အလဲဗင်း သတင်းထောက် အသတ်ခံရခြင်း၏ နောက်ကွယ်
....................................
Daily Eleven သတင်းစာ၏ မုံရွာဒေသခံ သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရသည့် ဖြစ်စဉ်၏ နောက်ကွယ်တွင် သစ်မှောင်ခို လောကနှင့် ဆက်စပ်နေဖွယ်ရှိသော သတင်းများ ထွက်ပေါ်လာခြင်းမှာ မြန်မာနိုင်ငံ၏ သတင်း မီဒီယာသမားများ၏ လုံခြုံရေး သာမက တရားဥပဒေ စိုးမိုးရေးကိုပါ အကြီးအကျယ် စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။
ကွယ်လွန်သွားသူ ကိုစိုးမိုးထွန်းသည် မုံရွာဒေသရှိ သစ်မှောင်ခို လုပ်ငန်းများ၊ တရားမဝင် ဖျော်ဖြေရေး လုပ်ငန်းများကို စုံစမ်းဖော်ထုတ် ရေးသားလေ့ရှိသူ တစ်ဦးဖြစ်ပြီး မကွယ်လွန်မီ ရက်ပိုင်းအတွင်းက သစ်မှောင်ခို သတင်းများ၊ မှောင်ခိုလုပ်ငန်းနှင့် ဆက်စပ်နေသူများ၏ တယ်လီဖုန်းနံပါတ်များ စုံစမ်း ဖော်ထုတ်ကာ ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် အများပြည်သူ သိရှိစေရန် ဖွင့်ချထားခဲ့သူ ဖြစ်သည်။
မြန်မာနိုင်ငံတွင် အကြီးဆုံး မြို့ကြီးများအနက် တစ်မြို့ အပါအဝင် ဖြစ်သော မုံရွာကဲ့သို့ နေရာမျိုးတွင် သတင်းထောက် တစ်ဦး အသတ်ခံရခြင်းမှာ ပထမဦးဆုံး ဖြစ်သည့်အပြင် လက်ရှိ အစိုးရ လက်ထက်တွင် ပထမဦးဆုံး အသတ်ခံရသည့် သတင်းထောက်လည်း ဖြစ်သည်။
မုံရွာမြို့သည် ကုန်ခဲ့သည့် အနှစ် လေးဆယ်ကျော်ခန့်က အိန္ဒိယနိုင်ငံ နယ်စပ်မှတစ်ဆင့် ရေကြောင်း၊ ကုန်းကြောင်းဖြင့် ဝင်ရောက်လာသော အိန္ဒိယ ထုတ်ကုန်ပစ္စည်းမျိုးစုံ မှောင်ခိုတင်သွင်းဖြန့်ချိရာ ဗဟိုဌာနအဖြစ် များစွာ အသက်ဝင် လှုပ်ရှားခဲ့သောမြို့ ဖြစ်သည်။
၁၉၉ဝ ပြည့်လွန်နှစ်နောက်ပိုင်း ဈေးကွက် စီးပွားရေးစနစ် ပွင့်လင်းစ တွင်မူ အိန္ဒိယ ထုတ်ကုန်များကို ရန်ကုန်နှင့် မန္တလေးမြို့တော်များမှတစ်ဆင့် လက်ကား ကုန်သည်ကြီးများက တိုက်ရိုက် ကုန်သွယ်လာကြသောကြောင့် မုံရွာမြို့၏ အိန္ဒိယပစ္စည်း မှောင်ခိုဈေးကွက် နေရာတွင် အထက်ချင်းတွင်း တစ်ကြောမှ သစ်မှောင်ခို လုပ်ငန်းများ အစားထိုး ဝင်ရောက် လာခဲ့သည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။
သစ်မှောင်ခို သမားများသည် မည်သည့်နေရာတွင်မဆို လိုအပ်လာပါက ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ သတ်ဖြတ်၊ မီးရှို့ခြင်းများကို လက်မရွံ့ ကျူးလွန်တတ်သူများဖြစ်ကြောင်း မြန်မာနိုင်ငံ တစ်ဝန်းရှိ သစ်မှောင်ခို ဒေသများမှ တရားဝင် ထုတ်ပြန်သော အမှုအခင်းများကို လေ့လာကြည့်လျှင် သိရှိနိုင်ပေသည်။
မကြာသေးခင် လပိုင်းအတွင်းကပင် သစ်မှောင်ခို သတင်းများ ရေးသား သည့် The Voice သတင်းစာ၏ သပိတ်ကျင်းမြို့နယ် အခြေစိုက် သတင်းထောက် ကိုတင်ဇော်ဦးနှင့် ၎င်း၏ မိသားစုကိုလည်း သစ်မှောင်ခိုသမားများက အိမ်တိုင်ရာရောက် လာရောက် ခြိမ်းခြောက်ခဲ့ခြင်းကြောင့် မိသားစုနှင့်အတူ ပြင်ဦးလွင်မြို့သို့ သွားရောက် တိမ်းရှောင်ခဲ့ရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ သပိတ်ကျင်းမြို့နယ်ရှိ သက်ဆိုင်ရာ နယ်မြေခံ ရဲစခန်းနှင့် မြို့နယ် ရဲတပ်ဖွဲ့ထံ အသိပေး တိုင်ကြားခဲ့သော်လည်း ယနေ့အချိန်အထိ ခြိမ်းခြောက်သော သစ်မှောင်ခိုသမားများကို သိသာ ထင်ရှားသော သတိပေး၊ အရေးယူမှု မရှိသေးခြင်းမှာ သစ်မှောင်ခိုသမားများ၏ မလျော်သြဇာ ကျယ်ပြန့်မှု၊ လက်တံရှည်လျားမှုကို သတိပြုစရာ ဖြစ်စေခဲ့သည်။
ယနေ့ သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရခြင်း၏ နောက်ကွယ်တွင် အများက သံသယ ရှိနေသကဲ့သို့ သစ်မှောင်ခိုသမားများ ပတ်သက်မှု ရှိ မရှိ လတ်တလောအားဖြင့် အတိအကျ ပြောရန် ခဲယဉ်းသော်ငြား ယင်းသို့ ပတ်သက်နေပါက များစွာ ကြီးမားကျယ်ပြန့်သော ကွန်ရက်ရှိနေသည့် မုံရွာ အခြေစိုက် သစ်မှောင်ခိုလောက အနေနှင့် မဖြစ်၊ ဖြစ်သည့်နည်းဖြင့် အမှုမှန် ပေါ်ပေါက်ရေး တားဆီးနှောင့်ယှက်ဖွယ် ရှိနေသောကြောင့် မုံရွာအခြေစိုက် ရဲတပ်ဖွဲ့ အင်အားဖြင့် လုံလောက်ဖွယ် မရှိပေ။
သတင်းထောက် တစ်ဦး အသတ်ခံရခြင်း ဖြစ်သော်လည်း နောက်ကွယ်တွင် မသင်္ကာဖွယ်ရာ ကိစ္စများ ရှိနေခြင်းကြောင့် ယင်းအမှုကို မှန်ကန်စွာ စုံစမ်းဖော်ထုတ် အရေးယူပြခြင်းအားဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အပါအဝင် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အစိုးရတို့အပေါ်တွင် မုံရွာဒေသခံ ပြည်သူများ သာမက တစ်နိုင်ငံလုံးမှ သတင်းမီဒီယာ လောကသားများ၊ ပြည်သူများက မေးခွန်းပေါင်း များစွာ မေးလာနိုင်ခြင်းကို ကောင်းမွန်စွာ ဖြေရှင်းရာ ရောက်ကြောင်း သိစေအပ်ပေသည်။
အယ်ဒီတာ (၁၃-၁၂-၂ဝ၁၆)
...............................
Editorial, The Voice Daily, Vol-4/No-212

posted from Bloggeroid
No comments:
Post a Comment