Thursday, April 21, 2016

ဆောင်းပါး

ကမ္ဘာကျော်ဂုတ်ထိပ်တံတားသို့အလည်သွားလိုသော်
( ခရီးသွားဆောင်းပါး )
~~~~~~~~~~~~~~~~~~~~~~
မြန်မာနှစ်ဆန်းတစ်ရက်နေ့ကစာရေးသူတို့မိသားစုနှင့်အိမ်နီးနားချင်းသူငယ်ချင်းများစုပေါင်း၍ ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးကိုအလည်သွားဖြစ်သည်။ဂုတ်ထိပ်တံတားကြီးမှာစာရေးသူတို့နေထိုင်ရာကျောက်မဲမြို့နှင့် ၂၃ မိုင်ကျော်အကွာသာကွာဝေးသော်လည်းမရောက်ဖြစ်။စာရေးသူငယ်စဉ်အခါကရထားစီးပြီးဂုတ်ထိပ်ပေါ်အကြိမ်ကြိမ်အခါခါဖြတ်စီးဘူးသည် အမြင့်ပေ ၁၀၀၀ နီးပါးရှိသောတံတားပေါ်တွင် ရထားစီးရတာအသည်းတအေးအေးရင်တမမဖြင့်စိတ်လှုပ်ရှားစရာကောင်းလှသည် ရှမ်းပြည်နယ်၏လှပသောတောင်တန်းနှစ်ခုမကြားဖြတ်သွားသောဂုတ်ထိပ်တံတားပေါ်မှသဘာဝပါတ်ဝန်းကျင်အလှနှင့်အတူတံတားကြီးကိုအနီးကပ်မြင်တွေ့ရသည်ဖြစ်ရာကြည်နူးခံစားမှုကဘယ်ခံစားမှုနဲ့မတူဘဲတစ်မျိုးတစ်ဘာသာဆန်းနေသည်ကတော့အမှန်ပင်ဖြစ်သည်။တံတားဘေးဘယ်ညာတွင်မည်သည့်အကာအရံမှမရှိသည့်အတွက်ပို၍ပင်အသည်ယားစရာကောင်းလှ၏ ထိုစဉ်ကတံတားပေါ်တွင်စစ်တပ်မှရဲဘော်များကလုံခြုံရေးတာဝန်ယူထားသည်ဖြစ်ရာ တံတားအောက်တွင်လုံခြုံရေးယူထားသောရဲဘော်များကိုရထားစီးလာသူများမှမုန့်ပဲသရေစာနှင့်စားသောက်ဖွယ်ရာများကိုတံတားအောက်သို့ပစ်ချကာပေးလေ့ရှိသည်ကိုမှတ်မိနေသေးသည်။ ယခုတစ်ခေါက်ရောက်သည့်အချိန်တွင်တံတားထိပ်တွင် ရဲတပ်ဖွဲ့မှတာဝန်ကျရဲနှစ်ယောက်သာစောင့်ဆိုင်းတာဝန်ယူနေသည်ကိုတွေ့ရ၏ ကျွန်တော်တို့အဖွဲ့ဂုတ်ထိပ်တံတားဆီထွက်လာခဲ့ကြသော်လည်းဂုတ်ထိပ်တံတားရောက်မည့်လမ်းကိုကားသမားကပင်မသိဖြစ်နေရာ ဂုတ်တွင်းကားလမ်းနံဘေးမှမုန့်ဆိုင်လေးကိုဝင်မေးရ၏ ထိုအခါမှဂုတ်ထိပ်ရောက်မည့်လမ်းကိုသိရသည် ဂုတ်ထိပ်တံတားအထိရောက်သည့်လမ်းမှာ ၂ လမ်းရှိသည် ပထမလမ်းမှာကျောက်မဲမှထွက်လာပြီးရွှေဖီမြိုင်မရောက်ခင်ကားလမ်းမဘယ်ဘက်နံဘေးရှိ " အဓိဋ္ဌာန်အောင်ဘုန်းကြီးကျောင်း " သို့သွားသည့်လမ်းအတိုင်းဆင်းသွားကာဘုန်းကြီးကျောင်းရောက်လျှင်ကားထား၍ ဘုန်းကြီးကျောင်းမှဆင်းလိုက်လျှင်ရထားသံလမ်းရောက်ကာ သံလမ်းအတိုင်းနာရီဝက်လောက်လျှောက်သွားလျှင်ဂူကြီးနှစ်ဂူကိုဖြတ်လိုက်လျှင်ဂုတ်ထိပ်တံတားရောက်သည့်လမ်းဖြစ်သည်။ဒုတိယလမ်းမှာကျောက်မဲမှနောင်ချိုရောက်လျှင်ကံကြီးရွာဘက်သွားသည့်လမ်းအတိုင်း ၃ မိုင်ခန့်ဝင်သွားလျှင်ကားလမ်းနံဘေးဘယ်ဘက်တွင် ဂုတ်ထိပ်သို့ဆိုသည့်လမ်းညွန်ဆိုင်းဘုတ်သေးလေးကိုမြင်တွေ့ရမည်ဖြစ်သည်။ လမ်းညွန်ဆိုင်းဘုတ်မှာအတော်လေးသေးသဖြင့်အသေအချာဂရုစိုက်ကြည့်မှမြင်ရမည်ဖြစ်၏ ဆိုင်းဘုတ်ပြထားသည့်လမ်းအတိုင်းဆက်ဝင်သွားလိုက်လျှင် ရွှေပြည်ညွန့်ရွာသို့ရောက်မည်ဖြစ်ပြီး၎င်းမှဆက်သွားလျှင်ကုန်းစုံရွာကိုရောက်ကာ ရှေ့ဆက်သွားလိုက်လျှင် ဂုတ်ထိပ်ဘုန်းကြီးကျောင်းသို့ရောက်သည် ဂုတ်ထိပ်ဘုန်းကြီးကျောင်းတွင်ကားထားကာ ၁၀ မိနစ်ခန့်လမ်းလျှောက်သွားလျှင်ဂုတ်ထိပ်သို့ရောက်သည့်လမ်းဖြစ်သည်။
ဂုတ်ထိပ်တံတားကြီးကို ၁၈၉၉ခုနှစ်ကတည်ဆောက်ခဲ့ပြီး ၁၉၀၀ ဇန်နဝါရီလ ၁ ရက်နေ့တွင်တည်ဆောက်ပြီးစီးခဲ့ပြီး ၁၉၀၃ ခုနှစ်တွင်စတင်အသုံးပြုခဲ့သည် ဂုတ်ထိပ်တံတားကြီးကို ဗမာ့မီးရထားလမ်းကုမ္ပဏီ ( Burma Railroad Company ) ကတာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဗမာ့မီးရထားဌာနမှအင်ဂျင်နီယာ Arthur Rendel ဦးစီး၍ မြန်မာအင်ဂျင်နီယာများ ဗြိတိသျှအင်ဂျင်နီယာများကတည်ဆောက်ခဲ့ရာ ဂုတ်ထိပ်တံတားကြီး၏ဒီဇိုင်းပုံစံကို ဗြိတိသျှနိုင်ငံဆာအေရင်းဒဲလ်အင်ကုမ္ပဏီကရေးဆွဲပေးခဲ့ခြင်းဖြစ်သည်။၎င်းအပြင်ဗမာ့မီးရထားဌာနက ဂုတ်ထိပ်တံတားကြီးဆောက်လုပ်ရန် အမေရိကန်နိုင်ငံပင်ဆဲလ်ဗေးနီးယားနှင့်မေရီလန်းကုမ္ပဏီတို့ကိုငှားရမ်းလုပ်ကိုင်ခဲ့သည်။ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးသို့အလည်သွားလိုသော်
တံတားကြီးကိုသံမဏိတိုင်ပေါင်း ၁၆ တိုင်ဖြင့်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားအရှည်မှာ ၂၂၆၀ ပေရှည်၍ တံတားတိုင်၏အမြင့်ဆုံးတိုင်မှာ ပေ၃၂၀ ကျော်မြင့်ပြီး အနိမ့်ဆုံးတိုင်မှာ ၄၅ ပေမြင့်သည်။ တံတားတစ်ခုလုံးအတွက် သံနှင့်သံမဏိ ၄၃၁၁ တန်နှင့်သံမှိုပေါင်းတစ်သန်းကျော်ကိုအသုံးပြုခဲ့သည်။ တံတား၏တိုင်အမှတ် ၁၆ သည်မြေပြင်ကိုထောက်ထားခြင်းမဟုတ်ဘဲ တိုင်၏အောင်ခြေတွင်ကျောက်လှိုဏ်ဂူ ၃ ခုရှိသည်။ တိုင်အမှတ် ၁၆ သည်ပထမလှိုဏ်ဂူ၏အမိုးပေါ်တွင်စိုက်ထူထားခြင်းဖြစ်သောကြောင့် တံတားအောက်ရှိချောင်းရေသည်အဝေးကကြည့်လျှင်မြင်ရသော်လည်း တံတားအောက်ခြေရောက်သည်နှင့်၎င်းချောင်းမှာပျောက်ကွယ်သွားရခြင်းဖြစ်သည်။ အဆိုပါချောင်းသည်ကျောက်လှိုဏ်ဂူ ၃ ခုစလုံးကိုဖြတ်ကျော်စီးဆင်းပြီး အဝေးတစ်နေရာမှချောင်းကိုပြန်တွေ့ရသည်ဟုဖတ်ရှုခဲ့ဘူးသည်။ ကျောက်လှိုဏ်ဂူ ၃ ခုရှိသည့်အနက် ပထမလှိုဏ်ဂူကိုဝင်ရောက်ကြည့်ရှုရသော်လည်း ကျန်ဂူနှစ်ခုစလုံးတွင် တောနေသတ္တဝါများခိုအောင်းနေထိုင်ကြသဖြင့် အန္တရာယ်များသည်ဟုသိရ၏ ပထမလှိုဏ်ဂူသို့ရောက်ရန် ပေပေါင်း၁၀၀၀ ကျော်ခန့်ဆင်းရကြောင်းသိရသည်။
ဂုတ်ထိပ်တံတားကြီး၏သက်တမ်းသည်စတင်အသုံးပြုခဲ့သည့် ၁၉၀၃ ခုနှစ်မှစတင်ရေတွက်ကြည့်မည်ဆိုပါက သက်တမ်း ၁၁၃ နှစ်ရှိနေပြီဖြစ်သည်။ သို့သော်တံတားကြီးမှာခိုင်ခံ့စွာပြန်လည်ပြင်ဆင်ထားသည်ဖြစ်၍ ယနေ့ထက်ထိတိုင်ဖြတ်သန်းသွားလာအသုံးပြုနေခြင်းဖြစ်သည်။ တံတားတစ်ခု၏သက်တမ်း ၁၀၀ ကျော်အထိအသုံးပြုနိုင်သောတံတားမှာ ကမ္ဘာပေါ်တွင်အလွန်နည်းပါးသည်သာမက နှစ် ၁၀၀ ကျော်သက်တမ်းရှိနေသောကြောင့် ရှေးဟောင်းသမိုင်းဝင်တံတားတစ်စီးအဖြစ်လည်းကောင်း ကမ္ဘာလှည့်ခရီးသည်များစိတ်ဝင်စားမှုမြင့်မားကာ ၂၀၁၄ ခုနှစ်က ၃ သန်းကျော်အထိလာရောက်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ယခုအခါ မြန်မာ့မီးရထားဌာနမှဂုတ်ထိပ်တံတားကြီးပေါ်သို့လေ့လာကြည့်ရှုနိုင်ရန် စီးလုံးငှားရထားတစ်စီးကိုငှားရမ်းနိုင်အောင်စီစဉ်ပေးခဲ့ရာ ကမ္ဘာလှည့်ခရီးသည်များသာမက မြန်မာနိုင်ငံအတွင်းမှခရီးသွားများပင်နေ့စဉ်ရာနှင့်ချီ၍ လာရောက်လည်ပါတ်လျှက်ရှိသည်ကိုမြင်တွေ့ရသည်။ စီးလုံးငှားရထားဖြင့် နောင်ချိုဘူတာရုံတွင်ငှားရမ်းစီးနိုင်ပြီး ၎င်းစီးလုံးငှားရထားမှဂုတ်ထိပ်တံတား၏ထိပ်တွင်ရပ်ပေးကာလိုက်ပါလာသောခရီးသည်များမှဂုတ်ထိပ်တံတားပေါ်တွင်အလှရှုခင်းများရိုက်နေကြသည်ကိုလည်းမြင်တွေ့ခဲ့ရသည်။ သို့ဖြစ်ပါ၍ မြန်မာသာမကကမ္ဘာကျော်ဖြစ်သည့်ဂုတ်ထိပ်တံတားကြီးသို့အလည်အပါတ်အဖြစ်လာရောက်လည်ပါတ်ကြရန် ခရီးသွားဆောင်းပါးအဖြစ်ရေးသားဖေါ်ပြလိုက်ရပါသည်။
( ကျမ်းကိုး-မြန်မာ့စွယ်စုံကျမ်း )

မင်္ဂလာထွန်း(ကျောက်မဲ)

posted from Bloggeroid

No comments:

Post a Comment