မန္တလေး အိမ်ခြံမြေဈေးနှုန်းကျဆင်းရေး အငှားအိမ်ရာနှင့် တန်ဖိုးနည်းအိမ်ရာများ လုံလောက်စွာ တည်ဆောက်ပေးရန်လို
---- ------ ------ ------ ----
မန္တလေးမြို့တွင် မြေဈေးကြီးမြင့်နေခြင်းကြောင့် ကျဆင်းအောင်လုပ်ဆောင်သွားမည်ဟု မန္တလေးမြို့တော်ဝန်မှ ပြောကြားခဲ့ခြင်းအပေါ် ယင်းကဲ့သို့ကျဆင်းရေးအတွက် အငှားအိမ်ရာများနှင့် တန်ဖိုးနည်းအိမ်ရာများ လုံလောက်စွာ တည်ဆောက်ပေးသင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင် ကိုဝင်နိုင်က ပြောသည်။
အစိုးရသစ်၏မူဝါဒနှင့်ဆောင်ရွက်မည့် အီအစဉ်များကိုစောင့်ကြည့်ခြင်းနှင့် ၀ယ်လိုအားနည်းနေခြင်းတို့ကြောင့် လက်ရှိမန္တလေးဈေးကွက်မှာ အရောင်းအ၀ယ်အေးသော်လည်း တည်ငြိမ်သည့်အခြေအနေတွင် ရှိသည်။
“အိမ်ခြံမြေဈေးနှုန်းကျဆင်းဖို့ လုပ်မယ်ဆိုရင် စိန်ခေါ်မှုကြီးတခုပါ။ လက်ရှိမြေ၀ယ်ထားတဲ့သူတွေကလည်း ၀ယ်ဈေးထက်လျှော့ရောင်းဖို့ မလွယ်ဘူး။ ငွေလိုတဲ့သူအနည်းငယ်လောက်ပဲ ရောင်းကြမှာ။ ဈေးကျဆင်းဖို့ဆိုရင် အိမ်ရာတိုက်ခန်းတွေဆောက်ပြီး သင့်တဲ့ဈေးနဲ့ ရောင်းဖို့လိုတယ်။ ဈေးများနေရင် မြေ၀ယ်ကြမှာ”ဟု ၎င်းက ပြောသည်။
မန္တလေးမြို့၌ အိမ်ခြေမဲ့များနှင့် ကျေးလက်ဒေသမှ ရောက်လာသူများက ကျုးကျော်တဲများထိုးကာ နေထိုင်လာခြင်းဖြင့် ကျုးကျော်နေထိုင်သူများပြားလာပြီး ၎င်းကိစ္စကို ဦးစွာဖြေရှင်းရန်လိုကြောင်း သိရသည်။
“မန္တလေးမှာ မြေဈေးကွက်က လှောင်ကုန်တခုလိုဖြစ်သွားတာကလည်း လူမျိုးခြားတွေရဲ့ငွေကြေးနဲ့ မြန်မာငွေလဲပြီး ဈေးကစားကြတယ်။ သူတို့ငွေတန်ဖိုးနဲ့တွက်ရင် တန်ဖိုးနည်းသွားတယ်။ မြန်မာငွေဈေးနဲ့က အဆများစွာ ကွာတယ်”ဟု ကျောက်မျက်အရောင်းအ၀ယ်သမားတဦးက သုံးသပ်သည်။
မြန်မာငွေတန်ဖိုးမှာ တရုတ်ယွမ်ငွေနှင့် အဆ ၂၀၀ ခန့်၊ ဒေါ်လာငွေတန်ဖိုးနှု့် အဆ ၁၀၀၀ ခန့်စသဖြင့် ငွေတန်ဖိုးကွာခြားမှုကြောင့် အခြားနိုင်ငံခြားသားများ မြန်မာနိုင်ငံ၏မြေဈေးကွက်တွင် လာရောက်ရင်းနှီးမြှပ်နှံပါက ၎င်းတို့ငွေကြေးအနည်းငယ်သာ ရင်းနှီးစိုက်ထုတ်ရကြောင်းနှင့် မန္တလေးသည် စီးပွားရေးအလယ်ဗဟိုတွင်ရှိသဖြင့် လာရောက်ရင်းနှီးမြှပ်နှံကြကြောင်း အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်သည်။
ခိုင်ဆက်ဝေ

posted from Bloggeroid
No comments:
Post a Comment