Saturday, December 17, 2016

ငါန်းမြာကြီးသတင်း

ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာအုပ်စုတွင် တောင်သူများအကြား မြေနုကျွန်းခွဲဝေရာတွင် အငြင်းပွားမှုဖြစ်ပွား
===================================================
သုတ
ငါန်းဇွန် ဒီဇင်ဘာ ၁၆
===============
ငါန်းဇွန်မြို့နယ် ငါန်းမြာကျေးရွာ အုပ်စုတွင်နေထိုင်သော တောင်သူ များအကြား မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မြေ စာရင်းဦးစီးဌာနမှ မြေနုကျွန်းခွဲဝေ ပေးအပ်ရာတွင် မြေနုကျွန်းခွဲဝေမှု ပိုင်းဆိုင်ရာ မြေယာပိုင်ဆိုင်မှုအငြင်း ပွားမှုတစ်ရပ် ယခုလ ၁၄ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
မြို့နယ်မြေစာရင်းဦးစီးဌာန၏ မြေနုကျွန်း သတ်မှတ်ချက်များအရ ငါန်းမြာကျေးရွာအုပ်စုအတွင်း မြေ ဧက၁၉၁၆ဧကကို အဆိုပါအုပ်စု အတွင်းနေထိုင်သော တောင်သူ ဦးရေ ၁၈၇၇ဦးအား အချိုးကျ ခွဲဝေနိုင်ရန် စီစဉ်ခဲ့သော်လည်း အဆိုပါ မြေနုကျွန်းများပေါ်တွင် နှစ်စဉ် စိုက်ပျိုးလုပ်ကိုင်ခဲ့သော တောင်သူ ၈၄၈ဦးမှ ၄င်းတို့စိုက်ပျိုး လျက်ရှိသည့် မြေဧက ၁၁၄၄ ဧက သည် ယခင်အစိုးရအဆက်ဆက် က လက်ရှိနေရာတွင်သာ ပုံမှန် စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိသဖြင့် ခွဲဝေ သည့် မြေနုကျွန်းအမျိုးအစားတွင် မပါဝင်သည့်အတွက် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြေနု ကျွန်းခွဲဝေပေးမှုအား လက်မခံနိုင် ကြောင်း၊ လက်ရှိအချိန်တွင်လည်း သီးနှံများ စိုက်ပျိုးပြီးဖြစ်သော ကြောင့် သက်ဆိုင်ရာမှ မြေနုကျွန်း ခွဲဝေမှုများကို ရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြသည်။
မြေယာခွဲခြမ်းရေး ပြဿနာ ဖြစ်ပွားနေသည့် ငါန်းမြာကျေးရွာ သို့ရောက်ရှိနေသော ငါန်းဇွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ''ကျွန်တော်က အစိုးရဝန်ထမ်း တစ်ဦးဖြစ်လို့ အထက်အဆင့်ဆင့် က ညွှန်ကြားချက်ကို လေးစား လိုက်နာပြီး ဥပဒေနဲ့အညီ ဆောင် ရွက်ရပါတယ်။ ငါန်းမြာမှာ မြေယာ ခွဲခြမ်းရေးနဲ့ပတ်သက်ပြီး သူတို့ ရွာသူရွာသားအချင်းချင်း ညှိနှိုင်း မရလို့ ခုလိုပြဿနာတွေ ဖြစ်လာရ တယ်လို့ ယူဆပါတယ်။ ကျွန်တော် တို့ အခုလာတယ်ဆိုတာကလည်း ယခုလ ၁၂ရက်က ကျွန်တော့်ကို အထက်ကနေ မြေယာခွဲပေးဖို့ အမိန့်စာရောက်လာလို့ ရွာသူ ရွာသားတွေ အချင်းချင်းပြဿနာ တွေမဖြစ်အောင်ထိန်းသိမ်းဖို့လာ ရတာပါ။ အခုလည်း မြေယာခွဲဖို့ မလိုလားတဲ့တောင်သူနဲ့ ခွဲချင်တဲ့ တောင်သူဆိုပြီး အုပ်စုနှစ်ခုကွဲနေ တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက် နေရပါတယ်။ မြေယာခွဲခြမ်းမှုကို မလိုလားတဲ့ တောင်သူတွေအနေနဲ့ မြေရင့်ကျွန်းအဖြစ်သတ်မှတ်ဖို့ တင်ပြလာမှုက ကျွန်တော်ဒီမြို့နယ် မှာ တာဝန်ထမ်းဆောင်တဲ့ တစ်နှစ် အတွင်းတော့ မရှိသေးပါဘူး။ သူတို့အနေနဲ့ သူတို့ရဲ့မြေဟာ မြေရင့် ဖြစ်ကြောင်း အထောက်အထား ပြည့်ပြည့်စုံစုံနဲ့ တင်ပြလာရင်တော့ အဆင့်ဆင့်ပြန်လည်တင်ပြပြီး တိုင်း ဒေသကြီးအစိုးရက မြေရင့်ကျွန်း အဖြစ် သတ်မှတ်ပေးရင်တော့ အဆင်ပြေသွားလိမ့်မယ်လို့ ထင်ပါ တယ်''ဟု ရှင်းလင်းပြောကြား ခဲ့သည်။
''ကျွန်တော်တို့ တောင်သူတွေ အနေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့နေရာ တွေမှာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်လာတာ နှစ်ပေါင်း ၄ဝ လောက် ရှိပါပြီ။ အစိုးရအဆက် ဆက်က မြေနုကျွန်းခွဲဝေပေးတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှု မရှိခဲ့ ပါဘူး။ အခုဒီမိုကရေစီ အစိုးရ လက်ထက်ကျမှ မြေနုကျွန်းခွဲဝေမှု ပြဿနာတွေ ဖြစ်လာရတာပါ။ ကျွန်တော်တို့ နှစ်ပေါင်းများစွာ စိုက်ပျိုးလာတဲ့ ဒီမြေနေရာတွေဟာ ကျေးရွာနေလူထုကို နှစ်စဉ်ခွဲခြမ်း ပေးတဲ့ မြေနုကျွန်းအမျိုးအစားထဲ မပါပါဘူး။ ပြီးခဲ့တဲ့အစိုးရလက် ထက်တုန်းကတော့ လက်ရှိစိုက်ပျိုး နေတဲ့နေရာတွေကို ခွဲဝေစရာမလိုဘဲ ကိုယ့်နေရာကို စိုက်ပျိုးခွင့်ရတဲ့ မြေရင့်ကျွန်းအဖြစ် လျှောက်ခဲ့ဖူး ပါတယ်။ပြီးခဲ့တဲ့အစိုးရလက်ထက် ကနေ လက်ရှိဒီမိုကရေစီအစိုးရ လက်ထက်အထိ ဘာအခက်အခဲ တွေကြောင့် ကျွန်တော်တို့မြေနေ ရာတွေကို မြို့နယ်မြေစာရင်းက မြေရင့်ကျွန်းအဖြစ် သတ်မှတ်မပေး သေးတာလဲဆိုတာကိုကျွန်တော်တို့ နားမလည်နိုင်ဘူးဖြစ်နေပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ကျွန် တော်တို့အနေနဲ့ တောင်းဆိုချင်တာ ကတော့ မြေနုကျွန်းခွဲရေးအစီအစဉ် တွေကို လောလောဆယ် မလုပ်ပေး ဖို့ရယ်နဲ့ ကျွန်တော်တို့နှစ်ပေါင်းများ စွာ အစဉ်အဆက်စိုက်ပျိုးလာတဲ့ နေရာတွေကို နှစ်စဉ်ခွဲဝေပေးလေ့ရှိ တဲ့ မြေနုကျွန်းအဖြစ် မသတ်မှတ်ဘဲ ခွဲဝေစရာမလိုတဲ့ ကိုယ့်နေရာကို နှစ်စဉ်စိုက်ပျိုးလို့ရတဲ့ မြေရင့်ကျွန်း အဖြစ်သတ်မှတ်ပေးဖို့ မေတ္တာရှေ့ ထားပြီး အလေးအနက် တင်ပြ တောင်းဆိုချင်ပါတယ်''ဟုငါန်းမြာ ကျေးရွာမှ တောင်သူကြီးဦးဝတိုး က ပြောကြားခဲ့သည်။
ငါန်းမြာကျေးရွာအုပ်စုတွင်နေထိုင် ပြီး ဌာနဆိုင်ရာ၏ မြေနုကျွန်းခွဲဝေ ပေးမှုအားလက်မခံနိုင်သောတောင်သူ ၈၄၈ဦးအားကိုယ်စားပြု၍ တည်မြဲ ကျွန်းမြေများ ဝေခြမ်းမှုနှင့်ပတ် သက်၍ ထိခိုက်နစ်နာမှုရှိသော တောင်သူများအနေဖြင့် ရာသီအမီ လုပ်စားခွင့်ပေးပါရန် အသနားခံ တင်ပြတောင်းခံခြင်းစာအား၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၁၁ရက်နေ့စွဲဖြင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ထံလိပ်မူ၍ ပေးပို့ထားသော်လည်း လက်ရှိအချိန်တွင် ၄င်းတို့အတွက် ထူးခြားမှု တစ်စုံတစ်ရာ မရှိသေး ကြောင်းလည်း သိရသည်။

posted from Bloggeroid

No comments:

Post a Comment