Sunday, January 10, 2016

ကျောက်မျက်တူဖော်မှု့

ကျောက်စိမ်းတူးသည့် ကုမ္ပဏီများအနက် အကြီးဆုံးကုမ္ပဏီ ၃၀ အား စိစစ်ရာတွင် တပ်မတော်မှ ပိုင်ဆိုင်သည့် ကျောက်စိမ်း ကုမ္ပဏီသည်ပင် အဆင့် ၂၃ ၌ရှိနေပြီး ယင်းကုမ္ပဏီ ၃၀ တွင် အမည်ခံကုမ္ပဏီများ ပါဝင်နေကာ အဆိုပါ အမည်ခံကုမ္ပဏီများ၏ နောက်ကွယ်ရှိ အစုရှယ်ယာရှင်များကို ဖော်ထုတ်မည့် လုပ်ငန်းစဉ်များ EITI တွင် လုပ်ဆောင်သွားမည်ဟုဆို

===================
===================

ကျောက်စိမ်း တူးဖော်နေသည့် ကုမ္ပဏီများအနက် အကြီးဆုံးကုမ္ပ ဏီ ၃၀ ကို စိစစ်ရာတွင် တပ်မတော်မှ ပိုင်ဆိုင်သည့် ကျောက်စိမ်းကုမ္ပဏီသည်ပင် အဆင့် ၂၃ ၌သာ ရှိနေပြီး အဆိုပါ ကုမ္ပဏီ ၃၀ တွင် ပြည်တွင်း လုပ်ငန်းရှင်များ ပါဝင်နေသလို အမည်ခံ ကုမ္ပဏီများလည်း ပါဝင်နေကာ အဆိုပါ အမည်ခံ ကုမ္ပဏီများ၏ နောက်ကွယ်ရှိ အစုရှယ်ယာရှင်များကို ဖော်ထုတ်မည့် လုပ်ငန်းစဉ်များကိုလည်း EITI (တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး) တွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးနှင့် MEITI ဖော်ဆောင်ရေး ကော်မတီ၏ ညှိနှိုင်းရေး တာဝန်ခံ ဒေါက်တာဇော်ဦးက ပြောကြားသည်။

EITI တွင် အဖွဲ့ဝင်လောင်း နိုင်ငံအဆင့်မှ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင် နိုင်ငံအဖြစ် ဖြစ်လာစေရန် တင်ပြရမည့် အစီရင်ခံစာတွင် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်မျက်၊ သတ္တုကဏ္ဍတို့မှ ရရှိသည့် အခွန်စုစုပေါင်း အမေရိကန် ဒေါ်လာ ၃ ဒသမ ၁ ဘီလျံကို တိုက်ဆိုင် စစ်ဆေးထားသည့် EITI အစီရင်ခံစာကို နိုင်ငံတကာ အတွင်းဝန်ရုံးသို့ တင်သွင်းနိုင်ရန် ကျောက်မျက် ကုမ္ပဏီများအား စိစစ်ရာတွင် အဆိုပါ အချက်အလက်များ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ကျောက်မျက်ရတနာ လုပ်ကွက် လုပ်ကိုင်ခွင့်များကို နိုင်ငံခြားသားများအား လုပ်ကိုင်ခွင့်ပြု မထားသော်လည်း အမှန်တကယ်တွင် အမည်ခံ လုပ်ကိုင်နေသည့် နိုင်ငံခြားသားများ ရှိနေကာ အများစုမှာ မြန်မာ့ကျောက်စိမ်းကို အဓိက ၀ယ်ယူနေသည့် တရုတ်နိုင်ငံမှ တရုတ်နိုင်ငံသားများ ဖြစ်နေသည်ဟု ဖားကန့်ဒေသခံများ အပါအ၀င် ပြည်သူများက ယူဆနေကြသည်။

“ဖားကန့်နဲ့ ပတ်သက်တဲ့ ကိစ္စမှာလည်း ဒရောသောပါးနဲ့ လောဘဇောတက်ပြီး တူးဖော်ထုတ်လုပ် နေတာက ရေမဆေး ကျောက်သမားတွေ မဟုတ်ကြပါဘူး။ ကျောက်စိမ်း ကုမ္ပဏီတွေထဲက အကြီးဆုံး ကုမ္ပဏီ ၃၀ ကို စိစစ်တဲ့ အခါမှာလည်း ပြည်တွင်း လုပ်ငန်းရှင်များ ပါဝင်နေသလို အမည်ခံ ကုမ္ပဏီတွေလည်း ပါဝင်နေပါတယ်။ အဲဒီမှာ တပ်မတော်က ပိုင်ဆိုင်တဲ့ ကုမ္ပဏီတောင်မှ အဆင့် ၂၃ ပဲ ရှိနေတယ်။ သူ့ထက်ကြီးတဲ့ ကုမ္ပဏီတွေချည်း ဖြစ်နေပါတယ်။ အခုပြောနေရတဲ့ ကိစ္စတွေမှာ ခေါင် (အစိုးရ) မလုံတဲ့ ကိစ္စတွေပဲ ပြောနေရပါတယ်။ အခုဆိုရင် ခေါင်မလုံတာကလည်း ပြောင်းတော့မှာဆိုတော့ ခေါင်အပြင် ကျွန်တော်တို့ အားလုံး တာဝန်ယူရမယ့် ကိစ္စတွေ ရှိနေပါတယ်” ဟု ဒေါက်တာဇော်ဦးက ပြောကြားသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ၂၀၁၂ ခုနှစ် မေ ၃၁ ရက်မှ စတင်၍ ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းများကို ရပ်နားထားခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ပြန်လည် လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ထို့ပြင် ကျောက်စိမ်း တူးဖော်ရာတွင် ယခင်ကအနက်ပေ ၂၀၀ မှ ၃၀၀ ခန့်သာ တူးဖော်ထုတ်လုပ်နိုင်ခဲ့ ကြသော်လည်း ကျောက်ကြော အခြေအနေအရ အနက်ပေ ၅၀၀ ခန့်မှ ပေ ၁၀၀၀ အထိ တူးဖော်ထုတ်လုပ် လာရသည်ဟု သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ဖြေကြားထားသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက် စာရင်းများအရ လုံးခင်း၊ ဖားကန့်ရတနာမြေတွင် တူးဖော်ရေးကုမ္ပဏီ ၆၂၇ ခုကို ပုဂ္ဂလိက လုပ်ကွက်ပေါင်း ၇၇၁၄ ကွက်နှင့် ကုမ္ပဏီ ၂၃၁ ခုကို အကျိုးတူ လုပ်ကွက် ၃၁၁ ကွက်၊ စုစုပေါင်း ဧရိယာ ၂၂၅၅၈ ဒသမ ၃၀ ဧက လုပ်ကိုင်ခွင့်ပြုထားကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ဖြေဆိုထားသည်။

ကျောက်မျက်ရတနာ လုပ်ကွက် လုပ်ကိုင်ခွင့်များကို နိုင်ငံခြားသားများကို လုပ်ကိုင်ခွင့် မပြုထားဘဲ တိုင်းရင်းသားပိုင်ကုမ္ပဏီ၊ အသင်းများနှင့် တိုင်းရင်းသား လုပ်ငန်းရှင်များကိုသာ ချထားပေးခြင်းဖြစ်ကြောင်း ဦးအောင်ညွန့်သိန်းက ဆက်လက် ဖြေကြားထားသည်။

လုံးခင်း၊ ဖားကန့်ရတနာနယ်မြေကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ္တုတွင်း ၀န်ကြီးဌာနမှ ၂၀၀၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၈၈/၂၀၀၁) ဖြင့် ထုတ်ပြန်သတ်မှတ်ပေးခဲ့ပြီး ဧရိယာ အကျယ်အ၀န်း ၁၇၅၂၀၆၄ ဧကရှိကြောင်း သိရသည်။

၁၉၉၅ ခုနှစ်တွင် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို ပြဋ္ဌာန်းပြီး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံသားပိုင် ကျောက်မျက်ကုမ္ပဏီများကို တူးဖော်လုပ်ကိုင် ရောင်းချခွင့်ပြုခဲ့ကာ ၁၉၉၅ ခုနှစ် မှစတင်၍ ပုဂ္ဂလိက လုပ်ကွက်များကို တူးဖော်ခွင့်ပြုခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံတော်နှင့် အကျိုးတူ တူးဖော်ထုတ်လုပ်မည့် ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

လုပ်ကိုင်ခွင့်ပြုရာတွင် သတ်မှတ်လုပ်ကွက်၊ ဖော်ထုတ်လုပ်ကွက်နှင့် နိုင်ငံတော်နှင့် အကျိုးတူလုပ်ကွက်ဟူ၍ သုံးမျိုးသတ်မှတ်ထားပြီး အဆိုပါ ကျောက်စိမ်းလုပ်ကွက်များကို ၀န်ကြီးဌာနပေါင်းစုံမှ တာဝန်ရှိသူများ အဖွဲ့ဝင်အဖြစ် ပါရှိသော ဦးစီးကော်မတီက လုပ်ကိုင်ခွင့်ပြုခြင်း ဖြစ်ကြောင်း၊ ဈေးပြိုင်စနစ်နှင့် အဆိုပြုလွှာ တင်သွင်းစေပြီး ဈေးအများဆုံး တင်သွင်းသူကိုသာ လုပ်ကိုင်ခွင့်ပြုခြင်းတွင် မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်းပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဦးအောင်ညွန့်သိန်းက ပြောကြားထားသည်။

ဒေသခံများ၏ တောင်းဆိုမှုနှင့် ပြောကြားချက်များအရ လက်ရှိအစိုးရသက်တမ်း ကုန်ခါနီးတွင် ဖားကန့်ဒေသ၌ အရှိန်အဟုန်ဖြင့် ကျောက်စိမ်းတူးနေခြင်းဖြစ်ပြီး ပြည်ထောင်စု အစိုးရအနေဖြင့် အရေးပေါ် တားမြစ်အရေးယူပေးရန် လိုအပ်နေကြောင်း သိရသည်။ ထိုသို့ အရှိန်မြှင့် တူးဖော်နေမှုများကို အရေးယူပေးရန် ပြည်သူများက တောင်းဆိုမှုများ ပြုလုပ်နေသော်လည်း လက်ရှိအချိန်အထိ ထိရောက်သည့် လုပ်ငန်းစဉ်များ လုပ်ဆောင်မှုနှင့် သတင်းထုတ်ပြန်မှုများ အားနည်းနေကြောင်း သိရသည်။

“ကျောက်စိမ်းကုမ္ပဏီတွေက ကျောက်စိမ်းကရတဲ့ ငွေကနေ အစိုးရကို ဘယ်လောက်ပေးနေလဲ ဆိုတာနဲ့ အစိုးရက ဘယ်လောက်ရနေလဲဆိုတာ ပေးတာနဲ့ ရတာကြားမှာ ဘယ်လောက်ကွာဟ နေလဲဆိုတာ စစ်နေတာ။ အကွာအဟတွေများလေ အလေအလွင့်တွေ ဖြစ်နေတယ်။ မသမာမှုတွေ ရှိနေတယ်ပေါ့။ ဒီကြားထဲမှာ အလေအလွင့်တွေ မသမာမှုတွေ နည်းနိုင်သမျှနည်းနိုင်အောင် ကျွန်တော်တို့ ကြိုးစားနေတယ်။ ကုမ္ပဏီပိုင်း ဆိုင်ရာမှာလည်း ဥပဒေအသစ် လုပ်နေပါတယ်။ ဒီဥပဒေသစ် ထွက်လာရင်တော့ ဒီလိုအမည်ခံ ကုမ္ပဏီတွေ ရပ်တည်မှုကို ပိုပြီးတော့ စိစစ်မှုတွေ လုပ်လာနိုင်မယ်။ ပြီးတော့ EITI ရဲ့ ရေရှည်သွားမယ့် လုပ်ငန်းစဉ်မှာ Beneficial Ownership ဆိုတဲ့ လုပ်ငန်းစဉ်လည်း ပါလာတာပေါ့။ အဲဒါက ဘာကို ပြောနေတာလဲဆိုရင် ကုမ္ပဏီတွေကို တရားဝင်ကုမ္ပဏီ အမည်ပေါက် ပိုင်ရှင်သာမကဘဲ နောက်ကွယ်က ရှိနေတဲ့ အစုရှယ်ယာရှင်ကိုပါ ဖော်ထုတ်ရမယ်ဆိုတဲ့ တာဝန်ကိုပါ ကျွန်တော်တို့ ယူတော့မှာ ဖြစ်ပါတယ်။ အဲဒီအခါကျရင် ပိုပြီးတော့ စနစ်တကျ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာဇော်ဦးက ဆက်လက် ပြောကြားသည်။

EITI တွင် အဖွဲ့ဝင်လောင်း နိုင်ငံအဆင့်မှ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ဖြစ်လာစေရန် တင်ပြရမည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ (EITI) နယ်ပယ်၌ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကို အခြေခံသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်း၏ အခွန်ဘဏ္ဍာငွေ ၁၀၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ ၁၃ ခု၊ ကျောက်မျက် ရတနာပြပွဲ၏ အခွန်ဘဏ္ဍာငွေ ၆၇ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ကျောက်မျက်ရတနာ ကုမ္ပဏီ ၃၀ နှင့် သတ္တုကဏ္ဍ၏ အခွန်ဘဏ္ဍာငွေ ရာခိုင်နှုန်း ၅၀ ကို ကိုယ်စားပြုသည့် ကုမ္ပဏီ ၁၁ ခုတို့ ပါဝင်ကြောင်း သိရသည်။


မြန်မာနိုင်ငံမှ ကျောက်စိမ်း ထုတ်လုပ်ရာတွင် ၂၀၁၄ ခုနှစ် တစ်နှစ်တည်း၌ပင် တရုတ်သို့ တင်ပို့ခဲ့သည့်ပမာဏ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံရှိကြောင်း Global Witness အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ မြန်မာကျောက်စိမ်း ကဏ္ဍမှတစ်ဆင့် အမြတ်ထုတ်နေသူများတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ မိသားစုနှင့် မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန၀န်ကြီး၊ ကချင်ပြည်နယ် တိုင်းမှူးဟောင်း ဦးအုန်းမြင့်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အထွေထွေ အတွင်းရေးမှူးဟောင်း၊ ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်သိမ်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ ဗိုလ်မှူးချုပ်ဟောင်း ဦးဘုန်းဆွေ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ဟောင်းနှင့် ကာကွယ်ရေးပစ္စည်း ဌာန၏ ညွှန်ကြားရေးမှူးဟောင်းဖြစ်သူ ဦးဝင်းသန်းတို့ ဖြစ်ကြောင်း Global Witness အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် တပ်မတော်သည် ၎င်း၏ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း တို့မှတစ်ဆင့် ကျောက်စိမ်းကဏ္ဍတွင် တရားဝင်လုပ်ပိုင်ခွင့် ချုပ်ကိုင်ထားသည်ဟု Global Witness အစီရင်ခံစာ အနှစ်ချုပ်၌ ဖော်ပြခဲ့သည်။

ကျောက်စိမ်းလုပ်ငန်းတွင် ခရိုနီကုမ္ပဏီများ ပါဝင်ပတ်သက်မှုကို ၎င်းတို့၏ အစီရင်ခံစာ အပြည့်အစုံ၌ ရေးသားခဲ့သည်။

ကျောက်စိမ်းထွက်ရှိမှုမှ အမြတ်ထုတ်ခဲ့သူများအနက် မူးယစ်ရာဇာများ ပါဝင်နေမှုကို ဖော်ပြရာ၌ အမေရိကန် အစိုးရက ဒေါ်လာနှစ်သန်း ဆုကြေးထုတ်ထားသော မူးယစ်ရာဇာ ဝေဆူးကျန် (ဝေရှောက်ခမ်) ကို အဓိကထား ဖော်ပြခဲ့သည်။

ဝေဆူးကျန်ကို ဖော်ပြရာ၌ ၎င်းသည် “၀” သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကို ဘဏ္ဍာရေး ထောက်ပံ့နေသူဖြစ်ပြီး မြန်မာ့ကျောက်စိမ်း လုပ်ငန်း၌ လွှမ်းမိုးထားသည့် ကုမ္ပဏီလုပ်ငန်းစု တစ်ခုကို ထိန်းချုပ်ထားသူ ဖြစ်သည်ကို ခိုင်လုံသော အထောက်အထားများ ရှိသည်ဟု Global Witness အစီရင်ခံစာ အနှစ်ချုပ်တွင် ဖော်ပြခဲ့သည်။

“ဝေဆူးကျန် ဦးစီးသော ကုမ္ပဏီများနှင့် အခြား UWSA/P အဆက်အနွှယ် ပုဂ္ဂိုလ်များသည် ၁၉၉၀ ခုနှစ်များ ကတည်းက ကျောက်စိမ်း လုပ်ငန်းတွင် နာမည်ကြီး လုပ်ငန်းရှင်များ ဖြစ်ကြပါသည်။ အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုကြောင့် ၂၀၀၀ ပြည့်နှစ် အလယ်ပိုင်းတွင် အခြေအနေ အပြောင်းအလဲတချို့ ဖြစ်စေခဲ့သော်လည်း ယခုအချိန်တွင် ဝေဆူးကျန်၏ ကျောက်စိမ်း လုပ်ငန်းအတွက် လျှို့ဝှက်လုပ်ဆောင် ပေးနေသော ကုမ္ပဏီငါးခုရှိကြောင်း ကျွန်ုပ်တို့ ယုံကြည်ထားပြီး Global Witness ၏ စုံစမ်းမှုများအရ အတည်ပြုနိုင်ခဲ့သည်။ ၎င်းကုမ္ပဏီများက ၂၀၁၃ နှင့် ၂၀၁၄ ခုနစ်အစိုးရ ကျောက်မျက်ရတနာ အရောင်းပြပွဲများတွင် အခွန်မဆောင်မီ တန်ဖိုး ဒေါ်လာသန်း ၁၀၀ ရောင်းချခဲ့ကြောင်း မှတ်တမ်းရှိခဲ့ပါသည်” ဟု Global Witness ၏ အစီရင်ခံစာ အနှစ်ချုပ်၌ ရေးသားခဲ့သည်။

ထိုသို့ Global Witness အစီရင်ခံစာတွင် ဖော်ပြထားသည့် ဦးသန်းရွှေမိသားစု၊ ခရိုနီကုမ္ပဏီများ၊ မူးယစ်ရာဇာများ စသည့် လုပ်ငန်းအုပ်စုများက Global Witness အစီရင်ခံစာကို တုံ့ပြန်မှုမရှိဘဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အထွေထွေ အတွင်းရေးမှူးဟောင်း၊ ဗိုလ်ချုပ်ကြီး ဦးမောင်မောင်သိမ်းက ပထမဦးဆုံး အနေနှင့် Global Witness အစီရင်ခံစာ ဖော်ပြချက်များနှင့် မသက်ဆိုင်ကြောင်း သတင်းစာ ရှင်းလင်းမှု ပြုလုပ်ထားသည်။

Writer: 

posted from Bloggeroid

No comments:

Post a Comment