အာဖရိကသို့ လူအသားများ တင်ပို့သည်ဆိုခြင်းမှာ မဟုတ်မှန်ဟု တရုတ် ငြင်းဆို
---- ------ ------ ------ ----
အာဖရိကနိုင်ငံများမှ ကုန်ဆိုင်များသို့ လူအသားများကို အမဲသားတံဆိပ်ကပ်၍ စည်သွပ်တင်သွင်းသည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း တရုတ်အစိုးရက အပြင်းအထန် ငြင်းဆိုလိုက်သည်။ ထိတ်လန့်ဖွယ်ရာ ဓါတ်ပုံများနှင့်တကွ လူအသားများ ပြုပြင်နေပုံဟုဆိုသော ဖေ့စ်ဘုတ်သတင်းတပုဒ် ယခုလအစောပိုင်းက တက်လာပြီးနောက် ကြိမ်ရေ နှစ်သောင်းခြောက်ထောင်ကျော် ထပ်ဆင့်ဝေငှခဲ့ကြသည်။
ယင်းစွပ်စွဲချက်ကို အာဖရိကန်သတင်းစာများကလည်း ရေးသားဖော်ပြခဲ့ကြသည်။
“အားလုံး သိကြတဲ့အတိုင်း အာရှတိုက်ဆိုတာ ကမ္ဘာပေါ်မှာ လူဦးရေ အထူပြောဆုံးနေရာ ဖြစ်တဲ့အတွက် ဒီသတင်း မမှန်ဘူးလို့ ငြင်းဖို့ခက်ပါတယ်။ တရုတ်နိုင်ငံဆိုတာ လူဦးရေ အလွန်အကျွံ ထူထပ်တဲ့နိုင်ငံဖြစ်တော့ လူသေအလောင်းတွေကို သူတို့ ဘာလုပ်မလဲ။ အဖြေကတော့ ဒီလူအသားတွေကို စည်သွပ်ဘူးသွင်းပြီး အာဖရိကကို တင်ပို့လိုက်တာပေါ့။ ဒီလိုလုပ်လိုက်တော့ အမြတ်အစွန်းလည်း ရတာပေါ့”ဟု The Daily Post ဇန်ဘီယာသတင်းစာက ရေးသားသည်။
အခြားသော အာဖရိက သတင်းဌာနများကလည်း အလားတူ သတင်းများ ရေးသားဖော်ပြခဲ့ကြသည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ဇန်ဘီယာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ယူမင်းက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
“တရုတ်မှ အာဖရိကသို့ လူအသားများ တင်သွင်းသည်ဆိုတဲ့သတင်းကို ပြည်တွင်းသတင်းစာတစောင်က ဖော်ပြခဲ့တယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ ပုံရိပ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ သေးသိမ်ရုပ်ဆိုးအောင် လုပ်ဆောင်တာပဲဖြစ်တယ်။ ကျွန်တော်တို့ လုံးဝ လက်မခံဘူး”ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ဇန်ဘီယာ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးကမူ“ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ အင်မတန်ဒေါသထွက်မိတယ်။ အပြင်းအထန် ကန့်ကွက်ရှုတ်ချပါတယ်။ ဇန်ဘီယာနဲ့ တရုတ် နှစ်နိုင်ငံရင်းနှီးမှုရှိပြီ အခုဖြစ်ရပ်အပေါ် ဇန်ဘီယာအစိုးရက စိတ်မကောင်းဖြစ်ရပါတယ်။ သက်ဆိုင်ရာအစိုးရများက ဒီဖြစ်ရပ်ကို သေချာစွာစုံစမ်းစစ်ဆေးပြီး သေချာစေ့ငှတဲ့ ထုတ်ပြန်ချက် ထုတ်ပေးဖို့ တိုက်တွန်းပါတယ်”ဟု ဆိုသည်။
ယင်းသတင်းကြောင့် အာဖရိကတိုက်ရှိ တရုတ်စီးပွားရေးလုပ်ငန်းများ ထိခိုက်မည်ကိုလည်း အစိုးရအရာရှိများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။
Ref;The Straits Times

posted from Bloggeroid
No comments:
Post a Comment