သတင်းSourceနဲ့ ဓာတ်ပုံတွဲရိုက်လေ့ မရှိပေမယ့် ဆရာကြီးဦးထွန်းရီကိုတော့ လေးလေးစားစားခွင့်တောင်းပြီးရိုက်လာခဲ့ပါတယ် ဒီကောက်ကြောင်းလေးရေးရတာက အနဲငယ်ထူးခြားပါတယ် ဆရာကြီးက အင်တာဗျုးမပေးပါဘူး ဆရာကြီးနောက်လိုက်တယ် ပြီးတော့ဘိုစစ်အကူအညီနဲ့ မရရအောင် ရေးလိုက်တာပါ
အညကြသုတေသီကောက်ကြောင်း သို့မဟုတ် ဦးထွန်းရီ
မိမိ၏ပင်မအသက်မွေးဝမ်းကျောင်းအလုပ်နှင့် အနဲငယ်မှ မသက်ဆိုင်သော ဘာသာရပ်တစ်ခုကို နှစ်ပေါင်းခြောက်ဆယ်ကျော်အထိ တစိုက်မတ်မတ်လေ့လာစူးစမ်းဖော်ထုတ်မှုများလုပ်ကိုင်နေသည့် လူတစ်ဦး၏နာမည်ကိုညွှန်းဆိုပါဟု မေးလာခဲ့လျှင် မိမိအဖို့ ဆရာကြီးဦးထွန်းရီကိုသာ ညွှန်ချင်ပါသည်။
ရှစ်ဆယ့်သုံးနှစ်ဆိုသည့်အရွယ်မှာ မြန်မာလူမျိုးအများစုအတွက် အိမ်တွင်အေးအေးသက်သာနေရင်း ဘုရားတရားအာရုံပြုကာ မြေးးမြစ်များကိုထိန်းကျောင်းရသည့်အရွယ်ဖြစ်သော်လည်း ဦးထွန်းရီကမူ မြန်မာနိုင်ငံအရပ်ရပ်ရှိ ရှေးဟောင်းဒေသများကို လွယ်အိတ်တစ်လုံးဖြင့်လှည့်လှယ်ကာ သမိုင်းဆိုင်ရာအချက်အလက်များကိုသုတေသနလုပ်ကောင်းနေတုန်း၊၊စာအုပ်ထုတ်ကောင်းနေတုန်းသာဖြစ်သည်။
“ဆရာကြီးက မန္တလေးရောက်ပြီဆိုရင် တောင်လေးလုံးကျောင်းမှာတည်းတယ်။သူသွားချင်တဲ့နေရာတွေကို ကျွန်တော်နဲ့ ဘိုရှိတ်က နေ့တိုင်းဆိုင်ကယ်နဲ့လိုက်ပို့ရတယ်။ရိုက်လာတဲ့ဓာတ်ပုံတွေကိုလည်း နေ့တွင်းချင်းကူးပြီးဆရာကြီးသွားပေးရတယ်။အဲဒီပုံတွေကို အညွှန်းတပ်တာ၊စာရင်းပြုစုတာ ညတွင်းချင်းလုပ်တယ်။အလုပ်မှာတော့ အရမ်းဇွဲကြီးတဲ့ ဆရာကြီးပဲ”ဟု ကိုစစ်ငြိမ်းအေးကပြောသည်။ကိုစစ်ငြိမ်းအေးသည် သမိုင်းပညာရပ်ကိုစိတ်ဝင်စားသည့် လူရွယ်တစ်ဦးဖြစ်ပြီး ဆရာကြီးမန္တလေးမြို့သို့ ရောက်လာသည့်အခါတိုင်းသွားရေးလာရေးအဆင်ပြေအောင်လိုက်ပါကူညီပေးရင်း ဆရာကြီးထံမှ ပညာယူနေသူတစ်ဦးဖြစ်သည်။
အသားဖြူဖြူ၊ပိန်ပိန်ပါးပါးနှင့် သွက်လက်ပေါ့ပါးနေဆဲ ဆရာကြီးဦးထွန်းရီကို ပထမဆုံးစတင်မြင်တွေ့စဉ်က သမိုင်းပညာရှင်တစ်ဦးအစား အညာတောသားခပ်ရိုးရိုးခပ်အအအဖိုးကြီးတယောက်ဟုထင်မြင်မိပါသည်။မိမိတို့နှင့်စကားပြောသည့်အခါတွင်လည်း လေသံခပ်အေးအေးဖြင့် သူ့ကိုယ်သူကျွန်တော်က၊ကျွန်တော်ကဟု သုံးနှုန်းကာ ပြောဆိုတက်သူတစ်ဦးလည်းဖြစ်ပြီး အခြားသော သမိုင်းဆရာများကဲ့သို့ ဘယ်သူကတော့ မှန်သည်၊ဘယ်သူကတော့ မှားတယ်ဟု တထစ်ချပြောဆိုခြင်းမရှိ၊ကျွန်တော်သိထားတာကတော့ ဘယ်လိုပါဟုသာ သိမ်သိမ်မွေ့မွေ့ပြောဆိုတတ်သူတစ်ဦးဖြစ်ပါသည်။
ဆရာကြိးအကြောင်းဆောင်းပါးရေးရန်အတွက် ဆရာကြိးသွားရောက်လေ့လာသည့်နေရာများနောက်သို့ လိုက်ပါခဲ့ရာ သမိုင်းပညာရပ်ကို စိတ်မဝင်စားသော မိမိပင် စိတ်ဝင်စားလာမိပါသည်။ဥပမာအားဖြင့် မန္တလေးမြို့၊၈၄လမ်း ၃၀x၃၁ကြားရှိ ရှင်ဘို့မယ်ဘုရားဝင်းသည် မိမိယခင်လုပ်ခဲ့သော အလုပ်တိုက်နှင့်ကပ်ရပ်ဖြစ်သောကြောင့် နေ့စဉ်နီးပါးမြင်တွေ့နေရသော်လည်း ထူးထူးခြားခြားစိတ်ဝင်စားစရာမရှိပါ။
ဆရာကြီးနှင့် ဘုရားဂေါပက ပြောဆိုနေသည်ကိုနားထောင်မိမှ ထိုရှင်ဘို့မယ်ဘုရားဝင်းအတွင်းရှိ ရုပ်ပွားတော်များသည် လွန်ခဲ့သော နှစ်ငါးရာကျော်က ဆင်ဘို့မယ်မိဘုရားကြီးတည်ထားခဲ့သော ရှေးဟောင်းရုပ်ပွားတော်များဖြစ်ကြောင်းသိရပါတော့သည်။ဆင်ဘို့မယ်မိဖုရားကြီးသည် မင်းဆက်ငါးဆက်တို့၏ နန်းမခေါင်မိဘုရားကြီးဖြစ်ပြီး တိုင်းရေးပြည်ရေးကို ချယ်လှယ်နိုင်ခဲ့သော မိဘုရားတပါးဖြစ်ကြောင်းလည်း ထိုကျမှပင် သိရပါတော့သည်။
သကျသီဟဘုရားသို့ နေ့လယ်နေ့ခင်းစာဝင်ဖတ်လေ့ရှိသော်လည်းယခုမှပင် အဆိုပါ ဘုရားဝင်းအတွင်းရှိ ခေါင်းလောင်းကြီးတစ်လုံးမှာ မင်းကွန်းခေါင်းလောင်းကြီးသွန်းလုပ်စဉ်က ပိုလျှံသည့်ကြေးများးဖြင့်သွန်းလောင်းးထားသည့် ခေါင်းလောင်းကြိးလေးခုအနက် တစ်ခုဖြစ်ကြောင်းသိရပါသည်။
၈၂လမ်း ၃၆x၃၇ကြားရှိ ခေါင်းလောင်းပုံစေတီငယ်လေးအနီးမှ နေ့စဉ်နီးပါးဖြတ်သန်းသွားလာနေသော်လည်း ထူးထူးခြားခြားသတိမထားမိခဲ့ပါ။ယခုမှ အဆိုပါ စေတီငယ်လေးမှာ မိမိငယ်စဉ်ကတည်းက ရင်းနှီးနေသည့် စကားကို လိုတိုရှင်း၊ထိထိမိမိဖြင့်သာ ပြောတတ်သည့် နန်းမတော်မယ်နုမှအုတ်ကျောင်းကြီးဆောက်ကာ ကိုးကွယ်ခဲ့သည့် သာသနာပိုင် ညောင်ကန်ဆရာတော် ဦးဗုဓ်အထိမ်းအမှတ် အရိုးအိုးစေတီဖြစ်ကြောင်း ယခုမှသိရသည်ဟု ကိုစစ်ငြိမ်းအေးက ပြောသည်။
ထို့အတူပင် မန်းမြို့ဈေးဝန်းကျင်ရှိ မင်းသားစု၊မုန့်တီစုအရပ်ဘက်ရောက်လျှင် ပုပုခုံးခုံးပုံစံတည်ထားးသည့်စေတီများမှာ သာမန်မြင်နေကျ စေတီများးနှင့်မတူပါလားဟု ထင်မြင်မိရုံသာ ရှိပါသည်။ယခုမှပင် အဆိုပါ မုန့်တီစု၊မင်းသားစု၊ရဟိုင်းစသည့် နေရာများမှာ ရှေးယခင်ကမြေဒူးမင်းသည် ယိုးဒယားကိုအောင်နိုင်ပြီးနောက် ဘုရင်နှင့်မင်းဆွေမင်းမျိုးများ၊လက်မှုပညာသည်များကို ခေါ်ဆောင်လာခဲ့ပြိး မူလအစက အင်းဝတွင်နေထိုင်စေခဲ့သည်။မြေဒူးမင်းနောက် ဘိုးတော်ဗဒုံမင်းလက်ထပ်တွင် အမရပူရမြို့သစ်တည်ပြီးနောက် အဆိုပါ ယိုးဒယားတို့အား ယခုမန်းမြို့ဈေးပတ်လည်ရှိ မုန့်တီစု၊မင်းသားစု၊ရဟိုင်းအရပ်များတွင်ပြောင်းရွှေ့နေရာချစေခဲ့ပြီး အဆိုပါ ယိုးဒယားတို့က ဘိုးတော်ဗဒုံမင်းထံသို့ ၎င်းတို့ယိုးဒယားမှာရှိစဉ်ကကဲ့သို့ သဲပုံစေတီတည်ခွင့်တောင်းခဲ့ရာ ဘိုးတော်က ခွင့်ပြုသဖြင့် ယခုထိ နှစ်စဉ်နှစ်တိုင်းသဲပုံစေတီတည်သည့် အလေ့အထဖြစ်ပေါ်လာခဲ့ကြောင်း၊အဆိုပါ စေတီများမှာသဲပုံစေတီတည်ခြင်းအထိမ်းအမှတ်ဖြင့်တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောာင်းစိတ်ဝင်စားဖွယ်သမိုင်းကြောင်းများကိုသိရပါသည်။တကယ်တော့ ဆရာကြီးဦးထွန်းရီသည် သမိုင်းဘာသာရပ်ကို စိတ်ဝင်စားသည့် လူငယ်၊လူရွယ်တို့အတွက် လမ်းလျှောက်အဘိဓာန်ကြီးတစ်ခုသာဖြစ်ပါတော့သည်။
၁၉၃၄တွင်မွေးဖွားပြီး ၁၉၅၁တွင် ဆယ်တန်းအောင်မြင်လာခဲ့သည့် ဦးထွန်းရီအနေဖြင့်် မွေးရပ်ဒေသတွင် မူလတန်းကျောင်းဆရာအဖြစ်တနှစ်ခွဲခန့်လုပ်ကိုင်ခဲ့ပြီးနောက် ကျောင်းနေဘက်သူငယ်ချင်းအကူအညီဖြင့် ရန်ကုန်မြို့ဗမာပြည်သူ့ဘဏ်လီမိတက်တွင် လစာ၁၇၀စားစာရေးဘဝမှ ရာထူးအဆင့်ဆင့်ဖြင့်တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၅ခုနှစ်တွင် မြန်မာကြယ်ငါးပွင့်သဘောင်္လုပ်ငန်းသို့ မန်နေဂျာရာထူးဖြင့်ပြောင်းရွှေ့အမှုထမ်းခဲ့သည်။မြန်မာကြယ်ငါးပွင့်သဘောင်္လုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေခိုက် ဦးထွန်းရီစုဆောင်းထားသော ရှေးဟောင်းစစ်တမ်းများကို နှစ်နှစ်ခန့်လာရောက်လေ့လာသွားသော ဂျပန်ပါမောက္ခက ဂျပန်နိုင်ငံသို့တနှစ်တာလာရောက်၍ မြန်မာမှုသုတေသနများလုပ်ဆောင်ရန်ဖိတ်ခေါ်သဖြင့် Study Leave တနှစ်ပေးရန်ခွင့်ပြုချက်တောင်းသော်လည်းအစိုးရမှ ခွင့်ပြုခဲ့ခြင်းမရှိခဲ့ပါ။ထို့နောက်တွင်တော့ ဆရာကြီးဥိးထွန်းရီသည် ပင်စင်ရရန် နှစ်နှစ်သာလိုတော့သည့်အချိန် အသက်(၅၈)နှစ်အရွယ်တွင် မည်သည့်အခွင့်အရေးမှ မရယူပဲနှုတ်ထွက်ခွင့်တောင်းကာကြယ်ငါးပွင့်မှ အလုပ်ထွက်လိုက်ပါတော့သည်။ကံဆိုးမသွားရာ မိုးလိုက်ရွာဆိုသလိုပင် ဆရာကြီးအတွက် စီစဉ်ထားသည့် ဂျပန် Proposalသည် သက်မှတ်ရက် ကျော်သွားပြီဖြစ်သောကြောင့် လာမည့်နှစ်တွင်မှ စတင်နိုင်တော့မည်ဖြစ်ကြောင်း အကြောင်းကြားလာတော့ရာ အလုပ်ဟောင်းလည်းပြုတ်၊အလုပ်သစ်လည်းမရသည့်ကာလကို ခက်ခဲစွာဖြတ်ကျော်ရပါတော့သည်။
အဆိုးထဲက အကောင်းဆိုသလိုပင် အားလပ်ချိန်ရသွားသည့် ဆရာကြီးသည် အဆိုပါတနှစ်တာကာလအတွင်း ရှေးဟောင်းမှတ်တမ်းမှတ်ရာစာပေပဒေသာများအား မူပွားဖြန့်ဝေပြုစုသည့်လုပ်ငန်းကိုအရှိန်မြှင့်ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ ပရောဂျက်ရရှိနိုင်ရေးအတွက် outline researchများလည်း ပြုလုပ်နိုင်ခဲ့သည်။ထို့အတူပင် ဆရာကြီးဒေါက်တာသန်းထွန်း ဂျပန်သွားစဉ်က သူရှာဖွေစုဆောင်းထားသည့် စာအုပ်စာတမ်းများ၊သမိုင်းအထောက်အထားများကို မန္တလေးရှိဘုန်းကြီးကျောင်းတစ်ခုတွင် အပ်နှံထားခဲ့ရပေရာ ထိုအချိန်တနှစ်အတွင်း ဆရာကြီးဒေါက်တာသန်းထွန်း၏၏ စာအုပ်စာတမ်း၊သမိုင်းအထောက်အထားများကို ရှင်းလင်းနေရာချထားခြင်း၊စာရင်းပြုစုပေးခြင်းတို့ကို အဓိကလုပ်ဆောင်ပေးနိုင်ခဲ့သည်။
၁၉၉၃တွင် ဂျပန်နိုင်ငံသို့ ထွက်ခွာခွင့်ရခဲ့သည့် ဆရာကြီးဦးထွန်းရီသည် ဂျပန်နိုင်ငံ နာဂိုရာအနီးရှိ Aichiတက္ကသိုလ်တွင် Visiting Researcherအဖြစ် လေးနှစ်၊Research Fellowအဖြစ် ခြောက်နှစ်၊စုစုပေါင်းဆယ်နှစ်နေထိုင်ကာ ရတနာပုံဥပဒေများ၊ကုန်းဘောင်ငွေချေးသက္ကရာဇ်စာချုပ်များ၊ကုန်းဘောင်ခေတ်စာရင်းပဒေသာစသည့် စာအုပ်များကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ပြုစုရေးသားပုံနှိပ်ဖြန့်ဝေခဲ့သည်။ဂျပန်မှ မြန်မာပြည်သို့ပြန်ရောက်သည့်အခါတွင်လည်း တိုယိုတာဖောင်ဒေးရှင်းထံမှ ပရောဂျက်နှစ်နှစ် ထပ်မံရရှိခဲ့သဖြင့် ကုန်းဘောင်ခေတ်ဖြတ်ပိုင်းစာချုပ်စာငါးအုပ်(မူရင်းမှတ်တမ်း(၃)အုပ်နှင့် အင်္ဂလိပ်အကျဉ်းချုပ်(၂)အုပ်)တို့ကို ပြုစုခဲ့ပါသည်။
စာအုပ်များရေးသားထုတ်ဝေခြင်းသည် ဆရာကြီးဦးထွန်းရီအတွက်မဆန်းလှပါသည်။ ရှားပါးတိမ်မြှပ်နေသည့် အနယ်နယ်အရပ်ရပ်မှ မြန်မာ့ရှေးဟောင်းစာပေအမြုတေနှင့် ရှေးဟောင်းစာမှတ်ပဒေသာများကို စုဆောင်းလေ့လာဖတ်ရှု၊သုတေသနပြုရင်း ဝါသနာတူသုတေသီများအတွက် ဖယောင်းစက္ကူပေါ်တွင်လက်ရေးဖြင့်လည်းကောင်း၊လက်နှိပ်စက်ဖြင့်လည်းကောင်း၊ရေးမှတ်၇ိုက်နှိပ်ထားချက်ကို စာကူးစက်ဖြင့်လည်းကောင်း မူပွားဖြန့်ဝေမှုလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည့်အရေအတွက်မှာ သုံးဆယ့်ရှစ်နှစ်အတွင်း(၁၉၅၆ခုနှစ်မှ ၁၉၉၃ခုနှစ်အတွင်း)စာတွဲပေါင်း ၂၅၀ကျော်ဖြစ်ပါသည်။
ဆရာကြီးဦးထွန်းရီ၏ လုပ်ဆောင်ချက်ကို နိုင်ငံကျော်သမိုင်းပညာရှင်ကြီးဒေါက်တာသန်းထွန်းကိုယ်တိုင်က အသိအမှတ်ပြုအလေးထားသည်ကို ဦးထွန်းရီသို့ ပေးစာတစ်စောင်တွင်ရေးသားထားချက်များကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါသည်။
တောင်လေးလုံးအရှင်သူမြတ်ဆီကစာရတယ်။တိုးလှဆိုတဲ့…ဆီက စာမပြန်ဘူးROB IIမကြာခင်ထွက်မှာ၊စာအုပ်လိုချင်တဲ့အခါ ခဗျားကို သိပ်သတိရတယ်။
သတိရလျက် သန်းထွန်း(11 Jan 85)ဆိုသည့် ပေးစာတွင် ဖော်ပြထားပါသည်။
ရှေးဟောင်းသမိုင်းစာပေယဉ်ကျေးမှုအကြောင်းအရာတို့နှင့်စပ်လျဉ်း၍ မင်းမဟော်၊မောင်ကောက်သင်း၊ရှေးဟောင်းစာပေသုတေသီတစ်ဦး၊ထွန်းရီ(ရှေးဟောင်းသုတေသီ)စသည့်ကလောင်နာမည်များဖြင့် စာအုပ်စာတမ်းးပေါင်းများစွာရေးသားပြုစုနေသော်လည်း ဆရာကြီးဦးထွန်းရီက သူ့ကိုယ်သူ အညတြသုတေသီဟူ၍သာ နာမည်ခံထားပါသည်။သုတေသီဆိုသည့်နာမည်ခံရန်ပင် သူ့ကိုယ်သူ စိတ်သိပ်သန့်ပုံမပေါ်ပါ။
မိမိသည် သုတေသီစစ်စစ်လည်းမဟုတ်၊အဆင့်မြင့်သုတေသီလည်းမဟုတ်ပါ။ရှေးဟောင်းအမှတ်အသားအထောက်အထားများ၊ပေပုရပိုက်များတွင် ပြန့်ကျဲတိမ်မြှပ်ငုတ်ကွယ်နေသည်များကို အပတ်တကုပ်ရှာဖွေစုစည်းဖော်ထုတ်ကာ မိမိလေ့လာဖတ်ရှုနိုင်သကဲ့သို့ အခြားအခြားသော သုတေသီတို့ အလွယ်တကူဖတ်ရှုနိုင်ရန် ဆောင်ရွက်ပေးနေသူတစ်ဦးသာဖြစ်သည့်အတွက် မိမိကိုယ်မိမိအညကြသုတေသီတစ်ဦးဟူ၍သာ ကမ္ဗည်းတင်လိုသူဖြစ်ကြောင်း သူ့အသက်ရှစ်ဆယ်ပြည့်အမှတ်တရထုတ်ဝေသော ကုန်းဘောင်ခေတ် ပြည်တွင်းရေးရာပဒေသာစာစုတွင် ဖော်ပြထားပါသည်။
ဆရာကြီးဦးထွန်းရီ အင်းဝဒေသသို့ ကွင်းဆင်းလေ့လာသည်ကို လိုက်လံပို့ဆောင်ရင်းကြုံတွေ့ရသည့် ကိစ္စတစ်ခုကို တံတားဦးသားစာရေးဆရာ ဗိုလ်ရှိတ်က ပြန်ဖောက်သည်ချပါသည်။ “ကျောင်းထိုင်ဘုန်းကြီးမှ ဒကာကြီးအလုပ်အကိုင်ကဘာလုပ်တာလဲလို့မေးတော့ ဆရာကြီးက တပည့်တော်က စာပေဝါသနာရှင်ပါဘုရား၊တခါတလေစာရေးပါတယ်”လို့ပြန်ဖြေတယ်.အဲဒီကတည်းကငါလည်း ကိုယ့်ကိုကိုယ် စာရေးဆရာလို့ မပြောရဲတော့ဘူး”ဟု ပြောပါသည်။မာန်မာနမရှိပဲ နှိမ့်ချကာ ယဉ်ကျေးသိမ်မွေ့စွာပြောဆိုဆက်ဆံသည့်ပုံစံသည် ဆရာကြီးဦးထွန်းရီ၏ အထူးထင်ရှားသည့်ဝိသေသလက္ခဏာတစ်ခုဖြစ်ပါသည်။
ဆရာကြီးမန္တလေးကနေ ဘယ်တော့ပြန်မလဲဟု ကိုစစ်ငြိမ်းအေးကမေးလိုက်သည့်အခါ ခဏတွေသွားပြီး စဉ်းစားနေပါသည်။ငါ ပြန်ဖို့မှန်းထားတာကတော့ ဇန်နဝါရီ ၁၂ပဲကွ.ဒီကြားထဲ ငွေကုန်သွားရင်တော့ စောစောပြန်ရမှာပေါ့ကွာဟု ခပ်ပြုံးပြုံးလေးပြောပါသည်။ဝါသနာပါရာစောက်ချလုပ်ကိုင်နေသော်လည်း ဆရာကြီးမှာ ငွေကြေးအဆင်ပြေပုံသိပ်မရှိပါ။
သူ့အသက်ရှစ်ဆယ်ပြည့်အမှတ်တရထုတ်ဝေသော ကုန်းဘောင်ခေတ် ပြည်တွင်းရေးရာပဒေသာစာစု စာအုပ်တွင် မြန်မာမှုဆိုင်ရာစာအုပ်များကို ပုံနှိပ်ထုတ်ဝေလိုသူအလွန့်အလွန်ရှားပါးနေမှုကြောင့် ကိုယ်ပိုင်ရင်းနှီးငွေကို ကတ်ကတ်သတ်သတ်ခက်ခက်ခဲခဲဖန်တီးကာ ရေရှည်တည်တံ့နိုင်ရေးအတွက် မိသားစုလုပ်ငန်းတစ်ခုအဖြစ် တိုးမြှင့်တာဝန်ယူနိုင်ရန်မိဘဂုဏ်စာပေတိုက်ကို ၂၀၁၃ခုတွင် ထူထောင်ခဲ့ခြင်းဖြစ်ကြောင်းရေးသားထားပါသည်။အခြေအနေကားထူးခြားမှုမရှိ၊ငွေကြေးတတ်နိုင်သည့်အင်အားဖြင့်သာ အချိန်နှင့်ခရီးအတိုင်းအတာတရပ်ဆီသို့ချီတက်နေခြင်းးဖြစ်ပါသည်တဲ့။
ရှေးဟောင်းဒေသအသီးသီးသို့ နယ်မြေကွင်းဆင်းကာ ရှေးမူအထောက်အထား၊လက်ရှိမြင်နေရသည့်အထောက်အထားတို့ဖြင့် တိုက်ဆိုင်စစ်ဆေးကာ ရေးသားသည့်လုပ်ငန်းမှာ ငွေကုန်ကြေးကျများပြားလှပြီး ရေးသားပြုစုရသည်မှာလည်း လွန်စွာလက်ဝင်လှပါသည်။သို့သော်လည်း ဤဘာသာရပ်ကိုစိတ်ဝင်စားသူမှာ နဲပါးလှပါသည်။
မည်သို့ပင်ဆိုစေကာမူ ဆရာကြီးကတော့ လွယ်အိတ်လေးလွယ်ကာ မှတ်စုစာအုပ်လေးတစ်အုပ်၊ဆပ်ပြာခွက်အရွယ်ကင်မရာသေးသေးလေးတစ်လုံးဖြင့် မြန်မာနိုင်ငံအရပ်ရပ်သို့ နှစ်စဉ်ခြေဆန့်ကာ ရှစ်ဆယ့်သုံးနှစ်ဆိုသည့် အသက်အရွယ်ကိုမေ့ထားပြီး

လူငယ်လေးတစ်ဦးကဲ့သို့ တက်တက်ကြွကြွ သုတေသနလုပ်ကွင်းဆင်းလေ့လာရင်း သမိုင်းဆိုင်ရာ စာအုပ်များကို ရေးသားထုတ်ဝေနေဦးမည်သာဖြစ်ပါသည်။
ဖိုးစမ်းချောင်း

posted from Bloggeroid
No comments:
Post a Comment