လေးဘက်ထောက်၍ လေးချောင်းထောက်ကြည့်မိပါသည်….
ဖိုးစမ်းချောင်းတယောက် သတင်းတခုအတွက် မလှိုင်မြို့သို့ ရောက်ခဲ့ချေပြီ..တကယ်တော့ မလှိုင်မြို့ကို ကြားဖူးသည်မှာ ကြာလှချေပြီ..ယခုမှ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချေတော့ပြီ..မနက်မိုးလင်းတော့ မြို့ခံကိုမင်းမင်းနှင့်လဘက်ရည်သောက်ရန်ထွက်လာခဲ့ချေသည်..မြို့ကလေးက သာသာယာယာရှိလှသည်.အရမ်းကြီးတော့ မကျယ်လှပေ..နယ်မြို့များ၏ ဓလေ့အတိုင်း ဈေးနားပတ်ဝန်းကျင်တွင် အစည်ဆုံးဖြစ်သည်..လဘက်ရည်သောက်ပြီးနောက် ကိုမင်းမင်းမှ
“ ကွမ်းစားလားဗျ..”
“စူဠလိပ်မှာ ရေထဲလွှတ်တာကိုးဗျာ.မေးစရာကိုမလိုတဲ့မေးခွန်းပဲ ကိုမင်းမင်းရ”
ကိုမင်းမင်းခေါ်ရာနောက် လိုက်ခဲ့ရသည်။ကွမ်းယာဆိုင်ကား တော်တော်ကြီးသည်..ဆိုင်ရှင်ကား အသက်လေးဆယ်ခန့် ဝဝဖိုင့်ဖိုင့်ဖြင့် မျက်နှာကားချိုလှပေသည်.ကွမ်းလာဝယ်သည့်လူကလည်းစည်လှပေသည်..ငါးပေဆယ်ပေအကျယ်ရှိသော ဆိုင်ခန်းတခုလုံးအပြည့်ပင်..။ဆိုင်အနောက်ဘက်တွင် တန်းလျားတခုရှိပြီး ဂျာနယ်များပုံထပ်ထားသည်..Eleven,popular,voice,hot news..စသည်ဖြင့် ဂျာနယ်အစုံအလင်ရှိလှချေတကား..
မြို့ခံကိုမင်းမင်းကား ဖိုးစမ်းချောင်းကိုထားခဲ့ပြီး ခဏဆိုကာထွက်သွားချေပြီ..ဖိုးစမ်းချောင်းလည်း အတင်းထောက်ပီပီ.နဲနဲပါးပါးတော့စပ်စုမှ ကောင်းပေမည်ဟုတွေးရင်း ဆိုင်ရှင်နှင့်စကားစမိသည်.
“ဦးလေးကြိး.ကွမ်းရောင်းတာ ဘယ်လောက်ကြာပြီလဲဗျ”
ဆိုင်ရှင်က ဖိုးစမ်းချောင်းကို သေချာစူးစိုက်ကြည့်သည်..ပြီးမှ အားနာ၍ ပြောသည့်ပုံစံဖြင့်...တလုံးချင်းပြောသည်..
“ကျုပ်လူပျိုပေါက်က စရောင်းတာ အခု ကလေးနှစ်ယောက်ရတဲ့ထိဆိုတော့တော်တော်ကြာပေါ့”
ဆိုင်ရှင်ကြည့်ရတာ လူစိမ်းဆိုတော့ မိမိအား သိပ်စကားပြောချင်ပုံမပေါ်.
အိုး..ဒီကလည်း အတင်းထောက်ပဲ..မိတ်ဖွဲ့တာတော့ ကျွမ်းတာပေါ့..ဘာမေးရင်ကောင်းမလဲစဉ်းစားရင်း..
“ဟာ.ဦးလေးတို့ကွမ်းယာတာက တမျိုးပဲနော်.အလိပ်ကလေးတွေနဲ့.ဘယ်လိုယာရတာလဲဗျ.”
ဟုတ်သည်..မလှိုင်မြို့ပေါ်ရှိကွမ်းယာဆိုင်များကား ကျွတ်ကျွတ်အိတ်မသုံး..စက္ကူဖြင့်ကွမ်းယာကို အတောင့်ရှည်လေးထုတ်ပေးသည်..စားမည့်သူက စက္ကူကိုဖြေးဖြေးချင်းဖြဲစားရသည်ဆိုတော့ မန္တလေးသားဖိုးစမ်းချောင်းအတွက် အသစ်အဆန်းပင်..
ဆိုင်ရှင်မျက်နှာထားနဲနဲပြောင်းသွားသည်.ဖြေချင်သည့်အမူအရာတွေ့ရသဖြင့် အတင်းထောက်ဖိုးစမ်းချောင်းနဲနဲအားတက်လာသည်..
“အိုဗျာ.ဒါမျိုးလေး ကန်တော့ချိုးပြီး တယာချည်း လိပ်ထည့်သွားလိုက်ရုံပါ့.လွယ်လွယ်လေး”
ပါးစပ်ကလည်းပြောရင်းလက်ကလည်း ယာပြနေသည်..ဖိုးစမ်းချောင်းပြုံးလိုက်မိသည်..အင်း..မိတ်ဖွဲ့ရတာာလွယ်သားဟ.နောက်တဆင့်တက်ပေမည်..
“ကွမ်းဈေးရော ဘယ်လိုရှိလဲဗျ..ကိုက်ရောကိုက်ရဲ့လား.မန်းလေးက ကွမ်းယာဆိုင်တွေတော့ ကွမ်းရွက်ဈေးတက်လို့ ငြီးတွားနေလေရဲ့..”
“အင်း.ကွမ်းရွက်ဈေးကတော့ ပုံမှန်ပါပဲ..တခုပဲ.ဂျာနယ်တွေကတော့ ဈေးမငြိမ်ဘူး..တခါတလေ ဝယ်ရခက်တော့ သိပ်အဆင်မပြေလှဘူး..”
ဖိုးစမ်းချောင်းနဲနဲဖြုံသွားသည်..သြော်..ပြည်သူတွေ..မိမိစီးပွားရေးတောင် အာရုံသိပ်မစိုက်ဘူး..ငါတို့ဂျာနယ်တွေပေါ်တော်တော်အာရုံစိုက်တာပဲ…ဒီနေ့မှစပြီး လူထုအတွက် အကျိုးရှိသော အတင်းထောက်ဖြစ်အောင်လုပ်မဟဲ့လို့တွေးမိသွားသည်.စကားဆက်သည်..
“ဘယ်ဂျာနယ်တွေ အဝယ်များလဲဗျ..”
“အစုံပါပဲ..အစွဲမထားဘူး.”
တကယ်တမ်း ဖိုးစမ်းချောင်းကြားချင်တာက The Voice Weekly ကိုပုံမှန်ဝယ်ဖတ်သည်ဟူသည့်အသံ..သို့သော် သူထင်သလိုမဟုတ်သဖြင့် နဲနဲတော့စိတ်ပျက်သွားသည်.သို့ပေမဲ့ ဘယ်ရမလဲ..အတင်းထောက်ပဲ..လိုရာဆွဲမေးရုံပါ့…
“The Voice Weeklyကို ပုံမှန်မဖတ်ဖူးလားဗျ..ကျနော်တို့ဘက်ဆို အဲဒါ လူဖတ်များတယ်”
တကယ်တော့ သူ့ဂျာနယ်လူဖတ်များမများ၊စောင်ရေဘယ်လောက်ရှိသည်ဆိုတာ သူသေချာမသိ.ရမ်းကြိတ်လိုက်တာဖြစ်သည်..ဆိုင်ရှင်က ခေါင်းယမ်းသည်..
“အာ. Voice ကို သိပ်မဝယ်ဖြစ်ဘူး..Elevenပဲ ဝယ်ဖြစ်တယ်..Voiceက မျက်နှာဖုံးတော့ လုံပါရဲ့..အတွင်းပိုင်းက သိပ်မစွံဘူး..Eleven နဲ့ ပေါ်ပြူလာနယူးစ်ကတော့ မဆိုးဘူး..တော်တော်လေးကောင်းတယ်”
ဖိုးစမ်းချောင်း တော်တော်လေး ကျွဲမြီးတိုချေပြီ..သူတို့မှာ
သတင်းတပုဒ်လောက်ပါဖို့အရေး ကြိုးစားပန်းစားရေးထားတာမှ အားမနာ.ကဲ..မကျေနပ်ချက်တွေပွင့်အံထုတ်ချေတော့မည်…
“အံမယ်.ဦးလေးကြီးက သေချာရောဖတ်လို့လားဗျ.ဆရာ ဇေယျသူတို့..ဆရာနေသန်မောင်တို့ ဆောင်းပါးတွေဖြင့် ကောင်းချက်ဗျာ.ကျနော်တို့ဆို ဖတ်လို့ကို မဝဖူး.”
“အဲဒါတော့ သိဘူးလေ မောင်ရယ်..”
“မသိလို့ဘယ်ဖြစ်မလဲဗျ..ကဲ..ပြောစမ်းပါဦး..Eleven နဲ့ ပေါ်ပြူလာနယူးစ်က ဘာတွေများတော်တော်လေးကောင်းတာလဲဗျ.”
တကယ်တော့ မေးသည့်မေးခွန်းကိုက မရိုးသား..သူ့စိတ်ထဲမှာ ထိုဆိုင်ရှင်က ကောင်းသည်ဆိုသည့်သတင်းမှန်သမျှ အပြစ်တင်ရှုံ့ချဖို့ ပြင်ထားပြီးသား..ဆိုင်ရှင်ကား မတုန်မလှုပ်ပါချေ.ကွမ်းရွက်များကို တဗြန်းဗြန်းဖြင့် ရေခါရင်းပြောသည်..
“Elevenက စာရွက်သားထူပြိးကောင်းချက်..ကွမ်းယာများထုပ်လို့ကတော့ လုံသလားမမေးနဲ့..ထုံးကြိုက်သလောက်ထည့်..လုံးဝမစွန်းဘူး..မင်းVoice က စာရွက်က ပါးတော့ သိပ်အဆင်မပြေဘူးကွ..”
…သေဟဲ့ အတင်းထောက်.. မေးမိတာမှားချေပြီ..စပ်စုလိုက်ချင်ဦးဟ ဟု ကိုယ့်ဘာသာကျိမ်ဆဲမိသည်..အင်း..အားတော့ မလျှော့နိုင်သေး…ထပ်မေးချေဦးမည်…
“အာ.ခင်ဗျားတို့က ဂျာနယ်တွေကိုဖတ်ဖို့ဝယ်တာ ဟုတ်ဘူးလားဗျ.”
“ဖတ်အားပေါင် မောင်ရာ..ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတာ..လူရှင်းတဲ့အချိန်တော့ ဖတ်ကြည့်သား.မောင်စူးစမ်းဆိုလားကွယ်..အင်္ဂလိပ်လိုတွေညှပ်ပြောတော့ နားလည်ပေါင်”
ဟား.တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင် မလှိုင်ကွမ်းယာဆိုင်တွင် ရေစုန်မျောချေတော့မည်..ဘာပြန်ပြောရင် ကောင်းမလဲစဉ်းစားရင်း..စဉ်းစားရင်း ပြန်ပြောစရာ စကားက တွေးမရ.ကဲ..အဖော်ခေါ်ချေတော့မည်..
“ဂျာနယ်မဖတ်တာက ထားပါဗျာ..သတင်းစာကော မဝယ်ဖူးလားဗျ..”
“အာ..သတင်းစာတော့ သိပ်ဝယ်တာပေါ့ဗျာ.မရှိမဖြစ်ဗျ..အရမ်းအသုံးဝင်တာ”
ဆိုင်ရှင်ပြန်မပြောသေးခင်..ဆိုင်ရှေ့က အသက်သုံးဆယ်ခန့်လူရွယ်တယောက်က ဒရောသောပါးဝင်ပြောသည်..ဖိုးစမ်းချောင်း နဲနဲအားတက်သွားသည်..
“နောင်ကြီးအတွက်တော့ သတင်းစာက တော်တော်အသုံးဝင်တယ်ပေါ့နော်..ဒါပေါ့ဗျာ...ပစ္စည်းတခုအသုံးဝင်၊မဝင်ဆိုတာ လူတွေရဲ့ အဆင့်အတန်းပေါ်မူတည်တာပေါ့.”
ထိုလူ့ကိုလည်းမြှောက်ရင်း ဂျာနယ်ကို ကွမ်းယာထုပ်ဖို့သာ သိသောဆိုင်ရှင်ကိုလည်း နှိပ်ကွက်ရင်းဖိုးစမ်းချောင်း ခပ်ကြွားကြွားဆိုသည်..ထိုလူကလည်း သဘောကျသည်ထင်ပါ့.မျက်နှာက ပြုံးပြုံးကြီးနှင့် ဖိုးစမ်းချောင်းကိုကြည့်နေသည်..ဖိုးစမ်းချောင်းကား အမှတ်မရှိသေး..ထပ်မေးဖို့ကြိုးစားပြန်သည်..
“ဒါနဲ့ နောင်ကြီးက ဘာလုပ်သလဲဗျ.ပုံစံကြည့်ရတာ ကုန်သည်ပွဲစားထင်တယ်..အေးပေါ့ဗျာ.နောင်ကြီးတို့လို လူမျိုးတွေကပဲ သတင်းစာတို့ဂျာနယ်တို့ အာရုံစိုက်ဖတ်မှာပေါ့...ဟင်း.ဟင်း."
“မဟုတ်ပါဘူးဗျာ.အဝေးပြေးကားမောင်းတာပါ..”
အင်..လွဲပြန်ပြီ.မှန်းသမျှတလွဲချည့်ပေတကား...မွေးကတည်းက ချက်ကြောနှင့် ရှက်ကြော မှားဖြတ်မိပေသည့် အတင်းထောက်ပေပဲ..ဒီလောက်လွဲတာကတော့ အပျော့ပါ့..ထပ်ရမ်းကြိတ်သည်..
“သြော်.ကားမောင်းပေမဲ့ စာဖတ်ဝါသနာတော်တော်ပါတဲ့ပုံပဲ.ဘယ်သတင်းစာအကြိုက်ဆုံးလဲဗျ.မြန်မာ့အလင်းလား.ကြေးမုံလား.စီးပွားရေးသတင်းတွေ အဖတ်များတယ်မဟုတ်လားဗျ.ခုနောက်ပိုင်း အစိုးရသတင်းစာတွေတောင် ရောင်စုံထုတ်ပြီး အသွင်ပြောင်းနေပြီဆိုတော့ ဖတ်ရတာ အဆင်ပြေတယ်မဟုတ်လားဗျ.."
“လွဲနေပြီဗျ.ကျုပ်က သတင်းစာကိုဖတ်တာမဟုတ်ဘူး.ရှေ့မှန်သုတ်တာ…”
“ဗျာ..”
“ခု ဆောင်းမကုန်သေးတော့ ရေငွေ့အရမ်းပြန်တယ်ဗျာ.သတင်းစာနဲ့သုတ်လိုက်ရင် မှန်ကို ရှင်းပြီးသန့်သွားတာပဲ..အရမ်းကောင်းတယ်ဗျာ..ဒါကြောင့် တလတခါ သတင်းစာအဟောင်းတွေ ဝယ်ပြီးကားခေါင်းထဲ ထည့်ထားရတယ်.မှန်သုတ်လို့လွှတ်ကောင်းဗျ.”
“တိန်…”
ဖိုးစမ်းချောင်း ပါးစပ်မဟနိုင်တော့..ကားဆရာကြီးကို ငေးကြည့်ရင်း..ကွမ်းယာသည်ကြီးအား ငေးကြည့်ရင်း…..ဘာဆက်ပြောရမှန်းမသိတော့..တော်သေးသည်.ဘေးနားတွင် အီကြာကွေးသည်မရှိလို့..နို့မို့ အီကြာကွေးထုတ်ရတာ ဆီစုပ်တယ်ဟု ပြောမလားမသိ….
အင်းလေ..ဘာပဲပြောပြော..သတင်းစာဂျာနယ်များ လက်တွေ့ဘဝတွင် အသုံးကျနေသည်ဟု အကောင်းဖက်ကလှည့်တွေးရင်လည်း မဆိုးလှသေးပေ....
(ဓာတ်ပုံနှင့် ပို့စ် ဘာမှတော့ မဆိုင်ပေ..သို့သော် မဆိုင်တာကို ဆိုင်အောင်ထည့်ခြင်းသည် သိသင့်သိအပ်ပေသော သတင်းစာပညာဟု နားစွန်နားဖျားကြားဖူးသဖြင့်..အဟမ်း..ဧဝံမေသုတံ )

posted from Bloggeroid
No comments:
Post a Comment