Monday, February 13, 2017

မီး​ဘေးသင့်​မန္တ​လေးမင်္ဂလာ​ဈေးတင်​ဒါ​ခေါ်ယူ

မီးဘေးသင့်မင်္ဂလာဈေးအား အဆင့်မြင့်ဈေးအဆောက်အအုံတည်ဆောက်ခွင့်တင်ဒါခေါ်ယူမှု ရပ်နားထားပြီး တင်ဒါရွေးချယ်စိစစ်ရေးကော်မတီကို အစိုးရအဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်း

မြက်သစ်ခိုင်

မီးဘေးသင့်မင်္ဂလာဈေးကို အဆင့်မြင့်ဈေးအဆောက်အအုံအဖြစ် ပြန်လည်တည်ဆောက်ခွင့်တင်ဒါ အား ၂၀၁၆ခုနှစ်နှစ်ကုန်ပိုင်းကခေါ်ယူခဲ့သော်လည်း တင်ဒါရွေးချယ်စိစစ်ရေးကော်မတီကို အစိုးရအဖွဲ့မှ ထပ်မံဖွဲ့စည်းခဲ့သဖြင့် တင်ဒါခေါ်ယူမှုကို ရပ်နားထားခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

“ဈေးဟောင်းကိုဖြိုဖျက်ဖို့တင်ဒါခေါ်ယူတဲ့အပေါ်မှာ စည်ပင်ကသတ်မှတ်ထားတဲ့လေလံကြေးမရရှိခဲ့လို့ တင်ဒါကိုဖျက်သိမ်းခဲ့တယ်။ ဒီနောက်မှာဈေးကိုအသစ်တည်ဆောက်ဖို့ဆိုပြီးဈေးသစ်တည်ဆောက်ခွင့် တင်ဒါကိုခေါ်ခဲ့တယ်။ဒါပေမယ့်အစိုးရအဖွဲ့က ၀န်ကြီးဦးဆောင်တဲ့တင်ဒါရွေးချယ်စိစစ်ရေးကော်မတီကို ထပ်ဖွဲ့တော့ တင်ဒါခေါ်ယူမှုအပိုင်းကိုရပ်နားခဲ့ရတယ်။ အခုချိန်ထိတော့ တင်ဒါရွေးချယ်စိစစ်ရေး ကော်မတီ ကနေ ဈေးနဲ့ပတ်သက်ပြီးဆောင်ရွက်ဖို့ညွှန်ကြားထားတာတော့မရှိသေးဘူး။”ဟု မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ၊အဆောက်အအုံနှင့်ကုန်ရုံဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဈေးသစ်တည်ဆောက်ခွင့်တင်ဒါကို နိုဝင်ဘာ(၂၈)ရက်ကကြေညာခဲ့ပြီး ဒီဇင်ဘာ(၂၈)ရက်တွင် တင်ဒါ စတင်ရောင်းချမည်ဖြစ်သော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်ဒါရွေးချယ်စိစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည့်အတွက် တင်ဒါခေါ်ယူမှုရပ်ဆိုင်းထားခဲ့ရသည်။

“မီးဘေးသင့်မင်္ဂလာဈေးကို အသစ်ပြန်လည်တည်ဆောက်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်တဲ့ တင်ဒါရွေးချယ်စိစစ်ရေးကော်မတီကို ပြီးခဲ့တဲ့လပိုင်းမှာဖွဲ့စည်းခဲ့တယ်။ အခုချိန်မှာဖွဲ့စည်းတာပဲရှိသေး တယ်။ ကော်မတီအနေနဲ့သွားရမှာဆိုတော့ ဆွေးနွေးမှုတွေတော့မလုပ်ရသေးဘူး။ ကော်မတီအစည်း အဝေးပြီးမှသာ ဘာဆက်လုပ်မလဲဆိုတာသိရမှာပါ။”ဟု တင်ဒါရွေးချယ်စိစစ်ရေးကော်မတီအဖွဲ့ ခေါင်းဆောင်၊ တိုင်းဒေသကြီးလျှပ်စစ်၊စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောကြားသည်။

မန္တလေးမြို့ မင်္ဂလာဈေးကြီှးမှာ ပြီးခဲ့သည့် မတ်လ(၂၂)ရက်က မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းမှု ကြောင့် ငွေကျပ်သိန်းပေါင်းတစ်သောင်းကျော်ဆုံးရှုံးခဲ့ကာ မီးဘေးသင့်မင်္ဂလာဈေး အသစ်ပြန်လည် တည်ဆောက်ရန်အတွက် ဈေးအဆောက်အအုံဖျက်သိမ်းရေး လုပ်ငန်းများလုပ်ဆောင်ရန် ဇူလိုင်(၁) ရက်တွင်တင်ဒါခေါ်ယူခဲ့သော်လည်း မအောင်မြင်သဖြင့် ယခုလိုအဆင့်မြင့်ဈေး အဆောက်အအုံအဖြစ် ပြန်လည်တည်ဆောက်ခွင့်တင်ဒါကိုခေါ်ယူခြင်းဖြစ်သည်။

မီးဘေးသင့်ခဲ့သည့် မင်္ဂလာဈေး အသစ်တည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့ပါက တင်ဒါရရှိသည့်သူမှာ ဈေးဟောင်းအားဖြိုဖျက်ရန်ကိုပါ တစ်ပါတည်းလုပ်ဆောင်သွားရမည်ဖြစ်ပြီး ဖြိုဖျက်သည့်အတွက် တန်ဖိုးသတ်မှတ်ချက်အတိုင်း ငွေပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

MTK

No comments:

Post a Comment