Thursday, June 2, 2016

မြို့တော်ဝန်တွေ သတိထား


အသုံးအဖြုန်းကြီးသည့် တိုကျိုမြို့တော်ဝန် ပြည်သူကို ၀န်ချတောင်းပန်ရ
---- ------ ------ ------ ------ ----
အဆင့်မြင့် ဟိုတယ်ခန်းများတွင် တည်းခိုခြင်း၊ သားသမီးများ၏အိပ်ယာဝင် ၀တ်စုံအကောင်းစားများ ၀ယ်ယူခြင်းအပါအ၀င် အသုံးအဖြုန်းကြီးမှုကြောင့် ပြည်သူများက အမျက်သင့်နေသော တိုကျိုမြို့တော်ဝန်သည် ဗုဒ္ဓဟူးနေ့(ဇွန် ၂)က ၀န်ချတောင်းပန်ခဲ့သည်။ မြို့တော်ဝန် ယိုအိချီမာဆုဇိုးသည် ပြည်ပခရီးစဉ်များအတွင်း အကောင်းစားဟိုတယ်များတွင် တည်းခြင်း၊ အမေရိကန်အနုပညာရှင် Keith Haring ၏ စာတစောင်ကို ယန်းငွေ ၃၁၀၀ ဖြင့် အွန်လိုင်းမှ လေလံဆွဲဝယ်ယူခြင်းများကြောင့် မီဒီယာက အာရုံစိုက်နေသူတဦးဖြစ်သည်။

“တိုကျို မြို့သူမြို့သားများနဲ့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့ကို ကျွန်တော် လေးလေးနက်နက် တောင်းပန်အပ်ပါတယ်”ဟု အသက် ၆၇ နှစ်အရွယ် မက်ဆုဇိုးက ပြောသည်။ မြို့တော်ဝန်ဟောင်း နာအိုကီအီနို့စ် ငွေကြေးအရှုပ်အရှင်းကြောင့် ရာထူးမှနုတ်ထွက်ပေးခဲ့ပြီးနောက် ၂၀၁၄ တွင် မက်ဆုဇိုးသည် မြို့တော်ဝန်ဖြစ်လာခဲ့သည်။ ၎င်း၏ သုံးဖြုန်းမှုများတွင် ရန်ပုံငွေများ ပါဝင်ခြင်းရှိမရှိအားလည်း မေးခွန်းထုတ်လျက်ရှိကြသည်။

ကျန်းမာရေးနှင့်အလုပ်သမားဝန်ကြီးဟောင်း၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်သူ မက်ဆုဇိုးသည် ၎င်းရာထူးလက်ခံစဉ်က အဖွဲ့အစည်းအတွင်း အရှုပ်အရှင်းကင်းစေရမည်ဟု ကြွေးကြော်ထားသူဖြစ်သည်။ ရုံးပိတ်ရက်အတွင်း ရုံးကားအသုံးပြုသည့်သတင်း ဧပြီလကထွက်ပေါ်ခဲ့ပြီးနောက် အရာရှိ ၂၀ ဦးနှင့်အတူ လန်ဒန်နှင့်ပဲရစ်သို့ သွားရောက်သည့်ခရီးစဉ်အတွက် ဒေါ်လာ ၄ သိန်း ၅ သောင်းကျော် ကုန်ကျခြင်း၊ ပထမတန်းမှ လေယာဉ်စီးခြင်း၊ အဆင့်မြင့်ဟိုတယ်များတွင် တည်းခိုခြင်းစသည့်သတင်းများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

အဆိုပါကိစ္စရပ်များကြောင့် ၎င်းအား ရာထူးမှနုတ်ထွက်ပေးရန် လိုလားလျက်ရှိနေကြရာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြည်သူကို ၀န်ချတောင်းပန်ခဲ့ခြင်းဖြစ်သည်။

ရည်ညွှန်း-အေအပ်ဖ်ပီ

posted from Bloggeroid

No comments:

Post a Comment