟေ့- မင်းသိချင်တာတွေ အကုန်နားလည်အောင် ဖြေနေဖို့ ငါ့မှာ အချိန်မရှိဘူးကွ။ သံရုံးကိုလာခဲ့ ဒါပဲ''
ပြောပြောဆိုဆို တယ်လီဖုန်းကို ချက်ချင်းချလိုက်သည်။ မလေးရှားတွင် အလုပ်လုပ်နေကြသူများသည် အကြောင်းကိစ္စအမျိုးမျိုးဖြင့် မြန်မာနိုင်ငံ သံရုံးသို့သွားကြရသည်။ သံရုံးသို့သွားလျှင် တနေကုန်သည်။ ဖုန်းဆက်၍ အဆင်မပြေသဖြင့် စုံစမ်းတာတခေါက်ဖြစ်လျှင် ကိစ္စတခုအတွက် နှစ်ရက်ကြာသည်။ နှစ်ရက်ကြာတော့ လုပ်ငန်းရှင်က နှစ်ရက်တွက် လုပ်ခဖြတ်တော့သည်။ သံရုံးသို့လာရသည်မှာ ကုန်ကျ စရိတ်သည် ကုန်နေကျထက် နှစ်ဆခန့်အမြဲကုန်ကျသည်။ ''ငါကျားဖင်သွားနှိုက်လိုက်ဦးမယ်''ဆိုရင် မလေးရှားရှိ လုပ်ဖော်ကိုင်ဖက်များက မြန်မာသံရုံးသို့ သွားမည်ဆိုသည်ကို နားလည်ကြသည်။
န၀တခေတ်က ဗိုလ်ချုပ်ကြီးထွန်းကြည်သည် အင်ဒိုနီးရှားနိုင်ငံသို့ရောက်ရှိခိုက် နိုင်ငံခြားသတင်းထောက်များက ဒေါ်အောင်ဆန်းစုကြည် အကြောင်းမေးကြသည်။
''ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ကျွန်တော့်ရှေ့က သွားနေတဲ့ ပုရွက်ဆိတ်ကလေးတကောင်ပါပဲ။ ဒီပုရွက်ဆိတ်ကို ရှင်းပစ်ချင်တယ်ဆိုရင် တံမြက်စည်းတချောင်းယူပြီး လှဲပစ်လိုက်ရုံပါပဲ''
ရိုးရာစကားလည်းမဟုတ်၊ စာစကားလည်းမဟုတ်သော စကားဖြင့် ရှင်းပြရာ နိုင်ငံခြားသတင်းထောက်များက နှာခေါင်းရှုံ့ကြသည်။ မလေးရှားရှိ တရုတ် မိတ်ဆွေတယောက်က-
''မင်းတို့ ဗမာစစ်ဗိုလ်တွေက ပေါက်ကရအတော်ပြောတတ်တယ်။ သံတမန်စကားလည်း မပြောတတ်ပါလားကွ''
တခါ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် အစည်းအဝေးတက်သော နအဖအစိုးရ သံတမန်အဖွဲ့ဝင်တဦးအား နိုင်ငံခြားသတင်းထောက်များက ဒေါ်အောင်ဆန်းစုကြည်အကြောင်း မေးကြပြန်သည်။
''ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့နေအိမ်ထဲမှာ ကောင်းစွာ လမ်းလျှောက်နိုင်ပါတယ်။ ကောင်းစွာ စာဖတ်နိုင်ပါတယ်။ လွတ်လပ်စွာ နေထိုင်နိုင်ပါတယ် ခင်ဗျာ''
ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်အကျယ်ချုပ်ကျနေသည်ကို သံတမန် သိက္ခာကိုမထောက် အရှက်မဲ့စွာ ပြောဆိုခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရသည်မှ ၁၉၆၂ စစ်အာဏာရှင် စနစ် မထွန်းကားမီကာလတွင် အပြည်ပြည် ဆိုင်ရာ သံတမန်ဆက်ဆံရေး၌ ကမ္ဘာတွင်ထိပ်တန်းအဆင့်ရှိခဲ့သည်။ ကုလသမဂ္ဂ မြန်မာနိုင်ငံသံကိုယ်စား လှယ်အား အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးတွင် အရွေးခံခဲ့ရသည်အထိ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
မဆလခေတ်၊ န၀တခေတ်၊ နအဖခေတ်တို့တွင် မြန်မာသံတမန်တို့ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးတွင် မှေးမှိန်ပြီး အဆင့်လျှောကျခဲ့ကြသည်။ ပြည်ပတွင် အလုပ်လုပ်နေကြသော အလုပ်သမားများ အများဆုံးရှိသည့် ထိုင်း၊ မလေးရှားတို့တွင် ပို၍ သိသာသည်။ အစိုးရ အုပ်ချုပ်မှု ညံ့ဖျင်းသဖြင့် ပြည်ပတွင် မျက်နှာငယ်စွာ အလုပ် ထွက်လုပ်ကြရသော မိမိပြည်သူများအပေါ် ညှတာထောက်ထားမှုမရှိ။ အကူအညီမပေး။ ရရှိသည့် လုပ်ခလစာငွေမှ ၁၀ ရာခိုင်နှုန်း ၀င်ငွေခွန်ကောက်ယူခြင်းမှအပ အခြား ဘာမျှလုပ်မပေး။ ထိုင်း၊ မလေးရှားတို့တွင် ထောင်ကျသူများစွာ ရှိသည့်အနက် သံရုံးမှ မိမိနိုင်ငံသားများဘက်မှ မရပ်တည်သဖြင့် ထောင်ကျသူများလည်းရှိ။ ကိုယ့်နိုင်ငံသားနှစ်ဦး သေဒဏ်ကျခံရသောအခါမှ မြန်မာပြည်သူများက သိရ စသည်ဖြင့် မြန်မာသံအမတ်နှင့် သံရုံးဝန်ထမ်းများ ညံ့ဖျင်းကြပုံကို ပြည်ပရောက် အလုပ်သမားများအားလုံး သိရှိကြပါသည်။ ပြောင်းလဲချိန်တန်၍ ပြောင်းလဲသင့်ပြီဟူသော ကြွေးကြော်သံဖြင့် ပြည်သူလူထုက တခဲနက် ထောက်ခံသော NLD အစိုးရက သံအမတ်မှစ၍ သံရုံးတရုံးအား မြေလှန်ပြောင်းလဲပြီး ကမ္ဘာ့အလယ်တွင် လွတ်လပ်ရေးရစကလို ဂုဏ်ရှိသော သံတမန်လောကဖြစ်အောင် ပြောင်းလဲသင့် ကြောင်းပါဗျာ။
ကေမောင်မြင့်

posted from Bloggeroid
No comments:
Post a Comment