Wednesday, May 25, 2016

လယ်ယာမြေ

မကွေးတိုင်း အစိုးရအဖွဲ့သို့ လယ်ယာမြေမှုခင်းပေါင်း ၂၀၀၀ ကျော် စံချိန်တင်တိုင်းကြားမှု ဥပဒေသစ်ဖြင့်သာ ဖြေရှင်းနိုင်မည်ဟု လယ်/စိုက်ဝန်ကြီး ပြောကြား
---- ------ ------ ------ ----
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဒေသခံများက လယ်ယာမြေတိုင်ကြားစာပေါင်း ၂၀၀၀ကျော် စံချိန်တင် တိုင်ကြားထားမှုကို လက်ရှိ ၂၀၁၂ လယ်ယာမြေဥပဒေအရ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးဘဲ ၂၀၁၆ ဇန်န၀ါရီလတွင် လွှတ်တော်က အတည်ပြုပေးခဲ့သော အမျိုးသားမြေအသုံးချမှု မူဝါဒအရ အသစ်ထပ်မံထွက်ရှိမည့် လယ်ယာမြေဥပဒေသစ်ဖြင့်သာ ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဦးစိုးမြင့်က ပြောသည်။။

“လက်ရှိလယ်ယာမြေဥပဒေက တောင်သူလယ်သမားတွေကို အကာအကွယ်မပေးနိုင်ပါဘူး ဥပဒေက လယ်သမားတွေကို မလှုပ်နိုင်အောင် ချုပ်ကိုင်ထားတဲ့အချက်တွေပါနေပါတယ်။ အခု၂၀၁၂ လယ်ယာမြေဥပဒေကို အစားထိုးဖို့ အီးယူပညာရှင်တွေ၊ အမေရိကန်ပညာရှင်တွေနဲ့ ဆွစ်ဇာလန်ပညာရှင်တွေ ပူးပေါင်းရေးဆွဲထားတဲ့ လယ်ယာမြေဥပဒေသစ်ကတော့ ဒီကိစ္စတွေကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်”ဟု ယင်းက မေ ၂၃ ရက်တွင် News Watch သို့ ပြောသည်။

အသစ်ထွက်လာမည့် လယ်ယာမြေဥပဒေအရ တောင်သူလယ်သမားများ၏ လယ်ယာမြေပိုင်ဆိုင်ခွင့်ကို လယ်နီးချင်းတွေက ထောက်ခံရုံဖြင့် ပိုင်ဆိုင်ခွင့်ပေးထားပြီး လယ်ယာမြေကို စိတ်ကြိုက်အသုံးပြုခွင့်လည်း ပေးထားသည်။ ထိုစိတ်ကြိုက် အသုံးပြုခွင့်အရ လယ်သမားများမှာ မိမိလယ်ယာပေါ်တွင် စိတ်ကြိုက်သီးနှံ စိုက်ပျိုးနိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်၊ လက်လွှဲရောင်းချခွင့်၊ ပေါင်နှံခွင့်များဖြင့် လယ်သမားများကို အားမခံချက်မျိုးစုံပေးထားသည်ဟု ၎င်းက ပြောသည်။

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေး၏ အစီအစဉ်ဖြင့် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ ခေါင်းစဉ်များဖြင့် လယ်ယာမြေ သိမ်းဆည်းမှုအချို့ရှိနေသည်။ ယင်းသိမ်းဆည်းမြေများမှာ ရပ်ရွာဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် သိမ်းဆည်းမြေ၊ ကျောင်းရန်ပုံငွေအဖြစ် သိမ်းဆည်းမြေများလည်း ရှိသည်။ အချို့သိမ်းဆည်းခံ တောင်သူလယ်သမားများမှာ လယ်ယာမြေပိုင်ဆိုင်ခွင့်အရ လယ်ယာမြေစီမံခန့်ခွဲခွင့်အရ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့်တွင် ဖြေရှင်းနေရသည့်အပြင် တရားရုံးတွင်လည်း ရပ်ရွာအဖွဲ့အချို့၏ သီးစားခတောင်းခံခြင်းကိုလည်း နှစ်ပေါင်းများစွာ ခံစားနေရသည့်အတွက် လူမှုဘ၀အခက်အခဲများပင် ဖြစ်နေရသည်ဟု ကိုယ်တိုင်လယ်ယာမြေသိမ်းဆည်းခံထားရပြီး ရုံးနှစ်ရုံးတွင် အမှုရင်ဆိုင်နေရသူ စလင်းမြို့နယ် ကန်တိုင်ကွေ့ကျေးရွာမှ ဦးမောင်မြင့်က ပြောပြသည်။

ထိုလယ်ယာမြေသိမ်းဆည်းခံရခြင်းနှင့် လယ်ယာမြေ အရှုပ်အရှင်းတိုင်ကြားစာပေါင်း ၂၀၀၀ ကျော်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က အမှုလက်ခံထားပြီး မကြာမီထွက်ရှိလာမည့် လယ်ယာမြေဥပဒေသစ်အရ အားလုံးဖြေရှင်းပေးသွားမည်ဖြစ်သည်။ ထိုဥပဒေသစ်ထဲတွင် အမျိုးသမီးများ လယ်ယာမြေပိုင်ဆိုင်ခွင့်နှင့် အမွေဆက်ခံပိုင်ခွင့်ကိုလည်း ထည့်သွင်းပေးထားပြီး လယ်သမားများကို အပြည့်အ၀ အကာအကွယ်ပေးမည်ဟု ဆိုသည်။ ထို့ပြင် လယ်ယာမြေအနည်းအကျည်းသာ ပိုင်ဆိုင်သူများအတွက်လည်း စီးပွားရေးအရ အဆင်ပြေနိုင်မည့် အစီအစဉ်ပေါင်းများစွာကိုလည်း စီစဉ်ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

စောကျော်ဝင်း
Photo-Reuters

posted from Bloggeroid

No comments:

Post a Comment