Monday, September 5, 2016

အခြေခံဘဝကနေ ကုမ္ပံဏီပိုင်ရှင်ဖြစ်လာသူတစ်ဦး

လွန်ခဲ့သော နှစ် ၃၀ ခန့်က မန္တလေးမြို့ထွန်တုံး ကျူးကျော်ရပ်ကွက်အတွင်းနေထိုင်ကာ မန္တလေးမြို့၏ ဈေးချိုအနီး ကျောင်းမနေခဲ့ရဘဲ ပလတ်စတစ်များ လိုက်လံကောက်ယူ၍ အသက်မွေးဝမ်းကျောင်းခဲ့ရသူ မောင်ဝင်းနိုင်ဆိုသူ တစ်ဦးရှိခဲ့သည်။ ၎င်း၏ မိဘများက ချမ်းသာခဲ့သော်လည်း မန္တလေးမြို့တွင်၏ အထင်အရ ၁၇ လမ်း ဦးကျားကြီးမီးလောင်မှုတွင် ကံဇာတ်ဆရာ၏လှည့်ဖျားမှုကြောင့် မိသားစုလိုက်ဆင်းရဲတွင်းနက်ခဲ့ရခြင်းဖြစ်သည်။
မွေးခြင်း ၉ ယောက် အနက် ပဉ္စမမြောက်သားတစ်ဦးဖြစ်သော မောင်ဝင်းနိုင်သည် မိသားစုဆင်းရဲမှုဒဏ်ကိုခံစားရင်း အတန်းပညာကို လုံးဝသင်ကြားခြင်းမပြုခဲ့ရသော်လည်း အသက် ၁၃ နှစ်အရွယ်တွင် ရရာအလုပ်များလုပ်ကိုင်ကာ မိသားစုကို ထောက်ပံ့ပေးခဲ့ရသည်လည်းဖြစ်သည်။
“ကျွန်တော်က လမ်းဘေးအမှိုက်ပုံတွေကို ပလပ်စတစ်လိုက်ကောက်ပြီးခုလို ကုမ္ပဏီပိုင်ရှင်တစ်ဦးအဖြစ်ဘဝကိုရပ်တည်နေတာလို့ ပြောရင် ဘယ်သူမှ လက်ခံမယ်မထင်ဘူး။”ဟု အသက် ၄၂ နှစ်အရွယ် တည်ငြိမ်ရင့်ကျက်၍ တောက်ပြောင်သားနားစွာဝတ်ဆင်ထားသော ဦးဝင်းနိုင်ကပြောသည်။
မောင်ဝင်းနိုင်၏ဘ၀အလှည့်အပြောင်းက မောင်ဝင်နိုင် ဖခင်ဖြစ်သူ ကွယ်လွန်ရာမှ စခဲ့သည်။ ငွေကြေးအဆင်ပြေရာမှ ရုတ်တရက်မီးလောင်၍ မွဲခဲ့ရသူ မောင်ဝင်းနိုင်အဖေသည် လောက ကိုစိတ်နာသည်လားမသိ အရက်များသာသောက်ခဲ့ပြီး ကျန်းမာရေးချို့ယွင်းကာ ကွယ်လွန်ခဲ့ရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ကိုယ်ပိုင်မြေမဟုတ်သော ကျူးကျော်နယ်မြေတွင် နေထိုင်နေရသော မောင်ဝင်းနိုင်တို့အတွက် ဖခင်၏ အသုဘ အခမ်းအနားပြင်ထားသော အိမ်စုတ်စုတ် လေးကို သက်ဆိုင်ရာက ဖျက်သိမ်းပေးရန်ပြောလာသည်။ ပြေးစရာမြေမရှိသော မောင်ဝင်းနိုင်က အသုဘလေးပြီးအောင်စောင့်ပေးစေလို့ကြောင်း သက်ဆိုင်ရာကို တောင်းပန်ခဲ့သော်လည်း နောက်ဆုံးရလဒ်က လက်ထိပ်နောက်ပြန်ခတ်၍ ရဲစခန်းသို့ ပါသွား၍ အချုပ်ထဲအိပ်လိုက်ရခြင်းပင်ဖြစ်သည်။ အေးအေးဆေးဆေးအိပ်စက်ရသည်မဟုတ်ဘဲ အထုအထောင်းခံခဲ့ရသော မောင်ဝင်နိုင်ရဲစခန်းမှ ပြန်ထွက်လာချိန်တွင် လမ်းပင်မလျောက်နိုင်ဘဲ လိုင်းကားပေါ်တင်ပေးခံလိုက်ရခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်များကပင် မြေပိုင်မရှိ၍ ဖခင် အသုဘပင် ကောင်းကောင်းမချလိုက်ရလေခြင်းဟူသော ဘ၀ကိုနာကျည်းစိတ်ဖြစ်ပေါ်လာခဲ့သည်ဟု ဦးဝင်နိုင်က ၎င်း၏ မိသားစု နှင့် ငယ်ဘ၀ခါးသီးမှုများကို ပြန်ပြောင်းပြောပြသည်။
မောင်ဝင်းနိုင်သည် အရွယ်နှင့် မမျှအောင် အလုပ်လုပ်ခဲ့ရသူဖြစ်သည်။ ကလေးငယ်နှင့် မဆန့်အောင်ခါးသီးသည့် လောကဓံကိုဖြတ်ကျော်ခဲ့ရသူဖြစ်သည်။ သူဘ၀တွင် စားစရာမရှိ၍ ဘုန်းကြီးကျောင်းများတွင်လှမ်းထားသည် ထမင်းခြောက်တောင်း၍ ဆန်ပြုတ်သဖွယ်ပြန်လုပ်၍ စားသောက်ခဲ့ဖူးသည်။ ဈေးချိုတွင် ပစ္စည်းများ ထည့်သော ဂုံနီအိတ်ကို ခြုံ၍ မန္တလေး၏အအေးဒဏ်ကို ခါးဆီးခံရင်း အိပ်ရာဝင်ခဲ့ရသည်။
မိသားစု၏ အခက်အခဲကို ကြည့်မနေနိုင်သော မောင်ဝင်းနိုင်အတွက် ငွေရဖို့အတွက်ဘာမဆိုလုပ်မည်ဖြစ်သည်။ သို့သော် ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သောကြောင့် သမ္မာအာဇီဝကျသောအလုပ်ကိုသာလုပ်မည်ဟု ဆုံးဖြတ်သည်။ ပထမဆုံးစလုပ်သည့်အလုပ်က လက်ဝှေ့ပွဲ၊ ဘုရားပွဲများတွင် ပလတ်စတစ်လိုက်ကောက်ခြင်းဖြစ်သည်။ ဒိုင်ကိုပြန်သွင်းလျှင် ပိုက်ဆံရကြောင်း မောင်ဝင်းနိုင်သိသည်။ ထို့ကြောင့် ပလတ်စတစ်များကောက်ယူ၍ အဟောင်းဆိုင်များကိုရောင်းသည်။ ငယ်စဉ်ကတည်းက ကျောင်းမနေရသော မောင်ဝင်းနိုင်အတွက် ကျောင်းများက ဟစ်ကြွေးနေသော စာအံသံသည် ဘယ်တော့မှမမက်နိုင်သော အိပ်မက်သာဖြစ်ခဲ့ရသည်။

posted from Bloggeroid

No comments:

Post a Comment