ဒေါ်အောင်ဆန်းစုကြည်ပြောပြသည့် ရာမာယဏ(၃)
---- ------ ------ ------ ------ ------
အဲဒီတော့ ပထ၀ီမြေကြီးရဲ့ မင်းဖြစ်တဲ့ သီတာ မိဖုရားရဲ့ ဖခင်အစစ်က
ပြန်ပြီးတော့ လက်ခံရယူတယ်။ လက်ခံတော်မူတော့ ဇာတ်လမ်းက အဲသည်မှာပြီးသွားပြီ။
ဒီတော့ ဇာတ်လမ်းက ကျွန်မတို့အများကြီး စဉ်းစားစရာရှိတယ်။ စဉ်းစားစရာရှိတယ်ဆိုတာ နိုင်ငံရေးအမြင်နဲ့ အများကြီး စဉ်းစားစရာရှိတယ်။ ကျွန်မတို့ အရှေ့တိုင်း အင်မတန်မှ သြဇာအာဏာလွှမ်းမိုးတဲ့ ဇာတ်လမ်းတခု
ဖြစ်တယ်။
ကျွန်မတို့ အရှေ့တိုင်းသူ၊ အရှေ့တိုင်းသားများဟာ ဘယ်လောက် နိုင်ငံရေး အမြင်ရင့်ကျက်လဲဆို တာကို ပြတယ်လို့ ကျွန်မက ဒီလိုပဲမြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အမည်းနဲ့အဖြူ၊ အကောင်းနဲ့အဆိုး ဒီလိုချည်းပဲလည်း မဟုတ်ဘူး။ ရာမမင်းရဲ့ ခမည်းတော်ဆိုရင်လည်း
ကောင်းတာရှိတယ်။ ဆိုးတာရှိတယ်။
အင်မတန်မှ ကောင်းတဲ့ မင်းကြီးဖြစ်ခဲ့သော်လည်း သူ့အပြစ်တွေ ရှိခဲ့တာကြောင့်မို့ ဒီအပြစ်တွေရဲ့ ၀ဋ်ကြွေးကို သူ ဆပ်သွားရတယ်။
ရာမမင်းဆိုရင်လည်း မင်းတပါးအနေနဲ့ အင်မတန်မှကောင်းတဲ့ မင်းပဲ။ ဒါပေမယ့်လည်း တကယ် ကြည့်လိုက်တဲ့ အခါကျတော့ သူ့ရဲ့မိဖုရားကြီးအပေါ်မှာ မျှမျှတတ မဆက်ဆံခဲ့ဘူး။
သီတာမိဖုရားပြောချင်တာက သူဖြူစင်သန့်ရှင်းမှန်း သိရဲ့သားနဲ့ သူများပြောတာ ဘာဖြစ်လို့နားထောင်ရလဲဆိုတာကို ပြောတာ။ဒီတော့ဒါကျွန်မတို့အတွက်
အများကြီးစဉ်းစားစရာဖြစ်တယ်။ ကျွန်မတို့ ပြောတယ်မဟုတ်လား။
ဒီမိုကရေစီဆိုတာ အကောင်းကြီးပဲ မဟုတ်ဘူး။ သူ့ရဲ့အားနည်းချက်တွေရှိတယ်ဆိုတော့ ဒီကိစ္စဟာ ဒီမိုကရေစီရဲ့ အားနည်းချက်တခုကို ထောက်ပြတယ်လို့ ကျွန်မပြောချင်တယ်။
အများကနေ အလကားသက်သက် သွားပုပ်လေလွင့်၊ အားအားယားယား
ပြောနေတဲ့ကိစ္စတွေဟာ တခါတလေ ဒီမိုကရေစီမှာလည်း လွှမ်းမိုးတတ်တယ်။ အဲဒီဟာတွေကို ကျွန်မတို့အများကြီး သတိထားရမယ်။
ကျွန်မကတော့ ထင်တယ်။ အခုခေတ်လို အခြေအနေဆိုရင် သတင်းစာတွေဘာတွေရှိပြီးတော့ သတင်းစာလွတ်လပ်ခွင့်ရှိတယ်ဆိုရင် သီတာမိဖုရားကြီးဘက်ကနေပြီးတော့ ရေးပေးမယ့် သတင်းစာတွေ အများကြီးရှိမှာပဲလို့ ကျွန်မထင်တယ်။ အဲဒီလိုသာရှိခဲ့ရင် သက်သက်၊ အားအားယားယား အတင်းပြောနေတဲ့ လူတွေကြောင့် ဒီမိဖုရားကြီးဟာ
ပြည်နှင်ဒဏ် အပေးခံရမှာမဟုတ်ဘူးလို့ ကျွန်မက ဒီလိုမြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သီတာမိဖုရားဘက်ကရပ်တည်တဲ့ သတင်းစာတွေက ရေးကြမှာကိုး။
ဘယ့်နှယ့် မီးထဲဝင်တာတောင်မှမလောင်တဲ့မိဖုရားဟာမဖြူစင်ဘဲရှိနိုင်ပါ့မလား။
မင်းတို့မှန်ရင် မင်းတို့ရဲရင်၊ စွပ်စွဲနေတဲ့လူတွေ မီးထဲဝင်ကြလို့ ပြောမှာပေါ့။ စွပ်စွဲနေတဲ့ လူတွေကရော မီးထဲကိုဝင်ပြရဲမလား။ ၀င်ရင်ရော သူတို့ဟာ မလောင်ဘဲနေမလား။ ဒါတွေဟာ အများကြီး စဉ်းစားစရာဖြစ်တယ်။
အဲဒါကြောင့် ရာမဇာတ်တော်ကြီးဟာ နိုင်ငံရေး ပညာအများကြီးပဲ ပါပါတယ်။ ဒါဟာကျွန်မတို့ ဒီမို ကရေစီလိုအပ် တယ်ဆိုတာ ကျွန်မတို့အရှေ့တိုင်း ယဉ်ကျေးမှုအရ အထောက်အထားတွေ အမျာကြီးပြနိုင်ပါ တယ်။ အဲဒီလို အဘက်ဘက်ကပေါ့လေ။
နိုင်ငံရေး အမြင်နဲ့ စဉ်းစားတဲ့ဇာတ်တွေဟာ ကမ္ဘာကြီးမှာ နည်း ပါတယ်။ အများအားဖြင့် ပုံပြင်တွေ၊ ဒဏ္ဍာရီတွေဆိုရင် နောက်ဆုံးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးသွားတာတို့ ဒါမှ မဟုတ်ရင်လည်း သိပ်ပြီးတော့ စိတ်ညစ်စရာကောင်းတဲ့ ဟာတွေဆိုရင်လည်း တယောက်မှ မကျန်အောင် အားလုံးသုတ်သင် ရှင်းလင်းပစ်လိုက်တာတို့ ဒါတွေရှိတတ်တယ်။
ဒီလို အဖြူနဲ့အမည်းတင် မဟုတ်ဘဲနဲ့ အဖြူနဲ့အမည်းကြားမှာ မီးခိုးရောင်အမျိုးမျိုးရှိတဲ့ ဇာတ်မျိုးဆိုတာဟာ သိပ်ခေတ်မီတယ်လို့ ကျွန်မတို့ ပြောနိုင်တယ်။ ဘယ်တော့မှ ခေတ်မရှိဘူးရယ်လို့ မဖြစ်သွားနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမှန်တရားဟာ ခေတ်မရှိဘူးလို့ ဘယ်တော့မှမဖြစ်ဘူး။
ဒါကြောင့် ကျွန်မတို့လိုချင်တဲ့စနစ်ဟာ ကမ္ဘာကြီးတည်သရွေ့ဒီစနစ်မျိုးဟာ လိုလားအပ်တဲ့စနစ်မျိုးကိုဖြစ်မှာပဲ။ ဒီစနစ်ဟာ ပြည်သူလူထုကို အကာအကွယ်ပေးတဲ့စနစ်လည်း ဖြစ်တယ်။ တကယ်တော့ အစိုးရများကို ကာကွယ်ပေးတဲ့စနစ်လည်း ဖြစ်တယ်။ တချို့က ဒီလိုဒီမိုကရေစီစနစ်ကို မနှစ်သက်ဘူး။ ပြည်သူလူထုကိုသာ အကာအကွယ်ပေးတဲ့စနစ်လို့ ဒီလိုထင်တယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒီမိုကရေစီ စနစ်ဟာ လူတိုင်းလူတိုင်းကို အကာအကွယ်ပေးတဲ့ စနစ်ပါ။
ကျွန်မတို့ကို တချို့ကမေးတယ်။ ဒါလည်း အားလုံးသိနေတဲ့ကိစ္စကြီးပါ။ ဒီမိုကရေစီတက်လို့ရှိရင် ဘယ် သူဘယ်ဝါကို ကလဲ့စားချေမှာလား။ မေးတယ်။ ကျွန်မကပြောတယ်။ ကလဲ့စားချေတယ်ဆိုတာဟာ ကျွန်မတို့ရဲ့ ''မူ''လည်း မဟုတ်ဘူး။ နောက်ပြီးတော့ ဒီမို ကရေစီအရ ကလဲ့စားချေတိုင်း လိုက်ချေနေလို့ရတာ မဟုတ်ဘူး။ တရားမျှမျှတတလုပ်ရတာ။
အခုပြောချင်တာက ''အရှေ့တိုင်း ဒီမိုကရေစီ'' အရှေ့တိုင်း ဒီမိုကရေစီဆိုတာဟာ တကယ်ကျတော့ ဒီမိုကရေစီအခွင့်အရေးပြည့်ဝတဲ့ ဒီမိုကရေစီကိုဆိုလို ချင်တာ ကျွန်မတို့အနေနဲ့ကတော့ အရှေ့တိုင်း ဒီမိုက ရေစီဆိုတာ အနောက်တိုင်း ဒီမိုကရေစီထက် ပိုပြီးတော့
မေတ္တာကရုဏာတရားနဲ့ပြည့်ဝတဲ့ ဒီမိုကရေစီလို့ ဒီလိုကျွန်မတို့မြင်ချင်တယ်။
ဒါကြောင့် အားလုံးအတွက် ကောင်းတဲ့စနစ် ဖြစ်ရမယ်။ တချို့ကဆိုရင် ဒီမိုကရေစီရဲ့ အဓိပ္ပာယ်ကို နားမလည်ဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရကို နားမလည်ဘူး။ အတိုက်အခံများဟာ တိုက်တယ်၊ ခိုက် တယ်ဆိုတာဟာ အာဃာတတရားနဲ့ ဖျက်ဆီးချင်လို့ တိုက်တယ်လို့ထင်တယ်။
ကိုယ့်စိတ်နဲ့ကိုယ် နှိုင်းတာ လည်း ဖြစ်နိုင်တာပေါ့လေ။ အဲသလို စိတ်တွေကလည်း အများကြီးရှိတယ်။ ဒါပေမယ့် ဒါဟာ လုံးလုံး မဟုတ်ဘူး။ အတိုက်အခံများရဲ့ အလုပ်ကိုက အစိုးရ မမှားအောင်လုပ်ဖို့ပဲ။
အစိုးရမမှားအောင်ဆိုတော့ အစိုးရမှားနေတာတွေကို ထောက်ပြရမယ်။
ထောက်ပြမှသာလျှင် မမှားအောင် လုပ်နိုင်မှာပေါ့။ ကိုယ်ဘာ မှားမှန်း မသိဘူး။ ဒါမှမဟုတ်သိရင်လည်း ဘယ်သူမှ မပြောရဲဘူးဆိုရင် ဆက်ပြီးတော့ မှားနေမှာပေါ့။
ဒီတော့ ကျွန်မတို့က အတိုက်အခံဆိုတော့ အတိုက်အခံ အလုပ်ပဲလုပ်မှာပဲ။ ဆက်ပြီးတော့ လုပ်မှာပဲ။ ဒီလိုလုပ်တာဟာ ကျွန်မတို့ကတော့ အာဃာတစိတ်နဲ့လုပ်တာ မဟုတ်ဘူး။ ကိုယ့်နှလုံးသားထဲမှာ အာဃာတ အင်မတန်မှ များနေတဲ့လူတွေကတော့ ယုံမှာမဟုတ်ဘူး။ ဒါကိုတော့ ကျွန်မတို့ဘာမှမတတ်နိုင်ဘူး။ ကျွန်မတို့ တတ်နိုင်တာ တခုပဲရှိတယ်။
အဲဒီနှလုံးသားထဲက အာဃာတတွေကို ဖျောက်လိုက်ပါလို့ ဒါပဲပြောနိုင်တယ်။ ဖျောက်လိုက်ရင်တော့ ယုံနိုင်ပါလိမ့်မယ်။
ဒီမိုကရေစီနိုင်ငံတွေကို ကြည့်ရင် ဒါသိနိုင်တယ်။
ရွေးကောက်ပွဲမတိုင်ခင် နောင်ချိန်နောင်ချိန် ချနေတဲ့သူများ ဟာ ရွေးကောက်ပွဲပြီးတော့ လက်ဆွဲနှုတ်ဆက်ပြီးတော့ ယဉ်ကျေးသိမ်မွေ့တဲ့သူများပီပီ ဆက်ဆံကြတာပဲ။ ဒါဒီမိုကရေစီ စိတ်ဓာတ်ပါပဲ။
ကျွန်မတို့အရှေ့တိုင်းယဉ်ကျေးမှုအရ ဒီလို လူပီပီနေတဲ့ စနစ်ကို အင်မတန်မှ လိုလားပါတယ်။ လူတွေကို လူလို ဆက်ဆံတဲ့စနစ်ကို အင်မတန်
လိုလားပါတယ်။ ပြည်သူလူထုကို တန်ဖိုးထားတဲ့စနစ်ကို ကျွန်မတို့ အရှေ့တိုင်းက အင်မတန်မှ လိုလားပါတယ်။
ပြီးပါပြီ။
၁၄-၉-၁၉၉၆ နေ့တွင် စာဆိုတော်နေ့
အထိမ်းအမှတ် ဟောပြောချက်၊
မူပိုင်-ဒေါ်အောင်ဆန်းစုကြည်
ကျေးဇူးတင်လွှာ
--------------
ဤစာမူပုံနှိပ်ထုတ်ဝေဖြစ်အောင် ပံ့ပိုးကူညီခဲ့သော စာရေးဆရာဒလဘန်း
(ယခု နိုင်ငံတော်သမ္မတ ဦးထင်ကျော်)-
''ဒေါ်အောင်ဆန်းစုကြည်ပြောပြသည့် ရာမာယဏ''နှင့် ''စုနှင့် မိတ်ဆက်ခြင်း'' စာအုပ်ကို ပုံနှိပ် ထုတ်ဝေခွင့်ပြုသော မူရင်းစာမူရှင်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
(ယခု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်)-
ဤစာမူအားဖော်ပြခွင့်ရအောင် နှစ်ရှည်လများ စောင့်စားကြိုးပမ်းခဲ့ရသော စာရေးဆရာမ တင်တင်ဦး-
ရာမာယဏဇာတ်တော်ကို သရုပ်ဖော်ပုံ ရေးဆွဲခဲ့ကြသော ပန်းချီကိုကျော်ညွန့်၊ ပန်းချီကိုညိုဝင်း၊ ပန်းချီအောင်ကျော်ဆန်း၊ ကိုဝင်းအောင်သူ (ပန်းချီကားများ စုဆောင်းထိန်းသိမ်းသူ) -
ဓာတ်ပုံဖြင့် ပံ့ပိုးကူညီခဲ့သော ဓာတ်ပုံဆရာ ရွှေအင်းသားခင်မောင်ဝင်း၊ ဓာတ်ပုံရွှေဖီး-
ဤစာအုပ်ဖြစ်မြောက်ရေးအတွက်အစစအရာရာပံ့ပိုးကူညီဆောင်ရွက်ပေး
သော ကဗျာဆရာ၊ စာရေးဆရာ ကိုခါး(ကွမ်းခြံကုန်း)နှင့်
အခြားသော ကိုယ်အားဖြင့်လည်းကောင်း၊ စိတ်အားဖြင့်လည်းကောင်း ပံ့ပိုးကူညီပေးခဲ့ကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ချစ်မောင်(အ၀ကျွန်း) ၂၁-၇-၂၀၁၂

posted from Bloggeroid
No comments:
Post a Comment