Thursday, June 16, 2016

ကလေးငယ်အစာအဆိပ်သင့်

မြ၀တီမူကြိုကျောင်းတကျောင်းတွင် ဟင်းပေါင်း
ထမင်းကျွေးရာမှကလေးငယ်(၁၁)ဦး အစာအဆိပ်သင့်
===================================

မြ၀တီမြို့နှင့် ၆ မိုင်ခန့်အကွာရှိ ဖလူးကြီးကျေးရွာ(ECC) ကလေးလူငယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဂေဟာမူကြို ကျောင်းမှ ကလေးငယ်ကျားလေးဦး၊ မခုနစ်ဦးစုစုပေါင်း၁၁ဦးသည် ဇွန်လ၁၄ရက်မွန်းလွဲပိုင်းတွင်မူကြိုကျောင်း
မှ ပြန်လာကြပြီးအိမ်သို့ရောက်ရှိစဉ်အဆက်မပြတ် အော့အန်နေသည့်
အနေအထားမှာစိုးရိမ်စရာဖြစ်လာခဲ့သဖြင့် မိဘများနှင့် ရွာရှိ တာဝန်ရှိလူကြီးများကယင်းနေ့ ညနေ၄း၃၀နာရီတွင် မြ၀တီ
ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြသည်။

အစာအဆိပ်သင့်ပြီး အော့အန်ကြသည့် ကလေးငယ်များမှာ ကရင်တိုင်းရင်းသား ကလေးငယ်များဖြစ်ကြပြီး မောင်ကျော်ကူလွဲ (၄)နှစ်၊ မောင်ကျော်ကျော်ဦး(၅)နှစ်ခွဲ၊ မောင်ဒိုးမူ(၃)နှစ်ခွဲ၊ မောင်စောကျော်အဲ(၅)နှစ်၊ မမူးလာထူး (၄)နှစ်ခွဲ၊ မဟိသာစေး(၃)နှစ်၊ မသပြေ၀င်း(၄)နှစ်၊ မခင်ခင်ထွေး(၃)နှစ်ခွဲ၊ မစောအဲဖော(၃)နှစ်ခွဲ၊ မအဲလားကွယ်ခီး(၂)နှစ်ခွဲ၊ မချစ်ချစ်လှိုင်(၄)နှစ် စုစုပေါင်းကျားလေးဦး၊ မ ၁၁ ဦးတို့ဖြစ်ကြသည်။

အစာအဆိပ်သင့်ရခြင်းမှာ အဆိုပါနေ့နံနက် ၁၁း၀၀နာရီ၌မူကြိုဆရာမဖြစ်သူ မတံတားချဲ(ခ)အမိုးဆိုသူကကလေးများ၏ထမင်းချိုင့်များမှဟင်းလျာများအား
ရောနှောစုပေါင်း၍ ကလေးများကို ထမင်းခွံ့ကျွေးခဲ့ရာ ညနေအိမ်ပြန်ရောက်ချိန်အော့အန်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ကလေးများဆေးရုံကိုရောက်ရှိသည်ဆို သည်နှင့် မြ၀တီပြည်သူ့ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာအေးမို့မို့ဝင်းက အထူးဂရုစိုက်ပြီး အနီးကပ် ကြီးကြပ်ကုသပေးမှုကြောင့် ဇွန်လ ၁၅ ရက် မနက်ပိုင်းတွင် ကလေးများမှာစိုးရိမ်စရာမရှိတော့ဘဲအားလုံးသက်သာသွားကြပြီဖြစ်
ပါကြောင်းနှင့် ယခုလိုဖြစ်ရခြင်းမှာ ကလေးများ၏ ထမင်းချိုင့်ထဲသို့ မိဘများ က ဟင်းအကျန်များကိုထည့်ပေးလိုက်ပြီး အဆိုပါဟင်းအကျန်များမှာသိုးပြီး ဘက်တီးရီးယားပိုးများဖြစ်ပေါ်ကာကလေးများစားမိရာ၌အစာအဆိပ်သင့်မှုများဖြစ်ပွားရခြင်းဖြစ်ပြီး၊ ထို့ကြောင့်ညနေကချက်ထားသောဟင်းများ တညသိပ်ပြီးနောက် တနေ့တွင်နွှေးပြီး ကလေးများထမင်းချိုင့်ထဲသို့ ထည့်မပေးရန် မိဘများကိုလည်း ပညာပေးပြောဆိုထားပါကြောင်း၊ ကလေးဆိုသည်မှာ အလွန်နုနယ်ပြီး လူကြီးတွေလို ခံနိုင်ရည်မရှိပါကြောင်း ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာအေးမို့မို့ဝင်းက ပြောသည်။

ကိုကိုမောင်(မြ၀တီ)

posted from Bloggeroid

No comments:

Post a Comment