
ရန်ကုန်လေဆိပ်ရှေ့တွင် ပြိုင်ကားမောင်းနှင်သူများကို ဖမ်းဆီး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် ညည့်နက်ချိန် ပြိုင်ကားများ မောင်းနှင်နေမှုကို ဇန်နဝါရီလ ၉ရက်နေ့ညမှ စတင်ကာ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ မီးတန်းလှည့်ကင်းယာဉ်များ နှင့် လေကြောင်းရဲတပ်ဖွဲ့ဝင်တို့က ပူးပေါင်းဖမ်းဆီးခဲ့ရာ ပြိုင်ကားတစ်စီး အပါအဝင် ယာဉ်လေးစီးကို ဖမ်းမိခဲ့ကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရှိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှေ့ ကားပါကင်တွင် ဇန်နဝါရီလ ၉ရက် နံနက် ၂ နာရီခွဲက Nissan Silva ခရမ်းရောင် ပြိုင်ကားယာဉ်တစ်စီးမှာ အသံကျယ်လောင်စွာဖြင့် အရှိန်ပြင်း ကွေ့ပတ်မောင်းနှင်သည့် အသက် ၂၀အရွယ် လူငယ်ယာဉ်မောင်းကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ကားပါကင်တွင် ရပ်နားထားသော ကားဝှီးတက်မပါသည့် Chevrole (MW) ယာဉ်တစ်စီး၊ Honda အမျိုးအစား ယာဉ်တစ်စီးနှင့် Nissan အမျိုးအစား ယာဉ်တစ်စီးတို့ကိုပါ ဖမ်းမိခဲ့ကြောင်း မင်္ဂလာဒုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။
"ညဘက် ယာဉ်ကြောရှင်းတဲ့ ဒီလမ်းပေါ်မှာ ပြိုင်ကားတွေ လာမောင်းနေတယ်လို့ ပတ်ဝန်းကျင်က သတင်းပေးတိုင်ကြားလို့ ခရိုင်အဆင့် စီမံချက်နဲ့ ဝင်ဖမ်းတာ၊ ပါဝါအိပ်ဇောတွေတပ်ပြီး အသံဆူညံစွာနဲ့ ညည့်နက်ချိန်မှာ ယာဉ်ကို အန္တရာယ်ဖြစ်အောင် အရှိန်ပြင်းမောင်းနှင်နေသူတွေကို နောက်ရက်တွေမှာလည်း ဆက်ဖမ်းသွားမှာပါ"ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လုံခြုံရေးတာဝန်ကျ လေကြောင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ပြိုင်ကားမောင်းနှင်သော ယာဉ်မောင်းကို မင်္ဂလာဒုံမြို့မ ရဲစခန်းတွင် ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၅၈(က) ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပြီး ကားဝှီးတက် မပါသည့်ယာဉ်သုံးစီးကို ယာဉ်စည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူထားကြောင်း ရန်ကုန်မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
posted from Bloggeroid
No comments:
Post a Comment