

" ဂီဒုန် ရဲ့  ရင်ဝကို လာစိုက်တဲ့  မြှားတွေ "
ရေးသားသူ - နေရီ
၂၀၁၆ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့  မှာ စကခ ၃ လက်အောက်ခံ ခမရ ( ၃၈၁) က လှုပ်ရှား စစ်ကြောင်းတစ်ခုဟာ အင်ခရမ်ဒေသ ခန့် မှန်းမြေပုံညွှန်း LH 634745 တစ်ဝိုက်မှာ တောတိုးနေတယ် ။
ကချင်ပြည်နယ်က တောင်တွေဟာ မြင့်တယ် ။တောထူတယ် ။ မတ်စောက်တယ် ။ သာမန်လူတစ်ဦးဟာ စစ်သည်တွေ ထမ်းပိုးထားတဲ့  လက်နက်ခဲယမ်းရိက္ခာ အလေးချိန်မျိုးကို သယ်ပြီး ကချင်ပြည်နယ်က တောင်တွေကို တက်ဖို့  မလွယ်လှဘူး။ ဒါပေမယ့် ဒီ စစ်သည်တွေကတော့ ကျင့်သားရနေတဲ့  ပုံရှိတယ် ။ သွက်သွက်လက်လက် ချီတက်နေကြတာကိုး။ သူတို့ ယူနီဖောင်း အကျီ င်္တွေရဲ့  ညာဘက်လက်မောင်းမှာ မြန်မာ့တပ်မတော်က ခြေလျင် တိုက်ခိုက်ရေးတပ်တွေရဲ့ အမှတ်တံဆိပ် မောက်တို ၊ ဓား နဲ့  လှံ ကြက်ခြေခတ် ဘက်တွေတပ်ထားတယ် ။ ဗယ်ဘက်လက်မောင်းမှာတော့ အပြာရောင် အ၀ိုင်းထဲမှာ မြှားတစ်စင်းဒေါင်လိုက်ထောင်ထားတဲ့  တံဆိပ်တွေ တပ်ထားတယ် ။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ ကချင်ပြည်နယ်ထဲက တပ်တွေ ဖြစ်ကြောင်း အမှတ်တံဆိပ် ။
စစ်ကြောင်းဟာ တောတိုးနေရင်း ရုတ်တရက် တန့် သွားတယ် ။ နေရာယူဆိုတဲ့  စစ်သုံးသင်္ကေတတစ်ခုကို ရိပ်ကနဲ မြင်ရတယ် ။ စစ်သည်တွေဟာ ဘေးဗယ်ညာ ဖြန့် ခွဲပြီး အသင့်နေရာယူလိုက်ကြတယ် ။ ပွိုင့်တပ်ခွဲနဲ့  စစ်ကြောင်းရုံးနဲ့  အဆက်အသွယ်လုပ်နေကြတယ် ။ ရန်သူ့ စခန်းတစ်ခု ရှေ့ မှာရှိနေတယ် ။ ပွိုင့်က စခန်းနား ကပ်ပြီး ငြိမ်ထားတယ် ။ ကင်းသမား က မရှိတာလား ပေါ့ဆတာလားမသိ ။ ရန်သူဟာ တပ်မတော်ရဲ့ လှုပ်ရှား စစ်ကြောင်းတစ်ခု သူ့ ကို တွေ့ သွားပြီဆိုတာ အခုထိ မသိသေးဘူး ။
စစ်ကြောင်းမှူးဟာ မျက်မှောင်တစ်ချက် ကုပ်တယ် ။ အခုသူမြင်နေရတာဟာ သွားရင်းလာရင်း ခဏနေရာယူထားတဲ့  စခန်းမျိုးမဟုတ် ။ ကျင်းတွေတူးထားတယ် ။ အင်အားအတော်အသင့်ရှိတယ် ။ အထိုင်ချထားတဲ့  စခန်း ။ ခံစစ်စခန်း ။ နယ်မြေရှင်းလင်းရင်း ရန်သူ ပြောက်ကျားတပ်ဖွဲ့ တစ်ခုနဲ့ တွေ့ တယ်ဆိုတာမျိုးက မထူးဆန်းလှပေမယ့် အခုလို ဗန်းမော် - မြစ်ကြီးနားကားလမ်း ( မလိယန် ) အပိုင်းနဲ့  အရမ်းနီးကပ်နေတဲ့ နေရာမှာ ရန်သူ့ ခံစစ်စခန်းတစ်ခု ရောက်နေတာက သိပ်ထူးဆန်းတယ် ။ ဒီ အထိုင်စခန်းက ဘယ်လိုလုပ် ဒီနေရာကို ရောက်နေရသလဲ ? ဘယ်တုန်းက ရောက်နေတာလဲ ? ဒီနယ်မြေထဲက ကားလမ်းမှာ မကြာခဏ ခြုံခိုတိုက်တာ ၊ မိုင်းခွဲတာ ချောင်းပစ်တာတွေဟာ အခု သူမြင်နေရတဲ့  အခြေစိုက်စခန်းလေးက လာလုပ်သလား ? ဒါလဲ မဖြစ်နိုင် ။ ဒီစခန်းက အင်အားသိပ် အများကြီးတော့ မဟုတ် ။
" ပွိုင့်တပ်ခွဲ စ ၀င်ရှင်းတော့ .... " ။ လက်ကိုင် ဆက်သွယ်ရေးစက်က စစ်ကြောင်းမှူး ရဲ့  အမိန့် ရတဲ့  နောက် ပွိုင့်တပ်ခွဲဟာ စခန်းကို စပြီး ဒလကြမ်း ၀င်ပစ်တယ် ။ ရဲဘော်တွေဟာ ပစ်ကျင်းတွေ တဲတွေထဲက အငိုက်မိသွားတဲ့  ရန်သူတွေကို အပိုင်ပစ်ချတယ် ။ရန်သူ အငိုက်မိတယ် ။ ကမန်းကတန်း ဆုတ်တယ် ။ အလောင်း လက်နက်တစ်ချို့ ကျန်ခဲ့တယ် ။ ပွိုင့်တပ်ခွဲဟာ ရန်သူ့ စခန်းကို အောင်မြင်စွာ သိမ်းပိုက်လိုက်တယ် ။ဒါပေမယ့် သူတို့  မသိတာ တစ်ခုရှိနေတယ် ။ သူတို့ ဟာ သာမန်စခန်းတစ်ခုကို ၀င်တိုက်လိုက်တာ မဟုတ် ။ ကေအိုင်အေ တပ်ရင်း၂၅၂ ရဲ့  ဌာနချုပ် ခံစစ်စခန်း ဂီဒုန်ရဲ့  ရှေ့ ကာကင်း စခန်းငယ်တစ်ခုကို ရုတ်တရက် ၀င်သိမ်းလိုက်မိတယ် ဆိုတာပဲ ။
တိုက်ပွဲပြီးချိန်မှာ ခုနက ဆူညံနေတဲ့  ပတ်ဝန်းကျင်ဟာ ပြန် တိတ်ဆိတ်နေတယ် ။ စစ်ကြောင်းမှူးဟာ သူမြင်ရတဲ့  အနေအထားကို ဘ၀င်မကျဘူး ။ ပေ ၈၀၀ ကျော် မြင့်တဲ့  တောင်ထိပ်ပေါ်က ဘယ်ကမှန်းမသိရောက်လာတဲ့  ခံစစ်စခန်းငယ်လေး တစ်ခုဆိုတာ အဓိပ္ပာယ်မှ မရှိတာ ။ တောင်ထိပ်ပေါ်ရောက်တော့ ပတ်ဝန်းကျင်ဟာ ပိုရှင်းလင်းလာတယ် ။ ဟိုးအဝေး မီတာ ၁၅၀၀ လောက်မှာ တောင်ထိပ်ကုန်းကြီးတွေ တွေ့ တယ် ။ လူသွားလမ်းကြောင်းလေးတွေ တွေ့ တယ် ။ တောင်ကုန်းတွေရဲ့  မြေအနေအထားဟာ ပတ်ဝန်းကျင်ကို စိုးမိုးလွန်းလှတယ် ။ နောက်ပြီး ဆုတ်သွားတဲ့ ရန်သူတွေဟာ အဲဒီဘက်ကို ဆုတ်သွားတယ် ။ စစ်ကြောင်းမှူးဟာ တပ်ကို စနစ်တကျနေရာယူထားပြီး တပ်မဌာနချုပ် နဲ့  စက်အဆက်အသွယ်ယူတယ် ။ သူ့  မျက်လုံး အစုံကတော့ မျက်စိတူရူ မီတာ ၁၅၀၀ လောက်က တောင်ကုန်းကြီးတွေကို မျက်ခြေမပြတ် စိုက်ကြည့်နေဆဲပဲ ။
တကယ့်တကယ်ပြောရလျင် တပ်မဌာနချုပ်ကလဲ ဒီအခြေအနေကို သိပ်ပြီး သဘောတွေ့ လှတယ်တော့ မဟုတ်ဘူး ။ အမှတ် (၃) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်က စကခမှူးဟာ ကြေးနန်းသတင်းပို့ ချက်အရ သူတို့ စကခ လက်အောက်ခံ လှုပ်ရှားစစ်ကြောင်းတစ်ခု အခုသိမ်းပိုက်လိုက်တဲ့  ခံစစ်စခန်းငယ်ဟာ ကင်းစခန်းငယ် ၊ ကာကင်းစခန်းငယ် တစ်ခုသာ ဖြစ်ရမယ်လို့ သုံးသပ်တယ် ။ ဒါဆို မေးစရာမေးခွန်းက တစ်ခုပဲ ရှိတော့တယ် ။ ဘာကို စောင့်တဲ့  ကင်းစခန်းလဲ ။ ဘာကို ကာတဲ့  ကာကင်းစခန်းလဲ ။
ဒီအဖြေဟာ မကြာခင် နာရီအနည်းငယ်အတွင်းမှာပဲ စသိရတယ် ။ ခုနက ကာကင်းစခန်းကို သိမ်းပြီး နေရာယူလိုက်တဲ့  စစ်ကြောင်းဟာ အရှေ့ ဘက် မီတာ ၉၀၀ လောက်ကို လက်တံလေးတွေ ဆန့် ထုတ်လိုက်တယ် ။ အဲဒီမှာ တိုက်ပွဲတွေ စဖြစ်တော့တယ် ။ ဂီဒုန်ရဲ့  ရှေ့ ကာကင်းကုန်းတွေနဲ့  ထပ်ပြီးထိတွေ့ တာ ။ တစ်တောလုံး တစ်တောင်လုံး သေနတ်သံတွေ ဆူညံသွားတယ် ။ မကြာမီ ရက်အနည်းငယ်အတွင်းမှာပဲ အမှတ် ၃ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ဟာ သမိုင်းဝင် ဂီဒုန်တိုက်ပွဲကို စပြီး တိုက်ဖို့ ပြင်ဆင်ရတော့မယ် ။
----------------
ဂီဒုန်ဟာ ဘာလဲ
-----------------
ဂီဒုန်ဟာ ကေအိုင်အေ တပ်ရင်း ၂၅၂ ရဲ့  ဌာနချုပ် ၊ ပေ၁၀၀၀ကျော်မြင့်တဲ့  တောင်ထိပ်ပေါ်မှာ အခိုင်အမာတည်ဆောက်ထားတဲ့  တပ်စခန်းဖြစ်တယ် ။ မြစ်ကြီးနား - ဗန်းမော်ကားလမ်း ( မလန်းယန် ဒေသ ) နဲ့  အဖြောင့်တိုင်းလျင် မီတာ ၁၅၀၀ လောက်ပဲ ဝေးပြီး တရုတ်နယ်စပ်နဲ့  အဖြောင့်တိုင်းလျင် မီတာ ၂၀၀၀ လောက်ပဲ ဝေးတယ် ။ ၀ိုင်းမော်နဲ့  အဖြောင့်တိုင်းလျင် ၈မိုင်လောက်ပဲ ဝေးမယ် ။ တောတောင် ထူထပ်တဲ့ အနေအထားကို အခွင့်ကောင်းယူပြီး ဒီ ၂၀၁၆ ခုနှစ်ထဲမှာမှ ဒီစခန်းကို လာတည်ဆောက်ထားတာ ဖြစ်မယ်လို့  ခန့် မှန်းရတယ် ။
ဂီဒုန် ရဲ့  ပင်မခံစစ် စခန်းကုန်းဟာ ပွိုင့် ၁၁၀၃ ခန့် မှန်း မြေပုံညွှန်း LH 639755 နေရာမှာ တည်ဆောက်ထားတယ် ။ ပင်မကုန်းရဲ့  တောင်ဘက် ကိုက် ၁၀၀၀လောက်မှာ အဓိက ကာကင်းကုန်း နဲ့  ပင်မစကားကို ကာထားသလို ပင်မကုန်းရဲ့  မြောက်ဘက် ကိုက် ၁၀၀၀ လောက်မှာလဲ လိပ်ပြာကုန်းစခန်းနဲ့  ပင်မကုန်းကို ထပ်ကာထားတယ် ။ လိပ်ပြာကုန်းနဲ့ ပင်မကုန်းကြားမှာ ခံစစ်စခန်းအသေး နှစ်ခုရှိသလို အရှေ့ ဘက်နဲ့  အနောက်ဘက်မှာလဲ ခံစစ်စခန်းအသေးလေးတွေ မွနေအောင် တည်ဆောက်ထားတယ် ။
စခန်းကုန်းတွေအားလုံးကို တစ်ခုနဲ့  တစ်ခုဆက်သွယ်ထားတဲ့ လူသွားလမ်းတွေကလွဲလို့  ပတ်ပတ်လည် ချည်းကပ်လို့ မရအောင် မိုင်းတွေ အပြည့်ထောင်ထားတယ် ။ ကတုတ်ကျင်းတွေ အခိုင်အမာတည်ထားတယ် ။ မြေခွေးကျင်း ( Fox Hole ) တွေ ဖောက်ထားတယ် ။ ကတုတ်ကျင်းတွေကို ဆက်ထားတဲ့  လျောက်လမ်းတွေဟာ လူတစ်ရပ်ကျော် နက်တယ် ။ ဘန်ကာတွေဟာ ကွန်ကရစ်နဲ့  သံပြားနဲ့  ရောစပ်တည်ဆောက်ထားတယ် ။ လေကြောင်းတိုက်ခိုက်မှု ဒဏ်ခံနိုင်အောင် အမိုးတွေကို အခိုင်အခန့် တည်ဆောက်ထားတယ် ။ ပင်မ စခန်းကုန်းမှာ လူ၂၀၀ လောက် ရှိမယ် ခန့် မှန်းရပြီး ကျန်စခန်းကုန်းတွေနဲ့  ပေါင်းလျင် အင်အား ၇၀၀ လောက် ရှိမယ် ခန့် မှန်းရတယ် ။
စကခ ၃ က လှုပ်ရှားစစ်ကြောင်းတစ်ခုဟာ မထင်မှတ်ဘဲ ဒီ ဂီဒုန်ရဲ့  တောင်ဘက် ကိုက် ၂၀၀၀ လောက်က ကာကင်းစခန်းတစ်ခုကို တွေ့ သွားရာကနေ ရှေ့ ဆက်တိုးလာတဲ့ အချိန် ဂီဒုန်ရဲ့  တောင်ဘက် ကိုက်၁၀၀၀ လောက်က ပင်မကာကင်းကုန်း နဲ့  ထိတွေ့ ပြီး ဂီဒုန် တိုက်ပွဲစဉ်တွေ စဖြစ်လာရတာ ဖြစ်တယ် ။
----------------------------------------------
အမှတ် ၃ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်
-----------------------------------------------
အမှတ် ၃ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ( စကခ - ၃ ) ဟာ ကချင်ပြည်နယ် မိုးကောင်း အခြေစိုက် တိုက်ခိုက်ရေးတပ်မ တစ်ခု ဖြစ်တယ် ။ ဗိုလ်မှူးချုပ် အဆင့်ရှိတဲ့  တပ်မမှူး တစ်ဦးက ကွပ်ကဲတယ် ။ သူ့ လက်အောက်မှာ တိုက်ခိုက်ရေး ခြေမြန်တပ်ရင်း ဆယ်ရင်း နဲ့  အမြောက်တပ် ၊ ဆက်သွယ်ရေးတပ် ၊ ဆေးတပ်၊ စစ်မြေပြင် အင်ဂျင်နိယာတပ် ၊ ထောက်ပို့ တပ် စတဲ့  လက်ရုံးတပ်ဖွဲ့  တပ်ခွဲတစ်ခွဲစီ ပါဝင်တယ် ။ အပေါ့စား တိုက်ခိုက်ရေးတပ်မတွေရဲ့  ထုံးစံအတိုင်း မြန်မာတစ်ပြည်လုံး မည်သည့်နေရာဒေသကိုမဆို အလျင်အမြန် စစ်ဆင်ချီတက်နိုင်အောင် ဖွဲ့ စည်းထားတယ် ။
ဒါပေမယ့် စကခ ၃ အနေနဲ့  ကတော့ ဌာနချုပ်ကလဲ ကချင်ပြည်နယ်မှာပဲ တည်ရှိတဲ့  အပြင် လက်အောက်ခံတပ်ရင်းတွေက စစ်သည်တွေမှာလဲ ကချင်တိုင်းရင်းသားစစ်သည်တွေ ကချင်ရဲမေတွေ အများအပြား ပါဝင်နေတဲ့  အတွက် တပ်တွေဟာ ကချင်ပြည်နယ် နယ်မြေတွေကို ပိုကျွမ်းကျင်တယ် ။ ဘာသာစကား ကောင်းကောင်းတတ်တယ် ။ ကချင်ပြည်နယ်က တောင်တန်းတွေ တောတွေထဲ ကျင်ကျင်လည်လည် သွားလာလှုပ်ရှားနိုင်တယ် ။
စကခ ၃ ဟာ ပြီးခဲ့တဲ့  ကချင်ပြည်နယ် တိုက်ပွဲတွေမှာ ကေအိုင်အေကို ကောင်းကောင်း လက်စွမ်းပြခဲ့တဲ့  နာမည်ကြီး ခြေမြန်တပ်မ တစ်ခုဖြစ်တယ် ။ ကေအိုင်အေက ပိတ်ဆို့ ပြီး ၀ိုင်းတိုက်နေတဲ့  လဂျားယန်စခန်းကို ဖောက်ဝင်ပြီး ကယ်တင်ခဲ့တာလဲ ဒီတပ်မပဲ ။ ခရာဘွန်တောင်ကြောပေါ်က ပွိုင့် ၁၀၁၂ ကို တက်သိမ်းလိုက်ပြီး ပွိုင့် ၇၇၁ ကို ခြိမ်းခြောက်နေတဲ့  အမြောက်စခန်းကို ဖြိုပြစ်ခဲ့တာလဲ ဒီတပ်မပဲ ။အခုဒီတပ်မက တပ်တွေဟာ နယ်မြေတိုးချဲ့ အသစ်လာဖွင့်တဲ့  ကေအိုင်အေ တပ်ရင်း ၂၅၂ ရဲ့  အခိုင်အမာ ဌာနချုပ် ဂီဒုန်ကို ဖယ်ရှားရှင်းလင်းဖို့  အမိန့် စရတယ် ။
---------------------------------
ဂီဒုန် က တိုက်ပွဲငယ်တွေ
----------------------------------
စက်တင်ဘာလ တစ်လလုံးဟာ ဂီဒုန်နားမှာ ဖြိုးဖြိုးဖြောက်ဖြောက် သေနတ်သံတွေ ဆူညံနေတယ် ။ ဂီဒုန်ရဲ့  တောင်ဘက်က ကာကင်းစခန်းလေးကို သိမ်းပိုက်လိုက်တဲ့  စကခ ၃ က အမှတ် ၃၈၁ ခြေမြန်တပ်ရင်းဟာ ဟာ ဂီဒုန်ရဲ့  တောင်ဘက် မီတာ ၁၀၀၀ လောက်က နောက်ထပ်ကာကင်းကုန်း စခန်းကို ၀င်လုံးပြီး သိမ်းပိုက်လိုက်တယ် ။ မြေပြင် သတင်းထောက်လှမ်းချက်အရရော လေကြောင်းကင်းထောက်မှုအရပါ ဂီဒုန်ဟာ စခန်းကြီး သုံးခု ၊ စခန်းငယ်လေးပေါင်း များစွာပါဝင်တဲ့  အင်အား ၇၀၀ လောက် တပ်စွဲထားတဲ့  ရန်သူ့  အခိုင်အမာ ခံစစ်ဒေသကြီး မှန်း စကခ ၃ က သိသွားခဲ့ပြီ။
အဲဒီနောက်မှာတော့ ရက်အနည်းငယ်အတွင်းမှာပဲ ဂီဒုန်ကို ချည်းကပ်ရာလမ်းမှာ နောက်ထပ် စကခ ၃ လက်အောက်ခံ ခြေမြန်တပ်ရင်းတွေ ရောက်လာတယ် ။စကခ ၃ စကခမှူးဟာ တိုက်ပွဲဖြစ်နေတဲ့  ဂီဒုန်ရဲ့  ပင်မကာကင်းကုန်းနား အထိ ကပ်လာခဲ့ပြီး ဂီဒုန်ကို ဘယ်လိုတိုက်မလဲ စစ်ရေးသုံးသပ် စီမံချက်ဆွဲ တော့တယ် ။
------------------------------------------------
ဂီဒုန်ရဲ့  အဓိက အဟန့် အတားက ဘာလဲ
-----------------------------------------------
ဂီဒုန်ရဲ့  အဓိက အဟန့် အတားက သုံးချက် ရှိတယ် ။ ပထမအချက်က မြေအနေအထား အသာစီးရရှိတာပဲ ။ ဂီဒုန်ကို ချဉ်းကပ်ရာလမ်းဟာ မတ်စောက်ပြောင်ချော လှတယ် ။ ချဉ်းကပ်တဲ့  တပ်တွေဟာ မီတာ ၆၀၀ ၇၀၀ လောက် ကုန်းပြောင်ပြောင်ကို အလွတ် ချဉ်းကပ်ရမယ် ။ ကုန်းပေါ် မှာက ရန်သူ့ စက်သေနတ်ကြီးတွေ လက်ယှက်ထိုး ချထားတယ် ။ စနိုက်ပါတွေ နေရာယူထားတယ် ။ လက်နက်ကြီး ပစ်ကူုက စခန်းကုန်း သုံးကုန်းလုံးက ထိထိရောက်ရောက် အနီးကပ် ပစ်ကူပေးနိုင်တယ် ။ ဒါကြောင့် ဂီဒုန်ကို လူမသိအောင် ချဉ်းကပ်ဖို့ ခက်ခဲတယ် ။
ဒုတိယအချက်ကတော့ ဂီဒုန်က ဘန်ကာတွေရဲ့  ခိုင်ခန့် မှုပဲ ။ ဘန်ကာတွေဟာ ကွန်ကရစ်ထဲမှာ သံပြားတွေပါ ထည့်သွင်း ဆောက်ထားတယ် ။ ၁၂၀ မီလီမီတာ စိန်ပြောင်းကြီး တိုက်ရိုက်ထိမှန်တာတောင် ဘန်ကာက အခြေအနေ မပျက်ဘူး ။ လေယာဉ်က ဗုံးကြဲတော့လဲ ဘန်ကာကို တိုက်ရိုက် မထိဘူး ။ ကတုတ်ကျင်းတွေ ပြိုကျပေမယ့်  ဘန်ကာတွေက အကောင်းအတိုင်းကျန်နေတယ် ။ ဒါကြောင့် ဂီဒုန်က ဘန်ကာတွေဟာ စကခ ၃ ရဲ့  ဒုတိယ အတားအဆီး ဖြစ်နေတယ် ။
တတိယအချက်ကတော့ မိုင်းကွင်းတွေပဲ ။ ဂီဒုန်က စခန်းတွေ ပတ်လည်မှာ နင်းမိုင်းတွေ ဗလဗွ ထောင်ထားတယ် ။ စခန်းနားကို ရောက်အောင် ချဉ်းကပ်နိုင်တယ်ဆိုဦးတော့ ဘာအကာအကွယ်မှ မရှိတဲ့  နေရာ ဘန်ကာထဲက စက်သေနတ်ကြီး ပုံသေပစ်ကြောင်းတွေရဲ့  အောက် စခန်းကုန်းသုံးခုက လက်နက်ကြီး ပစ်ခတ်မှုတွေရဲ့  အလယ် ဂီဒုန်က မိုင်းကွင်းတွေကို ဘယ်လိုဖြတ်မလဲ ဒါဟာ အဓိက စိန်ခေါ်မှု တစ်ရပ်ပဲ ။
---------------------------------
ထူးခြားတဲ့  တိုက်စစ် စီမံချက်
------------------------------------
စကခ ၃ စကခမှူးဟာ ဂီဒုန်ရဲ့  အခက်အခဲ အတားအဆီး သုံးခုကို စတင်ရှင်းလင်းဖို့ စီစဉ်တယ် ။ သူ့ ရဲ့ တိုက်စစ် စီမံချက်ဟာ သမားရိုးကျမဟုတ် ၊ အတော် အံ့ အားသင့်စရာ ကောင်းသလို အလုပ်မဖြစ်ဘူးလို့  ဘယ်သူ မှ တပ်အပ် မပြောနိုင်ဘူး ။
စကခမှူးရဲ့  စီမံချက်အတိုင်း ပထမဆုံး စဖောက်လာတာက တပ်မရဲ့  စစ်မြေပြင်အင်ဂျင်နီယာတပ်က ဖောက်လာတဲ့  တစ်ကြောင်းထိုး လမ်းဖြစ်တယ် ။ အဲဒီလမ်းလဲ ပြီးရော ကိုယ့်ဘက်က သိမ်းထားတဲ့  ရန်သူ ကာကင်းကုန်း အခြေနားအထိ ရိက္ခာ ခဲယမ်းတွေ လွယ်လွယ်ကူကူ ရောက်လာတယ် ။ ဒုတိယ ထပ် ရောက်လာတာကတော့ ဘယ်သူမှ ထင်မထားတဲ့  တင့်ကားတွေ ။ စကခမှူးဟာ တိုက်ရိုက်ပစ်ကူရယူဖို့ တင့်ကားကို သုံးဖို့ ဆုံးဖြတ်ခဲ့တယ် ။ တင့်ကားလေးစီးဟာ ရန်သူ့ စခန်းနားအထိ မချဉ်းကပ်ဘဲ မီတာ ၂၀၀၀ လောက် အကွာမှာပဲ ပုံဖျက်ဖုံးကွယ် နေရာယူထားတယ် ။
စကခ ၃ လက်အောက်ခံ ခမရ ၃၈၆ တပ်ရင်းမှူးဟာ စစ်တက္ကသိုလ် အပတ်စဉ် ၄၂ ဆင်းဖြစ်တယ် ။ သူက ဒီစခန်းကို သူရှေ့ ဆုံးက တိုက်ပါရစေလို့  ထပြီး ဆန္ဒပြုတယ် ။ သူနဲ့ နောက်ထပ် တပ်ရင်းတစ်ရင်းဟာ လက်ကိုင်ရိုးအတိုတပ်ထားတဲ့  ခေါက်ဂေါ်ပြားတွေ ကိုယ်စီကိုင်ပြီး စကခမှူးရဲ့  နောက်ထပ် စီမံချက်ကို အကောင်အထည်ဖော်တယ် ။ သူတို့ တက်ညီလက်ညီ လုပ်နေကြတာက Tunnel ကြီး တစ်ခုဖောက်ကြတာ ။
အဲဒီ လှိုဏ်ခေါင်းဟာ အမြင့် ၈ ပေ ၊ အကျယ် ၃ပေ နီးပါးလောက်ရှိတယ် ။ အမိုးကို သစ်လုံးတွေ ၊ သဲအိတ်တွေ မြေကြီးတွေနဲ့  မိုးတယ် ။ အဲဒီ လှိုဏ်ခေါင်းကြီးဟာ မီတာ၁၀၀၀ လောက် ရှည်လျားတယ် ။ ရန်သူ့ စခန်းနား နီးလာချိန်မှာ လှိုဏ်ခေါင်းဟာ အင်္ဂလိပ်အက္ခရာ ၀ိုင်ပုံသဏ္ဍန် နှစ်ခြမ်းခွဲသွားတယ် ။ ၀ိုင်ရဲ့ ထိပ်ဝ နှစ်ခုဟာ ရန်သူ့  စခန်းနဲ့  မီတာ ၂၀၀ အကွာထိရောက်တယ် ။ ရန်သူတွေအနေနဲ့  ကံကောင်းတာ တစ်ခုက မီတာ ၂၀၀လောက်အကွာမှာ ကျောက်ကြောကြီး တစ်ခုခံနေတဲ့ အတွက် ဆက်တိုးလို့ မရတော့ဘူး ။ ဒီ တပ်ရင်းနှစ်ရင်းက ဒီ tunnalကို တစ်လနီးပါး နေ့ ရောညပါ အပြင်းအထန်ဖောက်ကြတယ် ။
သူတို့ ဒီလို လှိုဏ်ခေါင်းဖောက်နေတုန်းမှာ စကခ ၃ လက်အောက်ခံ အမှတ် ၃၈၈ ခြေမြန်တပ်ရင်းက ဂီဒုန်ရဲ့  အရှေ့ ဘက်ကနေ တစ်ချိန်လုံး ယောင်ပြတိုက်နေတယ် ။ လေယာဉ်နှစ်စီးလောက်ကလဲ ရာသီဥတုကောင်းရင် ဗုံးလေးလာကြဲလိုက် ၊ ရော့ကက်နဲ့  ပစ်သွားလိုက် လုပ်ပြနေတယ် ။ ရန်သူအနေနဲ့  သူတို့ ရဲ့ အဓိက သေမင်းဟာ မြေအောက်က လာနေတာမှန်း လုံးဝ မရိပ်မိခဲ့ဘူး ။ ဘယ်တော့မှ တိုက်လို့ မရတဲ့  ဂီဒုန် စခန်းကြီး စသဖြင့် စသဖြင့် ၀ံကြွားနေခဲ့ကြတယ် ။
ဒီဇင်ဘာလ ၁၆ ရက်နေ့ မတိုင်မီ ရက်အနည်းငယ်မှာ စကခမှူး မှာထားတဲ့  ထူးထူးဆန်းဆန်း ပစ္စည်းတွေရောက်လာတယ် ။ ခြေထောက် ခြေဖ၀ါးပုံစံ သံမဏိပြားအထူတွေ ။ အဲဒီ ဘယ်ညာ သံခြေဖ၀ါးတွေကို တောစီးဖိနပ်ထဲကို ထည့်ဝတ်ဖို့ အမိန့် ရတယ် ။ ဂီဒုန်ကို ရှေ့ ဆုံးက ၀င်ဆောင့်မယ့်  စစ်သည်တွေဟာ အဲဒီ သံခြေဖ၀ါးတပ် ဖိနပ်တွေစီးလိုက် ထူးဆန်း အံ့သြတဲ့ အမူအယာနဲ့  အောက်ကို ငုံ့ ကြည့်လိုက် ဒီလို ဖြစ်နေကြတယ် ။ ဒီလို ထူးထူးဆန်းဆန်း ကိစ္စမျိုး သူတို့ တစ်ခါမှ မစဉ်းစားခဲ့မိကြဘူး ။
-------------------------------------------------
ဂီဒုန် ရဲ့  ရင်ဝကို လာစိုက်တဲ့ မြှားတွေ
-------------------------------------------------
၁၆.၁၂.၂၀၁၆ ရက်နေ့ ဟာ ကေအိုင်အေ တပ်ရင်း ၂၅၂ ဌာနချုပ် ရဲ့  ဘယ်တော့မှ မကျနိုင်ဘူးဆိုတဲ့  ဂီဒုန် ခံစစ်ဒေသကြီး ကြမ္မာဆိုး ၀င်တဲ့ နေ့ ပဲ ။ မနက် မိုးလင်းချိန်မှာ လေယာဉ်တွေရောက်လာတယ် ။ ဗုံးကြဲတယ် ။ ရန်သူတွေဟာ အရင်လိုပဲ ဘန်ကာထဲက မထွက်ဘူး ။ ဗုံးကြဲတာက ခါတိုင်းထက် ပိုပြင်းထန်တယ် ။ ဒါပေမယ့် ကိစ္စမရှိဘူး ။ သူတို့ ဘန်ကာတွေဟာ သံမဏိပြားတွေ ကွန်ကရစ်ထဲ မြုပ်ထားတာ ။ ဘယ်လို ဗုံးဆန်ကမှ သူတို့ ကို မဖောက်နိုင် ။ ဒါကို သူတို့ ယုံတယ် ။
ဒါပေမယ့် ဒီယုံကြည်မှုဟာ စက္ကန့်  နှစ်ဆယ်လောက်ပဲ ကြာတယ် ။ ဂီဒုန်ရဲ့  တောင်ဘက် မျက်နှာစာက ဘန်ကာတစ်လုံး ၀ုန်းကနဲ ပြိုဆင်းသွားတယ် ။ ဘန်ကာတစ်ခုလုံး ပွင့်ထွက်ပြီး မီးဟုန်းဟုန်းတောက်နေတယ် ။ ဒုန်းကနဲ အသံနဲ့  နောက်တစ်လုံး ပြိုဆင်းသွားတယ် ။ ရန်သူက ဘာလက်နက်မှန်းမသိတဲ့  လက်နက်တစ်ခုနဲ့  ပစ်နေတာ ။ အဲဒီလက်နက်ဟာ သံမဏိပြားတွေ ခံထားတဲ့  ကွန်ကရစ်ဘန်ကာကို ဖောက်ဝင်ပြီးမှ ပွင့်ထွက်သွားတယ် ။ ဘန်ကာထဲက တစ်ယောက်မှ အသက်မရှင်ဘူး ။ ကျန်တဲ့  ဘန်ကာတွေက စစ်သားတွေဟာ အံအားသင့်ပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်ကုန်တယ် ။
ဂီဒုန် ရဲ့  တောင်ဘက် ကိုက် ၂၀၀၀ လောက်က တင့်ကားတွေကတော့ လက်နက်ကြီး ပစ်ကူရဲ့  အခြေခံ ဥပဒေသတွေကို အကုန်ချိုးဖောက်ပြီး တိုက်ရိုက်ပစ်ကူ ပေးနေတယ် ။ လက်နက်ကြီး ပစ်ကူမှာ ခြေလျင်တပ်နဲ့  လက်နက်ကြီးတည်နေရာဟာ ၉၀ ဒီဂရီလောက် ထောင့်မှန်ကျလေ့ရှိတယ် ။ အခုက ခြေလျင်တပ်တွေရဲ့  ခေါင်းပေါ်က ကျော်ပစ်နေတာ ။ ဒီလို ပစ်လို့ ရတဲ့  အကြောင်းအချက်နှစ်ချက်ရှိတယ် ။ ပထမတစ်ချက်က ဂီဒုန်က ဘန်ကာတွေဟာ ကုန်းပေါ်မှာမို့  မော့ပြီး ပစ်ရတယ် ။ ဒုတိယအချက်က အောက်ကကပ်နေတဲ့  ခြေလျင်တပ်တွေက ဥမင်လိုဏ်ခေါင်းထဲက ကပ်နေတာမို့ လို့  ။
ဘန်ကာတွေ ပေါက်ကွဲထွက်ကုန်ရတဲ့ အကြောင်းရင်းက တင့်ကားတွေက ပစ်နေတဲ့  ကျည်တွေက ရိုးရိုးကျည်မဟုတ် တင့်ကားဖျက် ဖောက်ကျည်တွေ ။ ဒီ ကျည်တွေဟာ သံမဏိ ဘန်ကာတွေထိုးခွဲပြီး အထဲရောက်မှ ပေါက်ကွဲ ပွင့်ထွက်သွားစေတယ် ။ စကခမှူး နဲ့  သံချပ်ကာတပ်မှူး နှစ်ယောက်ဟာ ဘန်ကာတွေ တစ်လုံးပြီး တစ်လုံး အတွဲညီညီ ဖြိုချနေကြတယ် ။
တင့်ကားလေးစီးက ဂီဒုန်ရဲ့ ဘန်ကာတွေကို တစ်လုံးချင်း ဖြိုချနေချိန် စကခ ၃ က တပ်ရင်းနှစ်ရင်းဟာ သူတို့ တစ်လကျော်ဖောက်ထားတဲ့  ဥမင်ထဲကနေ ဂီဒုန်ရဲ့ အခြေ မီတာ ၂၀၀ လောက်ကို တစ်ရှိန်ထိုး ချဉ်းကပ်နေတယ် ။ ခမရ ၃၈၆ ရင်းမှူးဟာ ရှေ့ ဆုံးကတက်မယ့် ပွိုင့်တပ်စုမှာ နေရာယူထားတယ် ။ သူတို့ အားလုံးမှာ မောင်းပြန်သေနတ်အပြင် အာပီဂျီတွေ ၊ လက်ပစ်ဗုံးတွေ ၊ ဗလဗွ ပါလာတယ် ။
မျက်နှာစာက ဘန်ကာတွေ ပြိုဆင်းသွားချိန် ပုံဖျက်ထားတဲ့  ၀ိုင်ပုံသဏ္ဍန် လှိုဏ်ခေါင်းနှစ်ခုရဲ့  အ၀ဟာ ရုတ်တရက် ပွင့်ထွက်သွားတယ် ။ လှိုဏ်ခေါင်းထဲက မြှားတံဆိပ် တပ်ထားတဲ့  စစ်သည်တွေ တလကြမ်း ခုန်တက်လာကြတယ် ။ တစ်ချို့ က ရန်သူ့  ကတုတ်ကျင်းတွေဆီ ပြေးဝင်တယ် ။တစ်ချို့ က အာပီဂျီတွေ တလကြမ်းပစ်နေတယ် ။
စစ်သည် သုံးလေးယောက် ဂျိမ်းကနဲ လေထဲမြောက်တက်သွားတယ် ။ ပြန်ကျလာတယ် ။ မိုင်းထိသွားတာ ။ ဒါပေမယ့် သံမဏိ ဖိနပ်ခွာတွေရဲ့  အစွမ်းနဲ့  ချက်ချင်းလူးလဲ ပြန်ထပြီး ကတုတ်ကျင်းတွေကို တက်လုံးတယ် ။ ဆယ်မိနစ်လောက်အတွင်း ပွိုင့် ၁၁၀၃ ဂီဒွန်ဟာ မြှားတံဆိပ်တပ် စစ်သည်တွေရဲ့  အပြတ်ရှင်းခြင်း ခံရတော့တယ် ။ ဂီဒုန်ပြိုပြီမို့  နောက်က ခံစစ်စခန်းငယ်လေးတွေ လိပ်ပြာကုန်းစခန်း စတဲ့ စခန်းတွေဟာလဲ နောက်တစ်ရက်မှာ ဆက်ပြိုဆင်းပါတယ် ။
ကျန်တဲ့  စခန်းများမပါ ဂီဒုန်တစ်ခုထဲ ကေအိုင်အေ အလောင်း ၄၀ ကျော် ရတယ် ။ ဘန်ကာတွေထဲက အများစုက တင့်ကားက ပစ်တဲ့  ဘန်ကာဖျက်ကျည်တွေ ကြောင့် ကျဆုံးပါတယ် ။ ကျန်တဲ့ သူတွေကတော့ ၀င်ရောက်လုံးထွေး အနီးကပ်တိုက်ကြချိန်မှာ မြှားတံဆိပ်တပ် စစ်သည်တွေရဲ့ လက်ချက်နဲ့  ကျဆုံးပါတယ် ။ စကခ ၃ မြှားတွေ ဘက်ကလဲ ဂီဒုန် စခန်းသိမ်းတိုက်ပွဲမှာ စစ်သည် ၇ဦး ကျဆုံးပါတယ် ။
---------------------------------------
ဂီဒုန်က ပေးပို့ တဲ့  သတင်းစကား
-------------------------------------
ဂီဒုန်စခန်း ကျဆုံးမှုကနေ သတင်းစကား သုံးခု မျှဝေ ပေးပို့ လိုပါတယ် ။ ပထမ တစ်ခုကတော့ တပ်မတော်က တကယ်တန်းတိုက်ရင် ၁၉၄၈ ခုနှစ်ကနေ ယနေ့ အချိန်ကာလအထိ ဘယ်လက်နက်ကိုင် အဖွဲ့ ရဲ့ စခန်းမှ ကြံ့ ကြံ့ မခံနိုင်ပါဘူး ။ အားလုံး ကျဆုံးရပါတယ် ။
ဒုတိယအချက်က ဂီဒုန်ကို တိုက်သွားတာဟာ ခြေမြန်တပ်မ တစ်မက ဆိုင်ထားပြီး တကယ်တန်း တပ်ရင်း နှစ်ရင်းကပဲ စခန်းသိမ်း တိုက်ပွဲ လုပ်သွားတာပါ ။ ခမရ ၃၈၆ နဲ့ ၃၈၃ တို့ က ဂီဒုန်ကို ၀င်သိမ်းလိုက်တာ ဖြစ်ပါတယ် ။ ကေအိုင်အေ အနေနဲ့  ဒီတပ်မရဲ့ လက်စွမ်းလက်စကို လဂျားယန်တို့ ခရာဘွန်တို့ တုန်းကလဲ မြည်းစမ်းကြည့်ပြီး ဖြစ်ပါလိမ့်မယ် ။
တတိယအချက်က ဂီဒုန်ကို တိုက်တာ ဒေါ်လာ သန်း ၇၀၀လဲ မကုန်ပါဘူး ဒေါ်လာ သန်း ၇၀ လဲ မကုန်သလို ဒေါ်လာ ၇သန်းလဲ မကုန်ပါဘူး ။ တကယ် အသုံးပြုခဲ့တာက ခပ်ထက်ထက် တပ်မမှူးတစ်ဦး ၊ တိုက်ရည်ခိုက်ရည်ကောင်းတဲ့  တပ်ရင်း သုံးလေးရင်း ၊ တင့်ကားလေးစီး ၊ ဘန်ကာဖျက် ဖောက်ကျည် အနည်းငယ် ၊ ဥမှင်လှိုဏ်ခေါင်းငယ် တစ်ခုနဲ့  သံမဏိ ဖိနပ်ခွာ အရံ တစ်ရာလောက်သာ ဖြစ်ပါတယ် ။
--------------
ရေးသားသူ - နေရီ
Ps ။ ပုံထဲက ဥမင်လိုဏ်ခေါင်းငယ်ဟာ
စကခ ၃ တပ်တွေ တစ်လလောက် အချိန်ယူ ဖောက်ခဲ့ တဲ့ 
မီတာတစ်ထောင်လောက် ရှည်လျားတဲ့ ဥမင် ဖြစ်ပါတယ် ။

posted from Bloggeroid
No comments:
Post a Comment