ဗဟိုမီးသတ်သင်တန်းကျောင်း(ဇီးပင်ကြီး) လက်ထောက်မီးသတ်ဦးစီးမှူးလောင်းသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
ဖေဖော်ဝါရီ ၁၀
ဗဟိုမီးသတ်သင်တန်းကျောင်း (ဇီးပင်ကြီး) လက်ထောက်မီးသတ်ဦးစီးမှူးလောင်းသင်တန်း အမှတ်စဉ်.(၁၅/၂၀၁၆) သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၈ နာရီက အဆိုပါသင်တန်းကျောင်း စစ်ရေးပြကွင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
သင်တန်းဆင်း အခမ်းအနားသို့ ကျေင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းကျော်ကျော်၊ဒုတိယကျောင်းအုပ်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး၊ မီးသတ်ဦးစီးဌာနမှအရာရှိများနှင့် မိသားစုဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရန်မီးသတ်တပ်ဖွဲ့အရာရှိများ၊ သင်တန်းဆင်း လက်ထောက်မီးသတ် ဦးစီးမှူးလောင်းများ၏ မိသားစု
ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ညွှန်ကြား
ရေးမှူးချုပ် ဦးတင်မိုးက သင်တန်းဆင်းတပ်ခွဲများကို စစ်ဆေးပြီး သင်တန်းသားအကောင်းဆုံး စံပြထူးချွန်ဆုရ ကျောင်းသားအမှတ် ၁၁ လက်ထောက်မီးသတ်ဦးစီးမှူးလောင်း ကျော်သန်းဋ္ဌေး (ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်)၊ သင်တန်းသူ အကောင်းဆုံးစံပြထူးချွန်ဆုရ ကျောင်းသားအမှတ်(၃၈၃) လွင်လွင်သူ (မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဋ္ဌာနချုပ်)တို့ကို ငွေဓါးဆုနှင့် လေ့ကျင့်ရေးထူးချွန်၊ စာပေထူးချွန်ဆုရ သင်တန်းသား သင်တန်းသူများကို ထူးချွန်ဆုများ ချီးမြှင့်ပေးအပ်သည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်သည် သင်တန်းဆင်းတပ်ခွဲများ၏ အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် အလေးပြုခြင်းကို ခံယူကာသင်တန်းဆင်း မိန့်ခွန်းပြောကြား၍ ဧည့်ခန်းမ၌ ထူးချွန် သင်တန်းသား သင်တန်းသူများနှင့် ၎င်းတို့၏ မိဘများကို တွေ့ဆုံ အားပေးစကား ပြောကြားသည်။
၎င်းနောက် ရာထူးခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို အနော်ရထာခန်းမတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးတင်မိုးက သင်တန်းဆင်း လက်ထောက်မီးသတ် ဦးစီးမှူးလောင်း ကျား ၂၈၈ ဦး၊ မ ၁၂၇ ဦးတို့ကို ရာထူးခန့်အပ်လွှာများ ပေးအပ်ကြောင်း သိရသည်။
(Ah Lin Nge)
Photo: Than Htay, Ma Jor & Zin Myo Win

No comments:
Post a Comment