Wednesday, September 7, 2016

အလုံပိတ်အခန်းများဝင်ရောက်ဖမ်းဆီး

Home / FNews / မန္တလေး မဟာမြိုင်အပိုင်း(၁)ရပ်ကွက်ရှိ CAFÉ ORCHID အအေးဆိုင်(၂)ဆိုင်မှ အလုံပိတ်အခန်းများအား ဝင်ရောက် ဖမ်းဆီး



မန္တလေး မဟာမြိုင်အပိုင်း(၁)ရပ်ကွက်ရှိ CAFÉ ORCHID အအေးဆိုင်(၂)ဆိုင်မှ အလုံပိတ်အခန်းများအား ဝင်ရောက် ဖမ်းဆီး

4 hours ago FNews, မှုခင်းသတင်း 34 Views

မင်းခန့်(မြစ်မခ)

မန္တလေး၊စက်တင်ဘာ(၇)ရက်။

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်အတွင်းရှိ မဟာမြိုင်အပိုင်း(၁)ရပ်ကွက်တွင် စက်တင်ဘာ(၇)ရက်၊ မွန်းလွဲ(၂း၀၀)နာရီခန့်က CAFE ORCHID အအေးဆိုင်(၂)ဆိုင်မှ အလုံပိတ်အခန်းများအား မန္တလေးစည်ပင် သာယာ ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မန္တလေးစည်ပင်သာယာ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

မဟာမြိုင်(၁)ရပ်ကွက်ရှိ CAFE ORCHID အအေးဆိုင်နှင့် ORCHID(3)အအေးဆိုင် နှစ်ဆိုင်အား ဝင်ရောက် ရှာဖွေခဲ့ရာတွင် အအေးဆိုင်တစ်ဆိုင်လျှင် တရားမဝင်အလုံပိတ်အခန်း (၇)ခန်းတွေ့ရှိရပြီး ဆိုင်ခန်းနှစ်ခန်းတွင် စုစုပေါင်း(၁၄)ခန်းအားတွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။  

“ကျွန်တော်တို့အနေနဲ့ သတင်းအရ မကြာခဏ ဖမ်းဆီးမှုတွေလုပ်နေပါတယ်။ အခုဒီအအေးဆိုင်တွေမှာက အအေးဆိုင်လိုင်စင်ရှိပေမယ့် အလုံပိတ်အခန်းဖွင့်ဖို့ဆိုပြီး လိုင်စင်မျိုးမရှိပါဘူး။ အဲ့ဒါမျိုးကိုလည်း လိုင်စင်ချမပေးပါဘူး။ အခုမိတာ ဆိုင် နှစ်ဆိုင်ပါ ဒါပေမယ့်ပိုင်ရှင်က တစ်ဦးတည်းပါ။ စည်းကမ်းနဲ့မညီဘဲ ဖွင့်လှစ်နေတဲ့ ဆိုင်တွေဆိုရင်တော့ ထိထိရောက်ရောက်ကို အရေးယူဆောင်ရွက်သွားမှာပါ။” ဟု မန္တလေးစည်ပင်သာယာ ရဲတပ်ဖွဲ့မှ ရဲမှူး ငြိမ်းချမ်းအောင်က ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေအရ စည်ပင်သာယာတရားရုံးမှ စည်ပင်သာယာဥပဒေပုဒ်မ (၁၁၈)အရ ဒဏ်ငွေ ကျပ်(၈)သိန်းချမှတ်ခဲ့ကြောင်း မန္တလေးစည်ပင်သာယာ ရဲတပ်ဖွဲ့မှ သိရသည်။

” ဒီဆိုင်မျိုးတွေရှိတယ်ဆိုတာ ရပ်ကွက်ထဲမှာနေတဲ့သူတွေတောင်မသိဘူး။ သူတို့က အပြင်ဖက်မှာတစ်မျိုး ပြထားပြီး အတွင်းမှာ အခန်းလေးတွေဖွဲ့ထားတာပါ။ ဒါမျိုးတွေက တစ်ကယ်မရှိသင့်ဘူး။ ဒီဆိုင်တွေ ကြောင့်လည်း အမျိုးကောင်းသမီးတွေအများကြီး ပျက်ဆီးနိုင်ပါတယ်။”ဟု မဟာမြိုင်ရပ်ကွက်မှ ဦးတင်နိုင်ဦးက ပြောသည်။

လာရောက်ဖွင့်လှစ်သည့် အခန်းဖွဲ့အအေးဆိုင်များမှာ အခြားနေရာဒေသများမှ လာရောက် ဖွင့်လှစ်နေကြပြီး ရပ်ကွက်ဒေသခံများ မဟုတ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

ထိုသို့ တရားမဝင်ဖွင့်လှစ်ခဲ့သည့် အအေးဆိုင်အလုံပိတ်အခန်းများနှင့် အလုံပိတ်တဲများအား ဖမ်းဆီး အရေးယူရာတွင် သြဂုတ်လ(၃၁) ရက်မှ စက်တင်ဘာလ(၇)ရက်အထိ ဖမ်းဆီးရမိသည့် ဆိုင်ပေါင်း(၇)ဆိုင်မှ အလုံပိတ်အခန်းပေါင်း(၈၅)ခန်းအား ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

posted from Bloggeroid

No comments:

Post a Comment