အာဆီယံထိပ်သီးအစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ဝန်ကြီးချုပ် သီးသန့်တွေ့ဆုံ၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် ဒေါ်လာ ၁ ဒသမ ၂၃ ဘီလီယံ ထောက်ပံ့မည်
---- ------ ------ ------ ----
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေနှင့်

သီးသန့်တွေ့ဆုံခဲ့ရာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်က ကူညီထောက်ပံ့ရန် ကတိပြုခဲ့ကြောင်း သတင်းရရှိသည်။
လာအိုနိုင်ငံတွင် ပြုလုပ်လျက်ရှိသော အဆိုပါအစည်းအဝေး၌ ယင်းသို့တွေ့ဆုံပြီးနောက် မြန်မာ့စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် ဂျပန် ယန်း ၁၂၅ ဘီလီယံ (ဒေါ်လာ ၁.၂၃ ဘီလီယံ) ကူညီထောက်ပံ့မည်ဟု ရှင်ဖိုအာဘေက ထုတ်ဖော်ပြေကြားခဲ့သည်။
မြန်မာ့စီးပွားရေး ဦးမော့လာရေးအတွက် ပြည်ပရင်းနှီးမြှပ်နှံမှုများကို အားပေးကြိုဆိုသင့်ကြောင်း၊ သူမ၏အစိုးရအနေဖြင့် ပြည်ပရင်းနှီးမြှပ်နှံမှုဥပဒေသစ်များ ရေးဆွဲပြဌာန်းနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်ဟု ဂျပန်အစိုးရအရာရှိများထံမှ သိရသည်။ မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍတွင် ဂျပန်ကုမ္ဗဏီများဝင်ရောက်လုပ်ကိုင်ကြရန် တိုက်တွန်းအားပေးမည်ဟု ရှင်ဆိုအာဘေက ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ခေါင်းဆောင်နှစ်ဦးတို့ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြပြီး ရှင်ဇိုအာဘေက ဒေါ်အောင်ဆန်းစုကြည်အား မကြာခင်ကာလအတွင်း ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။
NLD ပါတီ အစိုးရဖြစ်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံဒေသပြင်ပတွင် တရုတ်နိုင်ငံသို့ ပထမဆုံးသွားရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ၀န်ကြီးချုပ် လီခချန်တို့နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။
ဂျပန်နိုင်ငံ၏ ငွေးကြေးကူညီထောက်ပံ့ရန်ကမ်းလှမ်းချက်သည် မြန်မာနိုင်ငံအပေါ် တရုတ်၏သြဇာလွှမ်းမိုးမှုအပေါ် တုံ့ပြန်ချက်အဖြစ် အချို့ကရှုမြင်သည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေသည် မဲခေါင်ဒေသ ခေါင်းဆောင်များဖြစ်သော ကမ္ဘောဒီယား၊ လာအို၊ ထိုင်းနှင့် မြန်မာမှ ခေါင်းဆောင်းများနှင့်လည်း ဆက်လက်တွေ့ဆုံမည်ဖြစ်သည်။ မဲခေါင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံက ယန်းငွေ ၇၅၀ ဘီလီယံကို သုံးနှစ်အတွင်း ကူညီထောက်ပံ့ရန် ၂၀၁၅ ဇူလိုင်က ကတိပြုခဲ့၍ ၎င်းကူညီထောက်ပံ့မှု၏ အကျိုးသက်ရောက်မှုနှင့် လက်ရှိအခြေအနေများ၊ အခြား လိုအပ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
Ref;Japan Times

posted from Bloggeroid
No comments:
Post a Comment