အစိုးရသစ်လက်ထက်တွင်မန္တလေးအငွေ့အသက်များ ပါသည့် သင်္ကြန်ဖြစ်စေရန် ပြန်လည်ဖော်ထုတ်မည်ဟုဆို
================================================
မန္တလေး၊ မတ် ၁၃
မြန်မာရိုးရာသင်္ကြန်းပွဲကို
ကာလအတန်ကြာ ပျောက်ကွက်နေခဲ့ပြီဖြစ်သည့် မန္တလေးအငွေ့အသက်များ ပါသည့်
သင်္ကြန်ပွဲတော်ဖြစ်စေရန်အတွက်အစိုးရသစ်လက်ထက်တွင်ပထမဆုံး ပြန်လည်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း
မြန်မာအမျိုးသမီး စီးပွားရေးနှင့် လူမှုရေးအသင်း(မန္တလေး) ဥက္ကဌ
ဒေါ်ခင်လေးမြင့်က ပြောကြားသည်။
မြန်မာ့ရိုးရာ အစားအစာများ ရောင်းချပေးခြင်း၊ မြန်မာ့အကများဖြင့်
ဖျော်ဖြေပေးခြင်းများအပြင် ငွေဖလားဖြင့် ရေပက်သည့် ဓလေ့ကိုပါ
ပြန်လည်ဖော်ထုတ်သွားမည်ဖြစ်ပြီး မန္တလေးကျုံးအရှေ့ဘက်ရှိ
အမျိုးသားပြဇာတ်ရုံ တွင် ပြုလုပ်နိုင်ရန် တိုင်းဒေသကြီး အစိုးရထံ
တင်ပြထားကြောင်း ၄င်းက ပြောသည်။
“ မန္တလေးအငွေ့အသက်တွေ ပျောက်နေခဲ့တာ ကြာပြီ။ ဒါကြောင့်
ပြန်လည်ဖော်ထုတ်ထိန်းသိမ်းတဲ့အနေနဲ့ လုပ်ဆောင်သွားမှာ ” ဟု
ဒေါ်ခင်လေးမြင့်က ပြောဆိုသည်။
ကုမ္ပဏီသင်္ကြန်၊ စီးပွားရေးသင်္ကြန်အဖြစ် အသွင်ပြောင်းလဲနေပြီဖြစ်သည့်
မန္တလေးသင်္ကြန်ပွဲတော်ကို ရှေးမူမပျက် ပြန်လည်ကျင်းပနိုင်စေရေးအတွက်
မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် စာပေပညာရှင်များ၊
အနုပညာရှင်များပါဝင်သည့် ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က
လွှတ်တော်ဝင်းအတွင်း ကျင်းပခဲ့ပြီး မဏ္ဍပ်များ လျော့ချနိုင်ရေး၊
ရေမဖြုန်းတီးရေး၊ မန္တလေးရနံ့များ ပြန်လည်ပါဝင်နိုင်ရေးများကို
ဆွေးနွေးခဲ့ကြသည်။
“ မန္တလေးသင်္ကြန်ဆိုတာက သင်္ကြန်နားနီးရင် မန္တလေးသားတွေက မျက်နှာပူပြီး
ထွက်ပြေးရတဲ့အဆင့် ရောက်နေပြီ ” ဟု မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်က
ယင်းဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
မန္တလေးသင်္ကြန်ကာလအတွင်း ရေချိုဂါလံ သန်းလေးဆယ်ခန့် ဖြုန်းတီးမှုများ
ရှိနေပြီး မြို့တော်ဝန်မဏ္ဍပ်ကို ကျပ်သိန်းလေးထောင်ခန့် အကုန်အကျခံကာ
တည်ဆောက်မှု၊ ကျောင်းသူကျောင်းသားများကို အသုံးပြုကာ သင်္ကြန်ဖွင့်ပွဲ
ပြုလုပ်မှုများကြောင့် ဝေဖန်မှုများ ရှိနေကြောင်း
မန္တလေးစာပေအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။
ယခုနှစ် သင်္ကြန်ပွဲတော်အတွင်း မဏ္ဍပ်အရေအတွက် မလျော့ချသော်လည်း
ရေကစားချိန်နှင့် ရေပိုက်ခေါင်းအရွယ်အစားများကို ကန့်သတ်ထားကြောင်း
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသလို
မဏ္ဍာတွေတွင် အရက်ဘီယာ ရောင်ချခွင်များ ခွင့်ပြုမည်မဟုတ်ဟုသိရသည်။

posted from Bloggeroid
No comments:
Post a Comment