Monday, December 12, 2016

ကြော်ငြာသတင်း

အာဖရိကတိုက်တွင် ပြုလုပ်မည့် Global Entrepreneurship Congress လေ့လာရေးခရီးစဉ် ၂၀၁၇ တက်ရောက်ရန် မြန်မာစွန့်ဦးတီထွင် ကိုယ်စားလှယ်အဖွဲ့အား GEN Myanmar ဦးဆောင်စေလွှတ်မည်
ခရီးစဉ်အား စားရိတ်ငြိမ်းလိုက်ပါခွင့် ပညာသင်ဆုကို စတင်စလုပ်ငန်းဖြစ်သည့် Genius Coffee မှ ပေးအပ်မည်
ရန်ကုန် ၂၀၁၆ ဒီဇင်ဘာ ၈ ရက် ။ ။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် ၅ ကြိမ် မြောက် ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင်ရက်သတ္တပတ်၏ နောက်ဆက်တွဲလှုပ်ရှားမှုအဖြစ် ၂၀၁၇ ခုနှစ်၊ မတ်လတွင် ကျင်းပပြုလုပ်မည့် Global Entrepreneurship Congress 2017 (ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင်ညီလာခံ ၂၀၁၇) တက်ရောက်ရန်နှင့် လေ့လာရေးခရီးစဉ်သွားရောက်ရန် မြန်မာစွန့်ဦးတီထွင်ကိုယ်စားလှယ်အဖွဲ့အား တောင်အာဖရိက နှင့် ကင်ညာနိုင်ငံသို့ GEN Myanmar မှ ဦးဆောင်စေလွှတ်မည် ဖြစ်သည်။
ကမ္ဘာတ၀န်းမှ စီးပွားရေးလုပ်ငန်းတည်ထောင်သူများအတွက် လုပ်ငန်းစတင်လည်ပတ်ခြင်း၊ လုပ်ငန်းသစ်များ တိုးချဲ့ခြင်းတို့ကို ကူညီနိုင်မည့်နည်းလမ်းသစ်များပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ ကျော်မှ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ သုတေသနပညာရှင်များ၊ မူဝါဒရေးဆွဲသူများနှင့် အခြားသော စတင်စလုပ်ငန်းရှင် ထောင်ပေါင်းများစွာ စုဝေးတက်ရောက်ကြမည့် Global Entrepreneurship Congress အား နှစ်စဉ်နှစ်တိုင်းကျင်းပခြင်းဖြစ်သည်။ ရက်သတ္တပတ်နီးပါးကြာမြင့်မည့် အဆိုပါညီလာခံတွင် နိုင်ငံပေါင်းစုံမှ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အဆက်အသွယ်ကောင်းများရယူခြင်း၊ အသိအမြင်ကောင်းများ ရရှိနိုင်ခြင်း၊ ရှာဖွေတွေ့ရှိမှု အသစ်များအား လေ့လာနိုင်ခြင်း စသဖြင့် ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်ရန် ပြင်ဆင်မှုများပြုလုပ် နိုင်မည်ဖြစ်သည်။
အဆိုပါ ကမ္ဘာလုံးဆိုင်ရာစွန့်ဦး တီထွင်ညီလာခံကို တောင်အာဖရိကနိုင်ငံ၏ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အဓိကအဆောက်အအုံဖြစ်သည့် စတင်စလုပ်ငန်းများဗဟိုဖြစ်ရာ ဂျိုဟန်နက်စ်ဘက်ခ်မြို့တွင် ၂၀၁၇ မတ်လ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။ လေးရက်ကြာကျင်းပမည့် ညီလာခံပြီးနောက် Global Entrepreneurship Study Tour လေ့လာရေး ခရီးစဉ်စတင်ရန် GEN Myanmar မှ စီစဉ်ထားသည်။ အဆိုပါလေ့လာရေး ခရီးစဉ်မှာ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘက်ခ်မြို့နှင့် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တို့တွင် တည်ရှိသောအာဖရိကတိုက်၏ အကောင်းဆုံး စွန့်ဦိးတီထွင်လုပ်ငန်းဆိုင်ရာဗဟိုနှစ်ခုရှိ တာဝန်ရှိသူများနှင့် မြန်မာ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား တွေ့ဆုံချိတ်ဆက်ပေးမည့် ခရီးစဉ်ဖြစ်သည်။
GEN Myanmar ၏ Program Manager ဖြစ်သူ ကိုဝင်းကိုကိုအောင်က “ စတင်စလုပ်ငန်းတွေဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားကောင်းတဲ့ အင်ဂျင်တစ်လုံးလိုပါပဲ။ ဒါ့ကြောင့်ပဲ GEN Myanmar အနေနဲ့ ပြည်တွင်းက စတင်တည်ထောင်စလုပ်ငန်းတွေကို ကူညီပံ့ပိုးမှုတွေ ပေးနေရခြင်း ဖြစ်ပါတယ်။ အာဖရိကကို သွားမယ့် Global Entrepreneurship Congress လေ့လာရေးခရီးစဉ်ဟာ တစ်သက်မှာတစ်ခါသာရနိုင်တဲ့ အခွင့်အရေးတစ်ခုပါ။ မြန်မာ့စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတကာက စွန့်ဦိးတီထွင်သူတွေဆီက အများကြီးသင်ယူလေ့လာနိုင်ပြီး ဒီအတွေ့အကြုံတွေ၊ အသိအမြင်ဗဟုသုတတွေကို ပြန်လည်ယူဆောင်လာနိုင် မှာ ဖြစ်ပါတယ် ” ဟု ပြောကြားသည်။
Genius ကော်ဖီမှ အဆိုပါ လေ့လာရေးခရီးစဉ်တွင် စားရိတ်ငြိမ်းလိုက်ပါနိုင်မည့် ပညာသင်ဆုတစ်ခုကို မြန်မာ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးအား ရွေးချယ်ပေးအပ်မည် ဖြစ်သည်။ အာဖရိကသို့ လေ့လာရေးခရီးစဉ်လိုက်ပါလို သော်လည်း ငွေကြေးပိုင်းမတတ်နိုင်သည့် စွန့်ဦးတီထွင်လုပ်ငန်းစတင်စလူတစ်ဦးအတွက်အလွန်ကောင်းမွန်သည့် အစီအစဉ်ဖြစ်ပြီး လျင်မြန်စွာတိုးတက်ဖွံ့ဖြိုးတိုးတက်လျက်ရှိသော ကမ္ဘာ့စွန့်ဦးတီထွင်လှုပ်ရှားမှုကို ချိတ်ဆက်နိုင် မည်ဖြစ်သည်။ Genius ကော်ဖီ ပညာသင်ဆုအား အသက် ၁၈ နှစ်ပြည့်ပြီး အင်္ဂလိပ်စာကျွမ်းကျင်စွာရေးသား ပြောဆိုနိုင်သူ မြန်မာနိုင်ငံသားအားလုံး လျှောက်ထားနိုင်သည်။ ထို့ပြင် သက်တမ်းရှိနိုင်ငံကူးလက်မှတ်တွင် အနည်းဆုံး စာမျက်နှာအလွတ် နှစ်မျက်နှာရှိရမည်ဖြစ်ပြီး ၁၁ ရက်တာ လေ့လာရေးခရီးစဉ်ပြီးဆုံးသည်အထိ အတူတကွလိုက်ပါနိုင်သူ ဖြစ်ရမည် ဖြစ်သည်။
Genius ကော်ဖီတည်တောင်သူလုပ်ငန်းရှင် ဦးငွေထွန်းက “ကလေးသူငယ်တွေ၊ တောင်သူ လယ်သမားတွေက အစ စတင်စ နည်းပညာလုပ်ငန်းတွေစတဲ့ ကျွန်တော်တို့ ဒေသတွင်းအဖွဲ့အစည်းအတွင်းက လူတွေကို ကူညီပံ့ပိုး ပေးခြင်းဟာ Genius (ဥာဏ်ကြီးရှင်) ကော်ဖီရဲ့ခိုင်မာတဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။ Genius ကော်ဖီအနေနဲ့ နိုင်ငံတကာက မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ တန်ဖိုးကို သိနားလည်ပါတယ်။ ကျွန်တော်တို့ ကော်ဖီိတွေကို ရှမ်းပြည်တောင်ပိုင်း ရွာငံမှာ စိုက်ပျိုးပြီး ဂျပန်၊ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ စင်ကာပူနိုင်ငံတွေကို တင်ပို့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်နိုင် ဖို့ အကူအညီအများကြီး ပေးချင်ပါတယ် ” ဟု ပြောကြားသည်။
Genius ကော်ဖီမှ ပေးအပ်ချီးမြှင့်မည့် ပညာသင်ဆုသည် ဒေသတွင်း၊ နိုင်ငံတကာလေကြောင်းခရီးစဉ်စားရိတ် များ၊ ဒေသတွင်းသယ်ယူပို့ဆောင်ရေး၊ ခရီးစဉ်တလျှောက် စီစဉ်ထားရှိသော တည်းခိုနေထိုင်စားသောက်စားရိတ် များ အပါအ၀င် လေ့လာရေးခရီးစဉ်ကုန်ကျစားရိတ်အ၀၀ကို ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။ အမျိုးသမီးများ၊ တိုင်းရင်းသားများနှင့် ကျေးလက်ဒေသစွန့်ဦးတီထွင်လုပ်ငန်းရှင်များအား အထူးဦးစားပေးမည် ဖြစ်သည်။ Genius ကော်ဖီ ပညာသင်ဆုကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပြီး ဆုရရှိသူ ကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာမည် ဖြစ်သည်။ Global Entrepreneurship Congress လေ့လာရေးခရီးစဉ်နှင့် ပက်သက်ပြီး ပိုမိုသိရှိလို၍ဖြစ်စေ၊ စားရိတ်ငြိမ်းလိုက်ပါခွင့် ပညာသင်ဆုကို လျှောက်ထားလို၍ ဖြစ်စေ GEN Myanmar ၏ Facebook စာမျက်နှာဖြစ်သည့် “Global Entrepreneurship Network Myanmar” တွင် ၀င်ရောက်ကြည့်ရှုနိုင်သည်။
ယခုပညာသင်ဆုသည် ပြိုင်ပွဲတစ်ခုမဟုတ်ကြောင်း GEN Myanmar နှင့် Genius ကော်ဖီတို့မှ အလေးအနက် ထားအသိပေးအပ်ပါသည်။ ယခုပညာသင်ဆုအား စွန့်ဦးတီထွင်သူ၊ စတင်စလုပ်ငန်း ၀န်ထမ်း၊ စီးပွားရေးဆိုင်ရာ လမ်းညွှန်ပြသအကြံပေးသူများ၊ ရင်းနှီးမြှုပ်နှံသူများ၊ စတင်စလုပ်ငန်းများအဖွဲ့အစည်းအတွင်းရှိ ခေါင်းဆောင်(သို့) တက်ကြွသော အဖွဲ့ဝင်၊ လေ့လာမှုအတွေ့အကြုံများကို စတင်စလုပ်ငန်းများအဖွဲ့အစည်းများထံသို့ ပြန်လည် ဝေမျှနိုင်သူ စသည့် စံနှုန်းနှင့်ကိုက်ညီသူများကို ရွေးချယ်ပေးအပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံ ရန်ကုန်မြို့မှ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘက်ခ်မြို့သို့ ၂၀၁၇ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် စတင်ထွက်ခွာသွားမည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လေးရက်တာကြာမြင့်မည့် GEC Congress ကို တက်ရောက်ပြီးနောက် ဂျိုဟန်နက်စ်ဘက်ခ်မြို့တွင် နှစ်ရက်တာ လေ့လာကြမည် ဖြစ်သည်။ ထို့နောက် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၇ ခုနှစ် မတ်လ ၁၉ ရက်တွင် ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့သို့ ဆက်လက်ထွက်ခွာ ကာ နှစ်ရက်ကြာလေ့လာမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာ လာမည်ဖြစ်သည်။ တွေ့ဆုံပွဲများ၊ လေကြောင်းခရီးစဉ်များ၊ သီိးသန့်သယ်ယူပို့ဆောင်ရေးနှင့် နေထိုင်တည်းခိုခြင်း အပါအ၀င် ခရီးစဉ်တစ်ခုလုံးကို GEN Myanmar မှ စီစဉ်ခြင်းဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင်ကွန်ယက် - မြန်မာ (Global Entrepreneurship Network-Myanmar) အား အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ(USAID)၏ အထောက်အပံ့ပေးထားသည့် Building Markets မှ ဦးဆောင်ကျင်းပခြင်းဖြစ်သည်။
Global Entrepreneurship Congress လေ့လာရေးခရီးစဉ်နှင့် ပက်သက်ပြီး ပိုမိုသိရှိလို၍ဖြစ်စေ၊ စားရိတ်ငြိမ်း လိုက်ပါခွင့် ပညာသင်ဆုလျှောက်ထားလို၍ဖြစ်စေ http://bit.ly/GENMyanmar_GeniusCoffee_ Scholarship တွင် ၀င်ရောက်ကြည့်ရှုနိုင်သည်။
###

Global Entrepreneurship Congress အကြောင်း

posted from Bloggeroid

No comments:

Post a Comment