
ဒေါ်စုနဲ့ မြန်မာသမ္မတသစ်ကို အိုဘားမား ချီးကျူး
07.04.2016 06:53
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ပြီး မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတရပ်ကို ထူထောင်နိုင်ခဲ့တဲ့အတွက် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ချီးကျုးတဲ့အကြောင်း ဧပြီလ ၆ ရက်နေ့က ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတသစ် ဦးထင်ကျော်တို့ကို တယ်လီဖုန်းဆက် ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အရပ်ဘက်က ဦးဆောင်တဲ့ အစိုးရတရပ်ထံ ဒီမိုကရေစီနည်းကျ အာဏာလွှဲပြောင်းပေးတဲ့ သမိုင်းဝင်ဖြစ်ရပ်အတွက် ဂုဏ်ယူကြောင်းနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ သမ္မတသစ် ဦးထင်ကျော်ကိုလည်း ချီးကျုးလိုတဲ့အကြောင်း သမ္မတ အိုဘားမား ကိုယ်တိုင် ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းဆက် ပြောကြားခဲ့တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ကြေညာချက်က ဖော်ပြပါတယ်။
ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်ဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှေ့တိုးဆောင်ရွက်နိုင်ဖို့ နှစ်ပေါင်းများစွာ တစိုက်မတ်မတ်နဲ့ အကြီးအကျယ် ပေးဆပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုတွေအတွက် ဂုဏ်ယူကြောင်းလည်း သမ္မတအိုဘားမားက ပြောဆိုခဲ့သလို၊ အားလုံး ပိုမိုပါဝင်နိုင်မယ့် ငြိမ်းချမ်းပြီး၊ သာယာဝပြောတဲ့ အနာဂတ်ပိုင်ဆိုင်နိုင်အောင် မြန်မာပြည်သူတွေနဲ့ အစိုးရကို အမေရိကန်က ဆက်လက် ကူညီဖို့လည်း ကတိပြု ပြောကြားသွားပါတယ်။ မကြာခင်ကျရောက်တော့မယ် အတာသင်္ကြန်ပွဲတော်နဲ့ နှစ်သစ်ကူးအခါသမယ မတိုင်ခင် သမ္မတဦးထင်ကျော်နဲ့ မြန်မာပြည်သူ တွေအတွက် သမ္မတအိုဘားမားက ဆုမွန်ကောင်း တောင်းလိုက်ကြောင်းလည်း အိမ်ဖြူတော်ရဲ့ ကြေညာချက်က ဖော်ပြခဲ့ပါတယ်။ အလားတူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဧပြီလ ၅ ရက် အင်္ဂါနေ့က သမ္မတ ဦးထင်ကျော်ကို တယ်လီဖုန်းခေါ်ဆိုခဲ့ပြီး - နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံရဲ့ ပထမဆုံး အရပ်သားသမ္မတတဦးအဖြစ် ရွေးချယ်တင်မြှောက်ခံရမှုအပေါ် ကြိုဆိုကြောင်းနဲ့ မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂက ဆက်လက် ပံ့ပိုးကူညီသွားမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။
posted from Bloggeroid
No comments:
Post a Comment