
ပန်းဆိုးတန်းကားမှတ်တိုင်တွင် အုပ်စုဖွဲ့ရိုက်နှက်မှု ဖြစ်
====================
====================
ကျောက်တံတားမြို့နယ် မဟာဗန္ဓုလမ်းနှင့် ၃၇ လမ်းထိပ် ပန်းဆိုးတန်းမှတ်တိုင်တွင် ယနေ့(ဇန်နဝါရီ ၁၈ ရက်) ည ၇ နာရီခွဲခန့်က အဓိပတိ(အပြာ) ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အဖွဲ့နှင့် ၁၀၅ ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်း ၊ ယာဉ်နောက်လိုက်တို့ အုပ်စုဖွဲ့ ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။
အဓိပတိခရီးသည်တင်ယာဉ်က ခရီးသည်အတင်အချပြုလုပ်နေစဉ် ၁၀၅ ယာဉ်လိုင်း ခရီးသည်တင်ယာဉ်ပေါ်မှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အပါအဝင် သုံးဦးခန့်က အဓိပတိယာဉ်ပေါ်မှာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို စတင် ရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် အဓိပတိယာဉ်ပေါ်မှ လူလေးဦးက သံတုတ်များ ကိုင်ဆောင်ကာ ယာဉ်ပေါ်မှ ဆင်းလာပြီး ၁၀၅ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ပြန်လည် ရိုက်နှက်ခဲ့ကြောင်း ပန်းဆိုးတန်းမှတ်တိုင် အနီးတွင် ဈေးရောင်းချနေသူ အမျိုးသားတစ်ဦးက ပြောကြားသည်။
အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့် ခရီးသည်ယာဉ် နှစ်စီးလုံးမှ မှန်များကွဲကာပျက်စီးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တင်ပို့ကုသထားရကြောင်း၊ ရိုက်နှက်မှုတွင် ပါဝင်သည်ဟု ယူဆရသူ အမျိုးသားတစ်ဦးကို ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးလျက်ရှိကြောင်း ကျောက်တံတားမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းတင်က ပြောကြားသည်။
(ဓာတ်ပုံ-ကျော်စိုးမိုး)
==============
The Voice Weekly
ဇန်နဝါရီလ ၁၈ ရက် ၂၀၁၆ ခုနှစ်

posted from Bloggeroid
No comments:
Post a Comment