Sunday, July 24, 2016

ဒေါ်စုပြောပြသည့် ရာမာယဏဇာတ်တော်

ဒေါ်အောင်ဆန်းစုကြည်ပြောပြသည့် ရာမာယဏ
---- ------ ------ ------ ------ ----

ချစ်စွာသော
စာဖတ်ပရိသတ်များခင်ဗျား-

အရှေ့တောင်အာရှနှင့် ကမ္ဘာမှာပါ ထင်ရှားသည့် ဇာတ်လမ်းတခုဖြစ်သည့် ရာမာယဏ မူရင်း အိန္ဒိယဇာတ်တော်ကိုအရှေ့တေ

ာင်အာရှ
နိုင်ငံအသီးသီးတွင် ကိုယ့်မူနှင့်ကိုယ်၊ ကိုယ့်ယဉ်ကျေးမှုနှင့်ကိုယ် တင်ဆက်နေကြ။

စွဲလမ်းနှစ်သက်နေကြဆဲဖြစ်သည်။ ဤဇာတ်လမ်းပါ ရာမ၊ လက္ခဏ၊ သီတာဒေ၀ီနှင့် ဒဿဂီရိတို့ကိုလည်း အားလုံးသိပြီး ဖြစ်ပါသည်။

သို့သော် အားလုံးသိပြီးဖြစ်သော ဤ ''ရာ မာယဏ''ကို ပရိသတ်များက ထပ်မံတောင်းဆိုနေကြပါသည်။ ဇာတ်လမ်းကိုသိချင်၍ ဟုတ်မည်မထင်ပါ။

ဇာတ်ကောင်ကို သိချင်၍လည်း ဟုတ်မည်မထင်ပါ။ ဤဓမ္မနှင့်အဓမ္မ အားပြိုင်ပွဲဇာတ်လမ်း၊ နောက်ဆုံး ဓမ္မကသာ အနိုင်ရအောင်ပွဲဆင်နိုင်သည့် ဇာတ်လမ်းအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုရှုမြင်သလဲ။ ဘယ်လိုသုံးသပ်ဝေဖန်သလဲ။

ဘယ်လိုတန်ဖိုးထားသလဲ ဆိုသည်ကို သိလိုကြ၍ဖြစ်သည်။
ထို့ကြောင့် အရှေ့တိုင်း၏ တန်ဖိုး သို့မဟုတ် ရာမာယဏဇာတ်တော်ကို
ဒေါ်အောင်ဆန်းစုကြည် ဟောပြောခဲ့သမျှကို ပရိသတ်များ၏ တောင်းဆိုမှုအရ ယခုလို ထပ်မံတင်ပြလိုက်ရပါသည်ခင်ဗျား။
(အယ်ဒီတာ)
------

ကျွန်မတို့ အရှေ့တိုင်းယဉ်ကျေးမှုနဲ့ ဒီမိုကရေစီနဲ့ မထိုက်တန်ဘူးတို့၊ အရှေ့တိုင်းယဉ်ကျေးမှုအရ ပြည် သူလူထုဟာ မိမိတို့ကိုယ် မိမိတို့အုပ်ချုပ်နိုင်တဲ့ အရည်အချင်းမရှိဘူးတို့ ဒီလိုပြောတာတွေရှိခဲ့ပါတယ်။
အရင်အပတ်ကဆိုရင် အိန္ဒိယနိုင်ငံက ဇာတ်ကြီးနှစ်ခုဖြစ်တဲ့ မဟာဘာရတနဲ့ ရာမာယဏကို အခြေခံပြီးတော့ အရှေ့တိုင်းယဉ်ကျေးမှုဟာ လူထုရဲ့အခွင့်အရေးတွေ၊ လူထုရဲ့လုပ်ပိုင်ခွင့်တွေ၊ လူထုရဲ့အင်အားတွေကို ဘယ် လောက် အလေးထားတယ်ဆိုတာကို ဖော်ပြသွားချင်တယ်လို့ ကျွန်မပြောခဲ့ပါတယ်။

အရင်အပတ်ကတော့ မဟာဘာရတ ဇာတ်တော်ကြီးအကြောင်း ကျွန်မပြောခဲ့ပါတယ်။ဒီအပတ်မှာတော့ရာမာယဏဇာတ်တော်ကြီး အကြောင်း ပြောပါမယ်။ ရာမာယဏဇာတ်တော်ကြီးဆိုတော့ ကျွန်မတို့ရဲ့ ရာမဇာတ်ပေါ့လေ။ ရာမဇာတ်ဆိုတာဟာ သူတို့အိန္ဒိယမှာ ရာမာယဏလို့ ခေါ်ပါတယ်။ရာမဇာတ်တော်ကြီးဟာ
မြန်မာနိုင်ငံတင်မကပါဘူး။ အင်ဒိုနီးရှားနိုင်ငံတို့၊ ထိုင်းနိုင်ငံတို့အထိ ပျံ့ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံယဉ်ကျေးမှုတွေအပေါ်မှာ အင်မတန်မှ သြဇာလွှမ်းမိုးမှုရှိတဲ့ ဇာတ်ကြီးတခု ဖြစ်ပါတယ်။ ဒီတော့ ဒီဇာတ်ကြီးဟာ ဘာဖြစ်လို့ အရှေ့တိုင်းနိုင်ငံတွေပေါ်မှာ သြဇာလွှမ်းမိုးမှုရှိသလဲဆိုတာ စဉ်းစားဖို့လိုတယ်။ အဓိကကတော့ ရာမဇာတ်တော်ကြီးဆိုတာ မင်းကောင်းအကြောင်းပဲလို့ ဒီလိုပဲ ကျွန်မ မြင်တယ်။ ကောင်းတဲ့ မင်းများ၊ မြင့်မြတ်တဲ့မင်းများဟာ ဘယ်လိုလုပ်တယ်၊ ဘယ်လိုကိုင်တယ်၊ ဘယ်လိုဆက် ဆံတယ်၊ ဒါနိုင်ငံရေးဘက်ကကြည့်ရင် ဒါတွေ အများကြီးမြင်ပါတယ်။ ဘာသာရေးအမြင်နဲ့ပြောမှာ မဟုတ်ဘူး။ လောကီအမြင်နဲ့ ပြောမှာဖြစ်ပါတယ်။

ပထမစပြီးတော့ ဇာတ်ကြောင်းဆင်လိုက်တဲ့အခါကျတော့ ရာမမင်းသားဟာ ရာမမင်းသားရဲ့ အပြစ်ကြောင့်ပဲ ဆိုပါတော့ တောထွက်သွားရတာဖြစ်တယ်။ ဒါကတော့ ကျွန်မတို့ ဗုဒ္ဓဘာသာအမြင်နဲ့ ကြည့်ရင် ၀ဋ်လိုက်တာပေါ့လေ။ ကံကံ၏အကျိုး၊ ကိုယ်လုပ်သလိုကိုယ်ဖြစ်တာ ၀ဋ်လိုက်တဲ့အကျိုးပေါ့။ ဒီရာမ မင်းသားရဲ့ ခမည်းတော်ကြီးဟာ မင်းသား ဘ၀တုန်း က (ဒါ ဟိန္ဒူဇာတ်တော်ကြီးထဲက ကျွန်မပြောတာနော်။

ဟိန္ဒူဇာတ်တော်ကြီးထဲကဆိုတော့ မြန်မာများသိတဲ့ ရာမဇာတ်ထက် ပိုပြီးတော့ အသေးစိတ်ပါတယ်ပေါ့လေ။ အကြောင်းအရာ အသေးစိတ်ပါ ပါတယ်။) သူအရင်မင်းသားဘ၀တုန်းက တစ်ခါကျတော့ သူ တောလိုက်ထွက် တယ်တဲ့။ တောလိုက်ထွက်တဲ့အခါမှာ သူက တောတိရစ္ဆာန်တကောင် ထင်ပြီး တော့ ချိန်ပြီးတော့ ပစ်လိုက်တာ ပါ။ ပစ်လိုက်တော့ တကယ်တမ်း သွားကြည့်တဲ့အခါကျတော့ တိရစ္ဆာန် မဟုတ်ဘဲနဲ့ လူဖြစ်နေတယ်။

အဲဒီလူဟာလည်း ရသေ့လေးပေါ့လေ။ ရသေ့လေးက(ကျွန်မတို့ သုဝဏ္ဏ သာမဇာတ်နဲ့ နည်းနည်းဆင်တယ်) ရသေ့ငယ်လေးဟာ သူ့ရဲ့မျက်မမြင်တဲ့ မိဘအိုကြီးနှစ်ပါးကို လုပ်ကျွေးနေတဲ့ ရသေ့လေး ဖြစ်တယ်။ ရသေ့လေးက သူ့ရဲ့မိဘနှစ်ပါးထံ ခေါ်သွားပါဆိုပြီးတော့ ကွယ်လွန်သွားတယ်။

ကွယ်လွန်သွားတော့ မင်းသား က ရသေ့လေးရဲ့ မိဘနှစ်ပါးထံသွားပြီးတော့ ဒီလိုပဲ သူဟာမှားပြီးတော့ မြားနဲ့ပစ်လိုက်တာမို့ သူတို့သားဟာ ကွယ်လွန်သွားပြီလို့ပြောတော့ မိဘများက သူ့ကိုကျိန်ဆဲလိုက်တယ်တဲ့ ''သူတို့မှာ အားကိုးရာဆိုလို့ ဒီသားပဲရှိတယ်။

ဒါကြောင့်မို့လို့ ဒီလိုလုပ်ခဲ့တဲ့သူဟာ အသက်ကြီးလာတဲ့အခါကျရင် အားကိုးစရာ သားမရှိဘဲနဲ့ စိတ်ဆင်းဆင်းရဲရဲနဲ့ သေပါစေသောဝ်'' ဆိုပြီးတော့ ကျိန်ဆဲလိုက်တယ်လို့ ဒီလိုအပြောရှိတယ်။ နောက်ကျတော့ ဘုရင်ဖြစ်လာပြီး ရာမမင်းသားနဲ့တကွ တခြားသား တော်သုံးပါး ဖွားမြင်တော်မူတယ်။

ဖွားမြင်တော်မူပြီး ရာမမင်းသားဟာ အဘက်ဘက်က တော်တယ်။ မင်းကျင့် တရားဆယ်ပါးနဲ့ အုပ်ချုပ်မယ့်မင်းသားဆိုတဲ့ လက္ခဏာဟာ အားလုံးရှိပြီးသားဖြစ်တယ်။ ရာမ မင်းသားကို ပြည်သူလူထုကလည်း သိပ်ပြီးတော့ ချစ်တယ်။ မိမိတို့ကိုတနေ့ကျရင် ကောင်းကောင်းမွန်မွန် အုပ်စိုးသွားမယ့် ဘုရင်ကောင်းတပါးဖြစ်လာမယ်ဆိုတာ လက်ခံ ထားပြီးသား ဖြစ်တယ်။

ဒါပေမယ့် ဒီလိုအားလုံးက လက်ခံထားသော်လည်း ရာမမင်းသားရဲ့ ညီတော်ဘာရတရဲ့ မိခင်ဖြစ်တဲ့ မိဖုရားဟာ သူ့ရဲ့သားကို ဘုရင်ဖြစ်စေချင်လို့ ခမည်းတော်ကြီးကို ပြောတယ်ပေါ့လေ။ ''အရင်တုန်းက ပေးထားတဲ့ ကတိ အတိုင်း၊ သူတောင်းထားတဲ့ ဆုနှစ်ခုကိုပေးမယ်ဆိုတဲ့ ကတိအတိုင်း၊ သူ့သားကို ဘုရင်မြှောက်ပြီးတော့ ရာမမင်းသားကို ၁၄ နှစ်တိုင်တိုင် တောထွက်သွားပါစေ'' ဆိုပြီးတော့
သူ ဒီလို တောင်းဆိုတယ်။ တောင်းဆို တော့ ဘုရင်ကြီးကနေပြီးတော့ ဒါကတော့သူမလုပ်သင့်တဲ့ကိစ္စဆိုပြီးသူမလုပ်ဘူးဆိုပြီး ငြင်းတယ်။
ငြင်းပေမယ့်လည်း သူကတိမတည်ရာ ရောက်တာပေါ့။

အစတုန်းကတော့ဆုနှစ်ခုတောင်းနိုင်တယ်။ တောင်းတာပေးမယ်လို့
ပြောထားပြီးမှ အခုတော့ မပေးတော့ဘူးဆိုတော့ သူဟာ ''ကတိပျက်တဲ့မင်း'' ကတိပျက်တဲ့ဘုရင်ဆိုတာ အင်မတန်မှ ရှက်စရာကောင်းတဲ့မင်းပဲ။ ဒီတော့ သူသိပ်ပြီး ရှက်တော့သူမျက်နှာ မသာဘူး။

မျက်နှာမသာတော့ သူ့သားတော် လာတဲ့အခါကျတော့ မေးတယ်တဲ့ ဘာဖြစ်လို့ဒီလောက်တောင်မှ မျက်နှာ မသာသလဲဆိုတော့ သူက ဘုရင်ကြီးက ဘာမှမပြောခင် ဟိုမိဖုရားက ၀င်ပြီးတော့ ပြောလိုက်တယ်။
''သူ့ကို ဒီလိုကတိပေးခဲ့တယ်။

အခု ဒီလို တောင်းတဲ့အခါကျတော့ ဒီကတိကို မတည်ပါဘူး'' ဆိုပြီးတော့ ၀င်ပြောတော့ ရာမမင်းသားက (သားကောင်းများဆိုတာ ဖခင်များရဲ့ကတိတည်ရေးအတွက် ဦးတည်ပြီးတော့လုပ်ဆောင်ရမယ်) ဒါကြောင့်မို့ ခမည်းတော်ပေးခဲ့တဲ့ကတိကို တည်ပါစေ။ သားတော် တောထွက်ပါ့မယ်လို့ ဒီလိုဝန်ခံပြီးတော့ တောထွက်ခဲ့တယ်။

ဒီဇာတ်ဟာ ဘာဖြစ်လို့ လူအများကြိုက်ခဲ့သလဲဆိုတော့ ဒီဇာတ်ထဲမှာပါတဲ့ မင်းညီမင်းသား တော်တော် များများဟာ မင်းကောင်းပီသတယ်။ ရာမ မင်းသားဟာလည်း မင်းကောင်းဖြစ်မယ့် မင်းသား တစ်ပါးပီသတယ်။ ရှင်ဘုရင်ကြီးကလည်း သူ့အပြစ်တော့ သူရှိတာပေါ့လေ။

ဒါပေမယ့် သူတတ်နိုင်သမျှ၊ သူ့တိုင်းပြည်ကို တတ်နိုင်သမျှ သူ့တိုင်းပြည်ကို ကောင်းကောင်းမွန်မွန် အုပ်ချုပ်တယ်။ သူ့တိုင်းပြည်ဟာ သူ့ရဲ့အုပ်ချုပ်မှုအောက်မှာအင်မတန်မှ အေးအေးချမ်းချမ်း
ပျော်ပျော်ရွှင်ရွှင်ရှိတယ်လို့ဆိုတယ်။

ရာမမင်းသားရဲ့ညီတော်ကလည်း သူ့ကို နန်းပေးမယ်ဆိုတော့ သူကလက်မခံဘူး။ သူ့ရဲ့''နောင်တော်သာလျှင် ဘုရင်ဖြစ်ထိုက်တယ်။ သူဟာ သူ့နောင်တော်လောက်လည်း အရည်အချင်းမရှိပါဘူး'' ဆိုပြီးတော့ သူက လက်မခံဘူး။ ဟာ-ငါရရင်တော့ ယူလိုက်မယ်ဆိုတဲ့စိတ်လုံးလုံးမရှိဘူးနော်။ ဒါတောင် တရားဝင်ပေးတာ။ လုပြီးတော့ မခွဲနိုင်မခွာနိုင်တွယ်တာနေတာ မဟုတ်ဘူး။အဲဒီအချိန်မှာ ရာမမင်းသားဟာ တောထွက်သွားရှာပြီ။

ဒေါ်အောင်ဆန်းစုကြည်

အပိုင်း(၂)အားဆက်လက်ဖော်ပြပါမည်။

posted from Bloggeroid

No comments:

Post a Comment